ပြင်းပြသောစိတ်ဆန္ဒ နှင့် အလေ့အထ


(Burning Desire & Habit)

ယနေ့ခေတ်လူငယ်တွေဟာ အောင်မြင်မှု တစ်ခုရဖို့အတွက် သူ့ထက်ငါ အပြိုင်အဆိုင် ကြိုးစား အားထုတ်နေကြတာကို တွေ့မြင်နေကြရပါတယ်။ အောင်မြင်မှုတစ်ခု ရဖို့အတွက် အထောက်အကူ ပေးနိုင်တဲ့ များစွာသော အချက်အလက်တွေထဲက စာရေးသူကိုယ်တိုင် ကျော်ဖြတ်ခဲ့ရတဲ့ အချက်အလက် အချို့ကို ရေးသားလိုက်ပါတယ်။
လူတစ်ယောက် အောင်မြင်ဖို့ အတွက် ခေါင်းစဉ်မှာ ဖော်ပြထားတဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒ (Burning Desire) နဲ့ အလေ့အထ (Habit) နှစ်ခုလုံးဟာ အရေးကြီးတဲ့ အချက်အလက် ၂-ခုပါ။ တကယ်အောင်မြင် ချင်တယ်ဆိုရင် ပြင်းပြတဲ့စိတ်ဆန္ဒ (Burning Desire) ရှိဖို့လိုသလို ပုံမှန်လုပ်လေ့ရှိတဲ့ အလေ့အထ (Habit) ရှိဖို့လည်း လိုအပ်ပါတယ်။ ပုံမှန်လုပ်လေ့လုပ်ထ မရှိတဲ့အခါ စိတ်က လုပ်ချင်စိတ်ရှိပေမယ့် ခန္ဓာကိုယ် က လိုက်မလုပ်နိုင်တာမျိုးတွေ့ရ တတ်ပါတယ်။ စာရေးသူ ငယ်စဉ်က ကြုံတွေ့ခဲ့ရတဲ့ အကြောင်းလေးကို  ပြန်ပြောင်း ပြောပြချင်ပါတယ်။ စာရေးသူငယ်စဉ်က ကျောင်းသားဘဝမှာ ကျောင်းတက်ချိန်က မနက် ၁၀-နာရီ က ညနေ ၄-နာရီ အထိ ပါ။ အဲဒီအတွက် စာရေးသူရဲ့ စာကြည့်ချိန်က မနက် ၇-နာရီ က ၉-နာရီ အထိ တစ်ကြိမ်၊ ညနေပိုင်းမှာ ညနေ ၅-နာရီ က ၆-နာရီ အထိ တစ်ကြိမ် စုစုပေါင်း ၂-ကြိမ်ရှိပါတယ်။ စုစုပေါင်း စာကြည့်ချိန်ဟာ ၅-နာရီ ရှိပါတယ်။ မူလတန်းကျောင်းသား ဘဝကနေ အလယ်တန်း ကျောင်းသားဘဝအထိ တနေ့ ၅-နာရီ ဆိုတဲ့ စာကြည့်ချိန်ဟာ လုံလောက်မှု ရှိပါတယ်။ ပြီးတော့ စာရေးသူတို့ငယ်စဉ်က ရွာမှာ ကျူရှင်လည်း တက်ဖို့ မလိုအပ်ပါဘူး။ (ခုကလေးတွေ ကတော့ ကျူရှင်တတ်နေကြရပါပြီ) ည ၈-နာရီကျော်ဆိုရင် စာရေးသူတို့ တောသဘာဝအရ တစ်ရွာလုံး အိပ်ရာဝင်ကြပါပြီ။ အဲဒီအတွက်ကြောင့် စာရေးသူရဲ့ ဇီဝနာရီ (Biological Clock) ဟာ အဲဒီအလေ့အထကို ကျင့်သားရနေပြီ ဖြစ်ပါတယ်။
ဒီလိုနဲ့ အလယ်တန်းပြီးမြောက်လို့ အထက်တန်း ကျောင်းသားဘဝ ရောက်တဲ့အခါ စာရေးသူ ငယ်စဉ်က စာကြည့်ချိန်အဖြစ်ပေးခဲ့တဲ့ အချိန်တွေကို ကျူရှင်ချိန်တွေ အဖြစ်ပေးလိုက်ရပါတယ်။ မနက်မိုးလင်း ကျူရှင်ကိုပြေး ညနေကျောင်းက ပြန်ရောက်တာနဲ့ မြန်မြန်ဆန်ဆန် ရေချိုးပြီး ကျူရှင် ဆက်ပြေးရပါတယ်။ ညဖက်အိမ်ပြန်ရောက်လို့ ထမင်းစားပြီး စာကြည့်စားပွဲထိုင်တဲ့ အချိန်မှာ စတွေ့တော့ တာပါပဲ။ ကျွန်တော်ရဲ့ ဇီဝနာရီ (Biological Clock) က အချက်ပေးနေ ပါတယ်။ စာကြည့်စားပွဲကို ထိုင်တာနဲ့ အိပ်ချင်လာပါတယ်၊ စိတ်က ဆက်ကျက်ချင်ပေမယ့် အကြိမ်ကြိမ်အခါအခါ အိပ်ငိုက်ပါတယ်။ မေမေက ကျွန်တော် အိပ်မငိုက်စေဖို့ ကော်ဖီ၊ လက်ဘက် စတာတွေကို အလှည့်ကျ လုပ်ပေးပါတယ်။ ကျွန်တော်ကလည်း မေမေကျွေးမွေးတဲ့ အစားအသောက်တွေကို စားသောက်ပြီးတော့ စာတော့ ဆက်မကျက်ဖြစ်ဘဲ အိပ်ပါတော့တယ်။ အဲဒီနည်းနဲ့ အဆင်မပြေတော့ အိပ်ငိုက်လာရင် အဖေနဲ့ အပြင်ထွက်ပြီး လမ်းလျှောက်ပါတယ်။ လမ်းလျှောက်ပြီး ပြန်လာတော့လည်း ပင်ပန်းပြီးတော့ အိပ်ပါတော့တယ်။ အလုပ်တစ်ခုပြီးမြောက်ဖို့ အတွက် ပုံမှန်လုပ်လေ့ရှိတဲ့ အလေ့အထဟာ အရေးကြီးတဲ့ ကဏ္ဍ တစ်ခုပါ။
အဲဒီတော့ မေမေက “သားရယ် ဒီနှစ် ၁၀-တန်းကို မဖြေတော့ဘဲ နောက်နှစ်မှပဲ ဖြေပါလား” လို့ ပြောပါတယ်။ (ကျွန်တော်က ၁၀-တန်းမှာ ၁၅-နှစ်ပဲ ရှိသေးတော့ နောက်နှစ်မှ ဖြေလည်း အသက်မကြီးသေးတော့ မေမေက ကျွန်တော့်ကို စိတ်ဆိုးလို့ မဟုတ်ဘဲ သနားလို့ ပြောတာပါ။) အိပ်ငိုက်လိုက်၊ အိပ်ပျော်လိုက်နဲ့ စာတွေကို ကျက်နိုင်သလောက်ပဲ ဆက်ကျက်ရင်းနဲ့ တနေ့မှာ ထူးချွန်ထက်မြက် စာမေးပွဲဖြေဖို့ ကျောင်းကိုယ်စားလှယ် ရွေးမယ်လို့ ကြေငြာပါတယ်။ ကျောင်းအဆင့် စာမေးပွဲ ၃-ကြိမ်စစ်ပြီးတော့ အဆင့်-၁ ကနေ ၃ အထိ ၃-ယောက် နဲ့ ဘာသာရပ်အလိုက် အမှတ်အများဆုံး ရတဲ့သူတွေကို ကျောင်းရဲ့ ကိုယ်စားလှယ်အဖြစ် ရွေးချယ်မှာပါ။ အိမ်ရောက်တော့ အဲဒီသတင်းကို အမေ နဲ့ အဖေကို ပြောပါတယ်။ “အဆင့်-၁ ရရင် ဆိုင်ကယ် ဝယ်ပေးမယ်” လို့ အဖေက ကျွန်တော့်ကို ပြောပါတယ်။ အဲဒီအချိန်မှာ ပြင်းပြတဲ့ စိတ်ဆန္ဒ (Burning Desire) က စာရေးသူရဲ့ ရင်ထဲကို ရောက်လာပါတယ်။ အဲဒီအချိန်တုန်းက စာရေးသူတို့ တောမြို့လေးမှာ ဆိုင်ကယ်နဲ့ ကျောင်းတက်တဲ့သူဟာ လက်ချိုးရေလို့ ရပါတယ်။
အဲဒီ ဆိုင်ကယ်ကို လိုချင်တဲ့ ပြင်းပြတဲ့စိတ်ဆန္ဒ (Burning Desire) ဟာ စာရေးသူရဲ့  အိပ်ချင်စိတ် ကို ဖျောက်ပစ်နိုင်ခဲ့ပါတယ်၊ ဇီဝနာရီ (Biological Clock) အရ ပုံမှန်ဖြစ်နေတဲ့ အလေ့အထကို ကျော်ဖြတ် နိုင်ခဲ့ပါတယ်။ ဆိုင်ကယ်ကို မြင်ယောင်ရင်းနဲ့ ကြိုးစားခဲ့တာ အဆင့်-၁ တော့မရခဲ့ပေမယ့် အဆင်-၂ နဲ့ ကျောင်းကိုယ်စားပြုအဖြစ် မြို့နယ်၊ ခရိုင်အဆင့်တွေ အထိယှဉ်ပြိုင်ခဲ့ရပြီး ဆုတွေ ရှရှိခဲ့ပါတယ်။ မြန်မာစာ နဲ့ ရူပဗေဒ ဘာသာရပ် ၂-ခုမှာလည်း အမှတ်အများဆုံးရရှိပြီး ဘာသာရပ်ဆိုင်ရာ ထူးချွန်ဆုတွေ ပိုင်ဆိုင်ခဲ့ရ ပါတယ်။ အဲဒီအကျိုးဆက်ကြောင့်ပဲ ၁၀-တန်းမှာသေချာပေါက် ကျရှုံးတော့မယ့် အခြအနေက ဂုဏ်ထူး မထွက်ပေမယ့် အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့ပါတယ်။ “စိတေန နိယတော လောကော၊ စိတ်သည် လောကကြီးတွင် အရာရာဆောင်နိုင်၏” လို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြား တော်မူခဲ့တဲ့အတိုင်း ပြင်းပြတဲ့ စိတ်ဆန္ဒကြောင့် အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်ခဲ့ပါတယ်။
လူတွေကို အောင်မြင်ချင်လား ? ချမ်းသာချင်လား ? လို့ မေးရင် အောင်မြင်ချင်တယ်၊ ချမ်းသာချင်တယ် လို့ ဖြေကြမှာက များပါတယ်။ ဒါပေမယ့် အောင်မြင်ဖို့အတွက် ဘယ်လောက်အထိ ဆန္ဒပြင်းပြလဲ ၊ ဘယ်အတိုင်းအတာ အထိ အောင်မြင်ချင်လဲလို့ ဆက်မေးရင်တော့ နည်းနည်းတော့ စဉ်းစား သွားတတ်ကြပါတယ်။ အောင်မြင်မှု တစ်ခုရဖို့အတွက် သေချာတဲ့ပန်းတိုင် (Definite Goal) နဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒ (Burning Desire) ရှိဖို့လိုအပ်ပါတယ်။ တိကျသေချာတဲ့ ပန်းတိုင်လည်း ရှိပြီ၊ ပြင်းပြတဲ့ စိတ်ဆန္ဒ လည်း ရှိနေတယ်ဆိုရင် အောင်မြင်မှုပန်းတိုင်ကို သွားရမယ့်လမ်းကို တွေ့အောင်ရှာဖွေပါလိမ့်မယ်။ ပြောရရင်တော့ အများကြီးပေါ့ဗျာ … ဒီဆောင်းပါးမှာ အဓိက ပြောချင်တာက အောင်မြင်မှုအတွက် မရှိမဖြစ် လိုအပ်တဲ့ ပြင်းပြတဲ့စိတ်ဆန္ဒ (Burning Desire) အကြောင်းပါ။ ဒါကြောင့် “တကယ်ဖြစ်ချင် တကယ်လုပ်၊ အဟုတ်ဖြစ်ရမယ်” ဆိုတဲ့ စိတ်ဓါတ်ကို မွေးမြူပြီး အောင်မြင်မှုပန်းတိုင်ကို ရင်ထဲကိန်းထားပြီး လှမ်းမျှော်ကာ အရောက်လှမ်းလိုက်ပါ။ မုချ အောင်မြင်မှာ သေချာပါတယ်။

အောင်ကိုဦး(UMK)
Be the Best !
Share on Google Plus

About Aung Ko Oo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment