ရာထူးဝင်ခွင့် စာမေးပွဲ ဆိုတာ



ခေါင်းစဉ်ကို ကြည့်ပြီး ရာထူးဝင်ခွင့်စာမေးပွဲ အကြောင်းသိကောင်းစရာ တွေ ရေးမယ်လို့တော့ မထင်လိုက်ပါနဲ့ တကယ်တော့ မဟုတ်ပါဘူး။ ရာထူးဝင်ခွင့်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တစ်ချို့ကို ပြောချင်လို့ပါ။ စာရေးသူက အင်္ဂလိပ်ဘာသာစကား သင်တဲ့သူဆိုတော့ ရာထူးဝင်ခွင့်စာမေးပွဲ နဲ့ ပတ်သက်လာတာ မဆန်းပါဘူး။ လွန်ခဲ့တဲ့ ၃ နှစ် ပတ်ဝန်းကျင်လောက်က ရာထူးဝင်ခွင့်စာမေးပွဲ အတွက် အင်္ဂလိပ်စာ သင်ခဲ့ဖူးပါတယ်။ ခုနောက်ပိုင်း မသင်ဖြစ်တာ တော်တော် ကြပါပြီ၊ တစ်ချို့သော သင်တန်းစုံးစမ်းကြတဲ့ သူတွေ က ဘာသာစကား သင်တန်းအပြင် ရာထူးဝင်ခွင့်  စာမေးပွဲ အတွက် ဆရာ မသင်ဘူးလား လို့ မေးကြပါတယ်။ ကျွန်တော်က အရင်တုန်းကတော့ သင်ပါတယ်၊ ခုတော့ မသင်တော့ဘူး လို့ ဖြေပါတယ်။ တစ်ချို့သော သူတွေက ကျွန်တော် ဘာလို့ ရာထူးဝင်ခွင့် မသင်တော့တာလဲ ဆိုတာ သိချင်ကြပါတယ်။ ဘာဖြစ်လို့ မသင်တော့တာလဲ ဆိုတော့ ……
ရာထူးဝင်ခွင့်စာမေးပွဲ ဆိုတာ အရာရှိဖြစ်ချင်သူများ အတွက် မဖြစ်မနေ ကျော်ဖြတ်ရမယ့် တံခါးပေါက် တစ်ခုပါ၊ ဒါပေမယ့် လစ်လပ်တဲ့ ရာထူးနေရာ လိုအပ်ချက် နဲ့ လျှောက်ထားသူ အရေအတွက် အချိုးအစား မမျှတလှတဲ့ အတွက် ရပ်ကွက်ထဲက ၁၅၀၀ တန်ဖုန်း မဲဖောက်သလို အဂတိတရား နဲ့ မကင်းတာတွေ၊ မကျေနပ်မှုတွေ၊ ပေါက်ကွဲ သံစဉ်တွေ တွေ့လာနေရပါတယ်။ အဆိုပါ တံခါးပေါက်ကို ဖြတ်သန်းခွင့် ပြုတဲ့အခါမှာ သတ်မှတ်တဲ့ အရည်အချင်းတွေ ပြည့်စုံပေမယ့် ငယ်ငယ်တုန်းက သင်ကရတဲ့ တံခါးမှူးသင်ခန်းစာလို အဂတိတရားနဲ့ မကင်းတာမျိုး တွေ့ကြုံရရင် တကယ် အရည်အချင်းရှိသူတွေ အတွက် နစ်နာလှပါတယ်။ ဒါထက်ဆိုးတာက အရည်အချင်းရှိတဲ့ သူတွေအတွက် ယုံကြည်မှုကို ရိုက်ချိုးလိုက် ရာလည်း ရောက်ပါတယ်။
ဒါ့အပြင် ကျောင်းပြီးလို့ ဘွဲ့တစ်ခု ရသွားတဲ့အခါ ကျွန်တော်တို့ နိုင်ငံမှာ ဘယ်တက္ကသိုလ်မှ ကျောင်းပြီးသည် ဖြစ်စေ ဘယ်ဘွဲ့လက်မှတ်ကမှ အာမခံချက် ရမထားပါဘူး။ ရန်ကုန်ဆေးတက္ကသိုလ်က ကျောင်းပြီးတာကြောင့် ချက်ချင်း အလုပ်ရသွားတာမျိုး၊ လုပ်ငန်းရှင်တွေက ဘွဲ့နှင်းသဘင် မှာ လာစောင့်ပြီး ချက်ချင်း လုပ်ငန်းအတွက် လာရောက် ကမ်းလှမ်းတာမျိုး မရှိပါဘူး။ သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာ တက္ကသိုလ်များ၊ ပညာရေး ဝန်ကြီးဌာန လက်အောက်ရှိ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်များ စတဲ့ တက္ကသိုလ် အသီးသီး က ကျောင်းပြီးလို့ ဘွဲ့ရကြတဲ့ သူတွေ အားလုံးကလည်း ဒီအတိုင်းပါပဲ။ ဘယ်တက္ကသိုလ်က ဘွဲ့ရတာကြောင့် ဦးစားပေးတယ် ဆိုတဲ့ Graduation grade ကွဲပြားခြားနားမှု မရှိပါဘူး၊ မြန်မာပြည် မြောက်ဖျား က မြစ်ကြီးနားတက္ကသိုလ် ကနေ တောင်ဖက်စွန်း မြိတ်တက္ကသိုလ် အထိ မြန်ပြည်ရဲ့ ဘယ်တက္ကသိုလ်ကပဲ ဘွဲ့ရသည် ဖြစ်စေ Graduation grade ကတော့ အတူတူပါပဲ။ အဲဒီလိုမျိုး ပညာရေးကို တန်းတူညီမျှ အခွင့်အရေး ရထားတာ စာရေးသူတို့ တစ်နိုင်ငံပဲ ရှိမယ်ထင်ပါတယ်။
အဲဒီလိုနဲ့ ကျောင်းပြီးသွားတဲ့အခါ အဆင်ပြေရာ အလုပ်တစ်ခုမှာ ခိုနားရင်း ငယ်စဉ်က မက်ခဲ့တဲ့ အိမ်မက်တွေက ဝိုးတဝါးနဲ့ လက်ရှိအလုပ်မှာပဲ အဆင်ပြေသလို ခရီးဆက်ရင်း ဘဝခရီးကို ဆက်လှမ်း ကြတာပါပဲ။ အဲဒီလို လှုပ်ရှားနေကြရင်း သက်ဆိုင်ရာ ဌာနတွေက ဝန်ထမ်းလိုအပ်ချက် ရှိလို့ ခေါ်ယူတဲ့အခါ ဘွဲ့ရလူငယ်တွေ အတွက် အခွင့်အရေးတစ်ခုပေါ့၊ ဒီနေရာမှာ စာရေးသူထင်တယ်၊ တစ်ချို့လည်း သိပ်စိတ်မဝင်စားကြပါဘူး၊ မိဘတွေက ဖြေခိုင်းလို့ ဖြေဖို့ စဉ်းစားကြတဲ့သူတွေကလည်း အများသား၊ တစ်ချို့ကတော့ ကိုယ်တိုင် စိတ်ဝင်စားရင် စိတ်ဝင်စားကြမှာပါ။ ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ မိဘကပဲ ဖြစ်ဖြစ် စိတ်ဝင်စားတယ်ဆိုတဲ့ နေရာမှာလည်း အဲဒီအလုပ်ကို တကယ်လုပ်ချင်တာထက် ပတ်ဝန်းကျင်မှာ ဂုဏ်ရှိလို့၊ အဲဒီဌာနက ခွင်ကောင်းလို့ စတဲ့ အကြောင်းအရာတွေလည်း ပါမယ်ထင်ပါတယ်။
ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ရာထူးဝင်ခွင့်စာမေးပွဲ ဖြေတော့မယ်ဆိုရင် အများစုကတော့ ထုံးစံအတိုင်း ကျူရှင်တက်ကြတာပါပဲ။ ရာထူးဝင်ခွင့်စာမေးပွဲ အတွက် သင်ရိုးဆိုတာ တကယ်တမ်းတော့ မေးခွန်းပုံစံကို သင်တာပါပဲ။ ဘယ်ကျူရှင်ကမှ မေးခွန်းကို အတိအကျ မသိပါဘူး။ မေးခွန်းပုံစံမှာ ပါတဲ့ Read the passage လို့ကျောင်းသားတွေ ခေါ်ကြတဲ့ Comprehension ကတော့ ရမ်းတုတ်လို့ ရနိုင်သေး ပေမယ့် Grammar, Translation,  Essay တွေက ရမ်းတုတ်လို့မှ မရပဲ။ မေးခွန်းတွေက Skills ပိုင်းကို မေးတာဆိုတော့ တကယ် မသိဘဲ ဖြေဖို့ တကယ်ခက်ပါတယ်။ နောက်တစ်ချက်က မေးခွန်းတွေကို ပြန်စစ်တဲ့အခါ တိုက်စစ် လုပ်တာမျိုးနဲ့ ကြုံရင် ဖြေဆိုသူတွေ အတွက် နစ်နာလှပါတယ်။ တိုက်စစ် ဆိုတာ စာစစ်သူက လက်ထဲမှာ ရှိတဲ့ အဖြေတစ်မျိုးတည်း ကိုပဲ မူသေယူပြီး၊ တိုက်ပြီးတော့ စစ်တာပါ၊ လက်ထဲက အဖြေနဲ့ မတူရင် အမှတ်မရပါဘူး။
အထက်မှာ ပြောခဲ့သလိုပဲ တစ်ချို့သော စာမေးပွဲဖြေမယ့်သူတွေက စာနဲ့လည်း တော်တော် အလှမ်းဝေးနေကြပါပြီ၊ စာမေးပွဲဖြေမယ်ဆိုတော့မှ ကျူရှင်ပြေးတက်၊ တစ်ချို့ချို့သော ကျူရှင်တွေကလည်း တစ်နှစ်ကို ဘယ်နှစ်ယောက်အောင်တာ စသည်ဖြင့် ကြေငြာကြတော့ မျှော်လင့်ချက်တွေ ကိုယ်စီနဲ့ပေါ့၊ တကယ်က သင်တန်း ၁-လ၊ ၂-လ တက်ရုံနဲ့ ကိုယ်တကယ် ဖြေနိုင်လား/ မဖြေနိုင်လားဆိုတာ ကိုယ့်အခြေအနေ ကိုယ်သိပါတယ်။ ကျူရှင်ဆရာတွေ အာဝဇ္ဇန်း ကောင်းကောင်းနဲ့ ဘယ်လို အောင်ချက် ကောင်းတယ်ပြောပြော၊ တကယ်က ကိုယ်နဲ့ပဲ ဆိုင်ပါတယ်၊ ကိုယ်ဘယ်လောက် အခြေခံရှိလဲ၊ ကိုယ်ဘယ်လောက် တတ်လဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး တရားဟောတာ တောင်မှ ဟောတာ ဒီတရားတစ်မျိုးပဲ၊ အဲဒီတရားကို နာတဲ့ တရားနာပရိတ်သတ် အားလုံး သောတာပန် ဖြစ်သွားတာမှ မဟုတ်ပဲ၊ သူတို့ ဖြည့်ကျင့်ခဲ့တဲ့ ပါရမီ၊ ကုသိုလ် တွေ အပေါ်မူတည်ပြီး တရားရတဲ့ ပုံစံခြင်း တူတာမှ မဟုတ်တော့၊ ကျွန်တော်တို့လို ပုထုဇဉ် ဆရာတွေက သင်တဲ့အခါ ကျောင်းသား အားလုံးတတ်မြောက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ပုံမှန်လုပ်ရိုး လုပ်စဉ် ကိစ္စတွေမှာ တော့ ကိုယ်တကယ် တော်ရင်၊ တကယ်တတ်ရင် လုံလောက်ပါပြီ။ ဒါပေမယ့် ရာထူးဝင်ခွင့် စာမေးပွဲတွေမှာ တော့ ကိုယ်တော်ရုံ၊ တတ်နေရုံလောက်နဲ့ မလုံလောက်သေးဖူးလို့ ထင်ပါတယ်။ သက်ဆိုင်ရာ ရွေးချယ်ခွင့်ရှိ သူတွေ ရဲ့ သဘောထားနဲ့လည်း သက်ဆိုင်ပါတယ်။

အဲဒီတော့ ရာထူးဝင်ခွင့်ဖြေချင်တယ် ဆိုရင်တော့ ကိုယ့်ဖက်ကို ကိုယ်က  အတတ်နိုင်ဆုံးသေချာ အောင်ပြင်ဆင်ထားစေချင်ပါတယ်။ လပ်လစ်နေရာနဲ့ လျှောက်ထားသူရဲ့ အချိုးက အင်မတန်ကွာနေတော့ ရာခိုင်နှုန်း တော်တော်တော့ နည်းပါးပါတယ်၊ အဲဒီကြားထဲမှာ ရွေးချယ်သူတွေရဲ့ ကဏ္ဍကလည်း အထူးအရေးပါ နေတော့ ရာထူးဝင်ခွင့်စာမေးပွဲဆိုတာ ရပ်ကွက်ထဲက ၁၅၀၀ တန်ဖုန်း မဲနှိုက်သလိုပါပဲဗျာ …

အောင်ကိုဦး(UMK)
Be the Best !
Share on Google Plus

About Aung Ko Oo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment