ကိုယ်စီ .. ကိုယ်ငှ … အလုပ်လုပ်နိုင်ကြပါစေ …


လူသားတွေရဲ့ ဘဝဟာ အလုပ်နဲ့ တည်ဆောက်ထားတာပါ။ နေ့စဉ်နဲ့အမျှ လူသားတွေဟာ ကိုယ့်ရဲ့ ရှင်သန်ရာ အသက်မွေးဝမ်းကြောင်းအလိုက် အလုပ်ကိုယ်စီလုပ်ကိုင် နေကြရပါတယ်။ ဆိုက္ကားဆရာက ဆိုက္ကားနင်းမယ်၊ ကျောင်းဆရာက စာသင်မယ်၊ ပန်းချီဆရာက ပန်းချီဆွဲမယ်၊ စာရေးဆရာ က စာရေးမယ်၊ အဆိုတော်တွေက သီချင်းဆိုမယ်၊ သရုပ်ဆောင်တွေက သရုပ်ဆောင်မယ်၊ ဒီလိုပဲ လောကကြီးမှာ ကိုယ့်အလုပ်နဲ့ကိုယ် ကိုယ်စီကိုယ်ငှ ဖြတ်သန်းနေကြရတာပါ။ ဆိုက္ကသမားမှာလည်း သူ့ ဖောက်သည်နဲ့သူ၊ ကျောင်းဆရာ မှာလည်း သူ့ကျောင်းသားနဲ့သူ၊ ပန်းချီဆရာ … စာရေးဆရာ … အဆိုတော် … သရုပ်ဆောင်တွေ မှာလည်း သူ့ပရိတ်သတ်နဲ့ သူရှိကြပါတယ် … ။ တနည်းအားဖြင့် ပြောရင် အသက်မွေးဝမ်းကြောင်းတိုင်းမှာ Customer တွေ ကိုယ်စီရှိကြပါတယ်။ ကိုယ့်ရဲ့ Customer ကို ကိုယ်က အကောင်းဆုံးဝန်ဆောင်မှု ပေးကြရမှာပါ။ အလုပ်တစ်ခုမလုပ်ခင် စိတ်ကူး ဆိုတာရှိပါတယ် … ၊ စိတ်ကူးကနေပြီးတော့ အပြောဆိုတာ ဖြစ်လာပါတယ် … ။ တစ်ခါတစ်လေမှာ လူသားတွေဟာ စိတ်ကူးလောက်နဲ့ အပြောလောက်နဲ့တင် ရပ်တန့်နေကြပြီး လက်တွေ့ပိုင်းမှာတော့ အားနည်း သွားတတ်တာတွေ တွေ့ရပါတယ်။
အပြောသက်သက်နဲ့ လက်တွေ့မပါတဲ့သူတွေကို စာရေးသူတို့ မြန်မာလူမျိုးတွေက အဆံမပါတဲ့ သင်္ကြန်အမြှောက်လို့ တင်စားကြပါတယ်။  ကိုယ့်ကစပြီး ကိုယ့်ပတ်ဝန်းကျင်မှာ အပြောသာရှိပြီး လက်တွေ့မရှိတဲ့သူတွေ ဘယ်လောက်များနေပြီလဲ … စာရေးသူတို့အားလုံး ဒီအချက်ကို နည်းနည်းတော့ သုံးသပ်ကြည့်ဖို့ လိုပါလိမ့်မယ်။ ဒီနေ့ခေတ်လူငယ်တွေ ကြားမှာလည်း ရူပါမလိုဘူး … တော်ကီပဲ လိုတယ် ဆိုတဲ့စကား တွေကြားကြမှာပါ။ တော်ကီကို ယုံစားလို့ မှားခဲ့တဲ့သူတွေလည်း အများကြီးပါ။ အပြောထက် လက်တွေ့ အလုပ်လုပ်နိုင်ခဲ့တဲ့ အတွက် စင်မြင့်ပေါ်ရောက်လာတဲ့ အန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် နာရန်ဒရာမိုဒီ အကြောင်းကို ဥမာပြောပြချင်ပါတယ်။ မိုဒီဟာ တကယ်တော့ နိုင်ငံရေးမျိုးရိုးမရှိပေမယ့် ငယ်ငယ်လေးကတည်းက နိုင်ငံရေးကို စိတ်အားထက်သန်တဲ့သူတစ်ယောက်ပါ။ မိဘတွေကလည်း လူချမ်းသာတွေ မဟုတ်ကြပါဘူး၊ သာမာန်လုပ်ငန်းငယ်လေးပဲ လုပ်ကိုင်ကြတဲ့သူတွေပါ။ ငယ်စဉ်ဘဝတုန်း က ဖခင်နဲ့အတူ ဘူတာရုံမှာ လက်ဖက်ရည် အဖျော်ဆရာဘဝနဲ့ ဖြတ်သန်းခဲ့ရတာပါ။ သူကို Tea Boy လို့တောင် ချစ်စနိုးနဲ့ ခေါ်ကြပါတယ်။
အထက်တန်းပညာကို မွေးဖွားရာဒေသ ဗက်နာဒါဒေသမှာပဲ တက်ရောက်ခဲ့ပြီးတာ့ ဒေလီတက္ကသိုလ်က အဝေးသင်နိုင်ငံရေးသိပ္ပံဘွဲကို ရရှိခဲ့ပြီးတော့ ဂူဂျာရတ်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ မဟာဘွဲ့ကို ရရှိခဲ့ပါတယ်။ မိုဒီဟာ ငယ်စဉ်ကတည်းက လူမှုရေးအဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်းများမှာ ပါဝင်လှုပ်ရှားခဲ့ပြီး ၁၉၈၈ ခုနှစ်မှာတော့ ဂူဂျာရတ်(Gujarat) ပြည်နယ်၊ BJP(Bharatiya Janata Party) ပါတီစည်းရုံးရေးအဖွဲ့ရဲ့ အတွင်းရေးမှူးဖြစ်လာခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှာ BJP ပါတီက ဂူဂျာရတ်(Gujarat) ပြည်နယ်အောင်ပွဲမှာ မိုဒီဟာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်၊ အဲဒီနှစ်မှာပဲ BJP ပါတီရဲ့ အတွင်းရေးမှူး ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၀၁ ခုနှစ်မှာတော့ ဂူဂျာရတ်(Gujarat) ပြည်နယ် ရဲ့ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ မိုဒီဟာ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်မထမ်းဆောင်ခင် ဂူဂျာရတ်(Gujarat)ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ၄-ကြိမ်ဆက်တိုက် တာဝန်ယူခဲ့သူပါ။ မိုဒီဟာ ဂူဂျာရတ်(Gujarat)ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ် ကာလတစ်လျှောက်မှာ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အဆင့်ဆင့် ဆောင်ရွက်ခဲ့ပါတယ်။ သူရဲ့ ဆောင်ရွက်ချက်တွေကြောင့် ဂူဂျာရတ်(Gujarat) ပြည်နယ်ရဲ့ စီးပွားရေးဟာ သိသိသာသာ ဖွံဖြိုးတိုးတက် လာခဲ့ပါတယ်။ GDP တိုးတက်မှုဟာ ကျန်တဲ့ ပြည်နယ်တွေထက် များစွာ ကျော်လွန်ခဲ့ပြီးတော့ အိန္ဒိယနိုင်ငံ တစ်ခုလုံးရဲ့ GDP ကိုပါ များစွာ အထောက် အကူပေးနိုင်ခဲ့ပါတယ်။ မစ္စတာနာရန်ဒရာမိုဒီဟာ ခြိုးခြိုးခြံခြံ နေထိုင်တတ်သူ တစ်ယောက် ဖြစ်သလို မနားမနေ အလုပ်လုပ်သူလည်း ဖြစ်ပါတယ်။
ဒါကြောင့် ၂၀၁၄ ရွေးကောက်ပွဲမှာတော့ မိုဒီရဲ့ BJP ပါတီဟာ ဂန္ဒီမျိုးဆက်ရဲ့ လက်ရှိအာဏာရပါတီ ဖြစ်တဲ့ ကွန်ဂရက်ပါတီကို အနိုင်ရခဲ့ပါတယ်။ အစဉ်အလာကြီးမားတဲ့ သမိုင်းကြောင်းရှိတဲ့ ဂန္ဒီရဲ့မျိုးဆက် ပါတီဖြစ်တဲ့ ကွန်ဂရက်ပါတီကို မိုဒီရဲ့BJPပါတီက အနိုင်ရခဲ့တာဟာ သူ့ရဲ့လက်တွေ့ကျတဲ့ အကောင်အထည် ဖော်ဆောင်ရွက်မှုတွေကြောင့်ဆိုတာ ထင်ရှားနေပါတယ်။ လက်တွေ့ကျတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တွေကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့တာဟာ လူဦးရေ သန်းပေါင်း (၁.၄) ဘီလီယံရှိတဲ့ အိန္ဒိယ နိုင်ငံရဲ့ ဝန်ကြီးချုပ်တစ်ယောက် ဖြစ်လာစေခဲ့တာပါ။ စာရေးသူတို့ လူငယ်တွေအတွက် တကယ်ကို အတုယူ စရာပါ။ ဘဝမှာ နေရာတစ်နေရာကို ရောက်ချင်တယ်၊ အောင်မြင်မှုတွေ ပိုင်ဆိုင်ချင်တယ်ဆိုရင် တကယ် အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။ စေတနာ မှန်မှန်ကန်ကန်နဲ့ တကယ် ကြိုးကြိုးစားစား အလုပ်လုပ် မယ် ဆိုရင် အောင်မြင်မှုတစ်နေရာကို သေချာပေါက် ရောက်နိုင်မှာပါ။ နိုင်ငံအတွက် … လူမျိုးအတွက် လို့ စကားလုံးအကြီးကြီးတွေ ပြောနေကြတဲ့ လူကြီးတွေအတွက်လည်း စဉ်းစားစရာပါ။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစတဲ့ ကဏ္ဍတစ်ခုခုမှာ ဘယ်လောက်အထိ လက်တွေ့ကျတဲ့ လုပ်ငန်းတွေ လုပ်ခဲ့ကြပြီလဲ … လုပ်ဖို့ အခွင့်အလမ်းမရသေးလို့ မလုပ်ရသေးဘူးဆိုရင်လဲ …. ဘယ်လိုလုပ်မယ် … ဘယ်လောက်ကြာမယ် … ဆိုတဲ့ တိကျသေချာတဲ့ အစီအစဉ်တွေ ပြည်သူတွေကို အသိပေးဆွေးနွေးကြပြီလား … စသည်စသည်ဖြင့် အရင်တုန်းက စာရေးသူရေးခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်လို Review Yourself မိမိကိုယ်ကို သုံးသပ်ကြည့်ဖို့ လိုပါတယ်။
အငြိမ့်တွေထဲမှာ ခဏခဏကြားရတဲ့ စကားလေးတခွန်းနဲ့ ဒီဆောင်းပါးကို အဆုံးသပ်ချင်ပါတယ် … အပြောလေးတွေ့ လျော့ပြီး အလုပ်နဲ့သက်သေပြကြဖို့ လိုနေပါပြီ … ။ ဒါကြောင့် လူကြီး/ လူငယ်အားလုံး အသံသာရှိပြီး တော့ အဆံမရှိတဲ့ သင်္ကြန် အမြှောက်တွေ မဖြစ်ကြစေဖို့ ဒီနေ့ကစပြီး အားလုံး အလုပ်လုပ် ကြပါစို့ …. ။

အေင်ကိုဦး (UMK)




Share on Google Plus

About Aung Ko Oo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment