သိနေရုံနဲ့ မပြီးသေးပါ



        ဒီနေ့ ကျွန်တော့်ကို အကြံဉာဏ်တစ်ခု တောင်းလာပါတယ်။ အဓိက အကြောင်းအရာကတော့ လူငယ်တွေကို ပြောင်းလဲ တိုးတက်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာပါ။ စာပေဟောပြောပွဲတွေ မှာ စာရေးဆရာတွေက အားရပါးရ ဟောပြောကြ၊ ပရိတ်သတ်ကလည်း အားပါးတရ နားထောင်ကြ စိတ်ဓါတ်တွေ တက်ကြွနေကြပေမယ့် နောက်နေ့လည်းကျတော့ ဒုံရင်းက ဒုံရင်းပဲ လို့ပြောလာပါတယ်။ လူငယ်တွေရဲ့ အတွေးအမြင်တွေကို ပြောင်းလဲနိုင်အောင် ဘယ်လိုလုပ်သင့်လဲ လို့ ကျွန်တော့်ရဲ့ အမြင်ကို မေးလာပါတယ်။ အင်မတန် ကောင်းမွန်တဲ့ မေးခွန်းပါ။ ဒီကိစ္စကို ကျွန်တော်ကိုယ်တိုင်လည်း တွေ့ကြုံ နေရပါတယ်။ ကျွန်တော် နေ့စဉ်နဲ့ အမျှ လူငယ်တွေအတွက် အတတ်နိုင်ဆုံး ပြောပြတယ်၊ စာသင်ရင်းနဲ့ ပြောတယ်၊ စာရေးပြီးတော့ ပြောတယ်၊ ဟောပြောပွဲတွေမှာ ပြောတယ်။ ခေါင်းစဉ်အမျိုးမျိုး အကြောင်းအရာ အမျိုးမျိုး၊ ဥပမာ အမျိုးမျိုးနဲ့ အလျင်းသင့်သလို နေ့စဉ်နေ့တိုင်း ပြောဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ ဘယ်လောက် ပြောင်းလဲလာသလဲ … ?
          ကိစ္စတစ်ခုကို နှင့် ပတ်သက်လာရင် … “သိ၊ ရှိ၊ နားလည်၊ လက်ခံ၊ လိုက်နာ၊ ကျင့်သုံး” ဆိုတဲ့ အစီအစဉ်ဟာ အင်မတန် အရေးကြီးပါတယ်။ “မရှိတာထက် မသိတာခက်တယ်၊ မသိတာထက် မလုပ်တာက ခက်တယ်” ဆိုတဲ့ စကားလည်း ရှိပါတယ်။ အကြောင်းအရာတစ်ခုကို သိလည်းသိပါတယ်၊ အဲဒီကိစ္စနဲ့ ပတ်သက်တဲ့ ဗဟုသုတလည်း ရှိပါတယ်၊ နားလည်း နားလည်သွားပြီ၊ ဒီလိုလုပ်သင့်တယ်လို့လည်း လက်ခံတယ်။ ဒါပေမယ့် “လိုက်နာ၊ ကျင့်သုံး” ဖို့က အထူးအရေးကြီးပါတယ်။ ဘယ်ကိစ္စမဆို သိနေရုံနဲ့ ရပ်ထားလို့ မရပါ။ တကယ်လိုက်နာ ကျင့်သုံးနိုင်ဖို့ လိုအပ်ပါတယ်။ ဥပမာ ရေကူးတတ်ချင်တယ် ဆိုရင် ရေးကူးနည်းကို သိရပါမယ်။ ရေကူးနည်းကို သိသွားရင်လည်း သိနေရုံလောက်နဲ့ ရေထဲဆင်းသွားရင် ရေနစ်မှာ သေချာပါတယ်။ အကြိမ်ပေါင်းများစွာ လေ့ကျင့်ပြီးမှာသာ သူဟာ တကယ်ရေကူးတတ်မှာပါ။ ဒါကြောင့် ကျွန်တော် ရေးတဲ့စာတွေရဲ့ နောက်ဆုံးမှာ “ရတဲ့အသိကို လက်တွေ့ အသုံးချနိုင်ပါစေ … ” လို့ ထည့်ရေးလေ့ရှိတာ သိကြမှာပါ။
          ကျွန်တော်တို့ လူငယ်တွေဟာ ၄၅-နှစ်ကျော် ပုံစံမကျတဲ့ စနစ်တစ်ခုမှာ ကြီးပြင်းလာကြရတဲ့ အတွက် အသိတရား အင်မတန်နည်းပါး ကြပါတယ်။ ဆိုလိုတာက အသက်-၂၀ ဆိုရင် အသက်-၂၀ နဲ့ ထိုက်တန်တဲ့ အသိမရှိကြပါဘူး။ (အားလုံးကို မဆိုလိုပါ၊ ဒါပေမယ့် ကျွန်တော့် ပုဂ္ဂလိက အမြင်အရတော့ အဲဒီလိုမျိုး ၇၀ % လောက်အထိ ရှိမယ်လို့ ထင်ပါတယ်။) အသိတစ်ခု ရရှိလာပြန်ရင်လည်း အဲဒီအသိဟာ ဘဝကို ပြောင်းလဲပေးနိုင်တဲ့အထိ မရင့်သန်ကြသေးပါဘူး။ အဲဒီလို အသိနည်းပါးတဲ့အခါ၊ အသိဉာဏ် မရင့်သန်သေးတဲ့အခါ တော်ရုံတန်ရုံ ပြောပြလိုက်လို့ ပြောင်းလဲသွားဖို့ ဆိုတာ မလွယ်လှပါဘူး၊ အချိန်တစ်ခုကို စိတ်ရှည်လက်ရှည်နဲ့ စောင့်ရပါလိမ့်မယ်။ ဥပမာ - မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး တရားဟောကြားတဲ့အခါ တရားပွဲမှာ ရှိနေတဲ့သူတွေ အားလုံး တစ်ပြိုင်နက်တည်း ကျွတ်တမ်းမဝင်ကြပါဘူး။ ဘာကြောင့်ပါလဲ … ? တရားနာ ပရိတ်သတ်တွေရဲ့ ပါရမီဓါတ်ခံတွေ ကွာခြားလို့ပါ။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် ဟောကြားပြသ တာတောင်မှ အားလုံးကျွတ်တမ်းမဝင်ဘူး ဆိုရင် ကျွန်တော်တို့လို သာမာန် ပုထုဇဉ်တွေ ပြောကြား လမ်းညွှန်တာနဲ့ ချက်ချင်း ပြောင်းလဲသွားကြဖို့ဆိုတာ သိပ်တော့ မလွယ်လှပါဘူး။ နောက်တစ်ခုက မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ်တိုင် သဗ္ဗုညုတ ရွှေဉာဏ်တော်ကို ရဖို့အတွက် ၄ သင်္ချေနဲ့ ကမ္ဘာ ၁-သိန်း တိုင်အောင် ပါရမီတော်တွေ ဖြည့်ကျင့်ခဲ့ရပါတယ်။
          နောက်တစ်ခုက ရေနွေးတစ်အိုးတည်တယ် ဆိုကြပါစို့ ရေဟာ ၁၀၀ ဒီဂရီစင်တီဂရိတ်မှာ ဆူပါတယ်၊ အဲဒီ အမှတ်ကို မရောက်မချင်း အပူပေးနေဖို့ လိုပါတယ်။ ဥပမာ - ရေ ၁၀-လီတာကို ဆူဖို့အတွက် ထင်း-၁၀ ချောင်းနဲ့ ၁-နာရီ တည်ရမယ် ဆိုကြပါစို့၊ အဲဒီ ၁-နာရီပြည့်အောင် မတည်ရင်လည်း ဆူမှာမဟုတ်ပါဘူး၊ ဒါအပြင် ၁-နာရီပြည့်အောင်တော့ တည်ပါတယ်၊ တည်နေရင်းနဲ့ မီးအရှိန်ကျ သွားရင်လည်း ဆူရမယ့်အချိန်ဟာ ၁-နာရီထက် ပိုကြာသွားပါလိမ့်မယ်။ အဲဒီလိုပဲ လူတစ်ယောက် ပြောင်းလဲဖို့ အတွက် စိတ်ဓါတ်ခွန်အား၊ ရုပ်ခွန်အား စတာတွေ ဘယ်လောက်အထိ ပေးဖို့လိုအပ်သလဲ၊ တစ်ယောက်နဲ့ တစ်ယောက်က တူကြမှာ မဟုတ်ပါဘူး။ အဲဒီအတိုင်းအတာ ရောက်တဲ့အထိ ကျွန်တော်တို့ ဖြည့်ပေးမဲ့ သူတွေက မရပ်မနား ဖြည့်ပေးနေရမှာပါ။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက တော့ သဗ္ဗုညုတ ရွှေဉာဏ်တော်နဲ့ ဆင်ခြင်ပြီး ကျွတ်တမ်းဝင်ချိန် ရောက်တဲ့ လူတွေ၊ သတ္တဝါတွေကို တရားဟောကြားပေးတာကို တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့ သာမာန်ပုထုဇဉ်တွေ ကတော့ အဲဒီလို မသိနိုင်တဲ့အခါ၊ ရေဆူမှတ်လိုလည်း အတိအကျ မရှိတဲ့အခါ စိတ်ဓါတ်ခွန်အားကို လူငယ်တွေ ပြောင်းလဲ တိုးတက်လာတဲ့အထိ အမြဲမပြတ် အတတ်နိုင်ဆုံး ဖြည့်ပေးနေရမှာပါ။
          ဒီနေရာမှာ လမ်းညွှန်ပြသ ပေးတဲ့သူတွေက တစ်ခုကိုလည်း သတိထားရပါမယ်၊ အဲဒီလို ပြောဖို့အတွက် ကိုယ်ကိုယ်တိုင်က ကျင့်သုံးနေဖို့ နံပါတ်-၁ အရေးကြီးပါတယ်။ ကိုယ်ကိုယ်တိုင်ကတော့ မလုပ်နိုင်သေးဘူး၊ မင်းတို့တော့လုပ်ကြကွာ။ “ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့” ဆိုတဲ့ ပုံစံမျိုးနဲ့တော့ မဖြစ်ပါဘူး။ ကျွန်တော်ကြားဖူးတဲ့ အကြောင်းအရာ တစ်ခုကို ပြောပြချင်ပါတယ်။ တစ်ခါတုန်းက ဆရာကြီး တစ်ယောက် ဆီကို အမျိုးသမီးတစ်ယောက်က ကလေးလေးတစ်ယောက် လက်ဆွဲပြီး ရောက်လာပါတယ်။ ပြီးတော့ သူ့သားလေးက အချိုတွေစားလို့ သွားတွေကိုက်နေတယ်၊ အချိုတွေ အများကြီး မစားဖို့ ပြောပေးပါလို့ ဆရာကြီးကို ပြောပါတယ်။ အဲဒီအခါ ဆရာကြီးက နောက်တစ်လနေမှ ပြန်လာခဲ့ပါလို့ မှာလိုက် ပါတယ်။ နောက်တစ်လနေတော့ အဲဒီအမျိုးသမီးနဲ့ ကလေးလေး နောက်တစ်ခေါက် ပြန်လာကြ ပါတယ်။ အဲဒီတော့မှ ဆရာကြီးက အချိုတွေ မစားနဲ့ သွားကိုက်လိမ့်မယ် လို့ ဆုံးမပါတယ်။ အဲဒီတော့ ပြီးခဲ့တဲ့လကတည်းက ပြောလိုက်ရင် ရရဲ့သားနဲ့ ဘာဖြစ်လို့ နောက်တစ်လ ထပ်ချိန်းရတာလဲ လို့ အမျိုးသမီးက ဆရာကြီးကို မေးပါတယ်။ ဆရာကြီးက ပြီးခဲ့တဲ့လက သူကိုယ်တိုင် အချိုတွေစားလို့ တစ်လအတွင်း သူကိုယ်တိုင် အချိုဖြတ်ပြီးမှ ဆုံးမတာပါ လို့ ဖြေပါတယ်။ ဘယ်လောက် အတုယူဖို့ ကောင်းတဲ့ ဥပမာလေးပါလဲ။
          လမ်းညွှန်ပြသ ပြောကြားပေးကြတဲ့သူတွေ အနေနဲ့ နောက်တစ်ချက်ကိုလည်း သတိထားဖို့လည်း လိုပါသေးတယ်။ အဲဒါက လက်ခံနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်အောင် မဖြည့်ပေးကြဖို့ပါ။ “တန်ဆေး၊ လွန်ဘေး” ဆိုတဲ့ စကားလည်း ရှိပါတယ်။ ဥပမာ- ကြေးအိုး ကိုအလွန်ကြိုက်တယ် ဆိုတဲ့ လူတစ်ယောက်ကို တစ်ထိုင်တည်းနဲ့ ၂-ပွဲ၊ ၃-ပွဲ ကျွေးလို့ မစားနိုင်ပါဘူး။ ဆက်ကျွေးရင် ဘယ်လောက်ပဲ ကြိုက်ကြိုက်၊ ဘယ်လောက်ပဲ ကောင်းကောင်း သူက ဆက်မစားနိုင်တော့ပါဘူး၊ အန်ထွက်သွားပါလိမ့်မယ်။ ထို့အတူပါပဲ ဘယ်လောက် ကောင်းတယ်ဆိုတဲ့ အသိတွေ၊ စိတ်ဓါတ် ခွန်အားတွေ ဖြည့်ပေးပေမယ့် သူက ဘယ်လောက် အတိုင်းအတာအထိ လက်ခံနိုင်တယ် ဆိုတာကို သတိပြုပြီး လိုအပ်သလို၊ လိုအပ်သလောက် ချိန်ဆပြီး ဖြည့်ပေးကြဖို့ လိုပါတယ်။
          ၁၀၀ ဒီဂရီစင်တီဂရိတ် ရောက်မှ ရေဆူသလို၊ ကျွတ်တမ်းဝင်ချိန် ရောက်မှ ကျွတ်တမ်း ဝင်ကြသလို ပြောင်းလဲချိန်တန်မှ ပြောင်းလဲကြမှာ ပါတယ်။ အဲဒီတော့၊ လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ ဘဝတစ်ခု ပြောင်းလဲတိုးတက်ဖို့ ဆိုရင် သူတို့ကိုယ်တိုင် သိ၊ ရှိ၊ နားလည်၊ လက်ခံ ပြီး ကိုယ်တိုင် လိုက်နာ ကျင့်သုံး လာတဲ့အထိ၊ လိုက်နာကျင့်သုံးပြီး ပြောင်းလဲ တိုးတက် အောင်မြင်လာတဲ့အထိ စိတ်ရှည် လက်ရှည်နဲ့ အချိန်ယူပြီး လိုအပ်တဲ့အချိန်မှာ လိုအပ်သလောက် စိတ်ဓါတ်ခွန်အား၊ ရုပ်ခွန်အားတွေ ဖြည့်တင်းပေးကြဖို့ လိုအပ်ပါတယ်။

“ရတဲ့အသိကို လက်တွေ့ အသုံးချနိုင်ကြပါစေ …”

အောင်ကိုဦး(UMK)
Be the Best !



Share on Google Plus

About Aung Ko Oo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment