ပြင်းပြတဲ့စိတ်ဆန္ဒ ရှိစေဖို့


(To have Burning Desire)

ပြီးခဲ့တဲ့အပတ်က ပြင်းပြတဲ့စိတ်ဆန္ဒ (Burning Desire) နဲ့ အလေ့အထ (Habit) အကြောင်းကို ဆောင်းပါးတစ်ပုဒ် ရေးလိုက်တဲ့အခါ ပြင်းပြတဲ့စိတ်ဆန္ဒ (Burning Desire) ဟာ ဘဝအောင်မြင်ရေး အတွက် အထောက်အကူပေးတယ်ဆိုတာကို လက်ခံပါတယ်၊ ဒါပေမယ့် အဲဒီ စိတ်ဆန္ဒကို ဘယ်လိုဖြစ်ပေါ်အောင်လုပ်ရမလဲ … ? ဘယ်လိုမွေးမြူမလဲ … ? စတဲ့ အချက်တွေကိုလည်း သိချင်ပါတယ် လို့ အသိတစ်ယောက်က ပြောလာပါတယ်။ ဒါကြောင့် ဒီဆောင်းပါးကို ဆက်ရေးလိုက်ပါတယ်။
ပြင်းပြတဲ့စိတ်ဆန္ဒ (Burning Desire) ကို ဖြစ်လာဖို့ ဘာတွေလိုအပ်လဲ ဆိုတာကို စာရေးသူ ကိုယ်တိုင် စဉ်းစားကြည့်ပါတယ်။ အခြေခံ အချက် ၂-ချက်တွေ့ရပါတယ်၊ တစ်ချက်က သူ့အတွက် ကြီးမားတဲ့ အပြောင်းအလဲ၊ အလှည့်အပြောင်း (Grade Change) ကို မြင်နေရတဲ့အခါမှာလည်း ပြင်းပြတဲ့စိတ်ဆန္ဒ (Burning Desire) ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက် ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုခုကို တွေ့မယ် ဆိုရင်လည်း ပြင်းပြတဲ့စိတ်ဆန္ဒ (Burning Desire) ဖြစ်လာနိုင်ပါတယ်။ ဒီနေရာမှာ အားလုံး တော်တော်များများ ကြားဖူးကြမယ့် ပုံပြင်တစ်ပုဒ်ကို ပြောပြချင်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဆောရခတ္တိဆိုတဲ့ ဂရိပညာရှိကြီးထံမှာ ပညာသင်ဖို့ လူငယ်တစ်ယောက် ရောက်လာပါတယ်။ အဲဒီလူငယ်ကို ဆရာကြီးက မြစ်ကမ်းပါး တစ်ခုအနားကို ခေါ်သွားပြီးတော့  ရေနှစ်ပါတယ်။ ရေနှစ်ပြီး တဲ့အခါ အဲဒီရေထဲမှာ နေတဲ့အချိန်မှာ မင်းအလိုချင်ဆုံးအရာက ဘာလဲ လို့ ဆရာကြီးက အဲဒီလူငယ်ကို မေးပါတယ်။ အသက်ရှုဖို့ လေကို လိုချင်ပါတယ် လို့ ဖြေပါတယ်။ အဲဒီမှာ ဆရာကြီးက မင်းပညာကို အခု လေကို လိုချင်သလိုမျိုး လိုချင်ရင် တတ်ပြီလို့ ပြောခဲ့ပါတယ်။
ပြင်းပြတဲ့စိတ်ဆန္ဒ (Burning Desire) ဖြစ်ပေါ်လာဖို့ ဆိုတာ အဲဒီလိုမျိုး ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုဖြစ်တော့မယ့် အခြေအနေမှာလည်း ဖြစ်ပေါ်နိုင်ပါတယ်။ တကယ်သာ မလုပ်ရင် ဘဝက အကြီးအကျယ် နစ်နာဆုံးရှုံးတော့မယ် ဆိုတာကို သိနားလည်တဲ့အခါ မဖြစ်မနေ လုပ်မှ ဖြစ်တော့မှာ ဖြစ်တဲ့အတွက် အပြင်းအထန် ကြိုးစားတတ်ကြပါတယ်။ နောက်တစ်ခုက ကြီးမားတဲ့ ဘဝအလှည့်အပြောင်း ကို မြင်ရတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ ပြင်းပြတဲ့စိတ်ဆန္ဒ (Burning Desire) မျိုးကိုတော့ ပထမ ဆောင်းပါးမှာ စာရေးသူ အတွေ့အကြုံကို ရေးခဲ့ပြီး ဖြစ်ပါတယ်။
တစ်ခါတစ်လေ အဲဒီလို ဘဝရဲ့ အလှည့်အပြောင်းဖြစ်နိုင်လို့၊ ဘဝမှာ နစ်နာဆုံးရှုံးနိုင်လို့ ဆိုတဲ့ အချက်တွေကြောင့် မဟုတ်ဘဲလည်း ပြင်းပြတဲ့စိတ်ဆန္ဒ (Burning Desire) ဖြစ်ပေါ်နိုင်ပါတယ်။ ဥပမာ - အဝတ်အစားဖြစ်စေ၊ အသုံးအဆောင် ပစ္စည်းတစ်ခုခု ဖြစ်စေ၊ စာအုပ်တစ်အုပ်ဖြစ်စေ အဲဒါမျိုးတွေကို အရမ်းလိုချင်တာမျိုးပေါ့။ ဘယ်ကိုသွားသွား၊ ဘာကိုပဲလုပ်လုပ် အဲဒါကိုပဲ စိတ်က မြင်ယောင်နေတဲ့ အထိ လိုချင်စိတ်ဖြစ်လာပြီးဆိုရင် ဒါလည်း ပြင်းပြတဲ့စိတ်ဆန္ဒ (Burning Desire) တစ်မျိုးပါ။ အဲဒီတွန်းအား ကြောင့် ပိုင်ဆိုင်နိုင်မယ့် နည်းလမ်းကို အမျိုးမျိုး စဉ်းစားလာပါတယ်။ ကြီးကြီးကျယ်ကျယ်ပြောရရင် Creative Thinking ရင့်သန်လာတာပေါ့ဗျာ။ အဲဒီစိတ်ကြောင့်ပဲ ဘယ်လိုလုပ်ရမယ် ဆိုတဲ့ နည်းလမ်းကို တွေ့ပြီး လက်တွေ့  ပိုင်ဆိုင်ခွင့် ရသွားနိုင်ပါတယ်။ အချိန်ဘယ်လောက်ကြာမယ် ဆိုတာတော့ သေသေချာချာ မပြောနိုင်ပေမယ့် တနေ့မှာတော့ အဲဒီပစ္စည်းဟာ ကိုယ့်လက်ထဲကို ရောက်လာပါတယ်။ နောက်တစ်ချက်ကလည်း မရမချင်း သူ့စိတ်ထဲမှာ အဲဒီအကြောင်းအရာက ပျောက်ပျက်မသွားဘူးလေ။ လမ်းတစ်ဝက်မှာ လက်လျှော့ လိုက်တယ်ဆိုရင် တကယ်လိုချင်တဲ့ စိတ်ဆန္ဒ မပြင်းပြလို့ပါ။ လိုတော့လိုချင်တယ် မရရင်လည်း ဘာမှ မဖြစ်ဘူးဆိုတဲ့ စိတ်မျိုးပါ။
ဒီဆောင်းပါးနဲ့တော့ တိုက်ရိုက်မပတ်သက်ပေမယ့် နည်းနည်းတော့ ဆက်စပ်နေတဲ့ status တစ်ခုကို မနေ့က  facebook မှာ ဖတ်လိုက်ရပါတယ်။ “အဆိုတော် ဖြစ်ချင်ပေမယ့် အသံမကောင်းလို့ မဖြစ်နိုင်ရင် တေးရေးဆရာ ဘဝနဲ့ အောင်မြင်မှုကို အစားထိုးလိုက်ပါ (Credit to Kyal Lay)” လို့ ရေးထားပါတယ်။ အဲဒါကလည်း ပြင်းပြတဲ့စိတ်ဆန္ဒ (Burning Desire) နဲ့ တစ်စိတ်တစ်ပိုင်း ပတ်သက် နေတယ်လို့ ယူဆပါတယ်။ အဆိုတော်ဖြစ်ချင်တဲ့စိတ်ကြောင့် အဆိုတော် တစ်ယောက်ဖြစ်ဖို့ ကြိုးစားတယ်၊ ဒါပေမယ့် ဘဝပေးကုသိုလ်အရ အဆိုတော်မဖြစ်နိုင်တဲ့အခါ သီချင်းတွေကို ဖန်တီးပေးတဲ့ တေးရေးဆရာ တစ်ယောက် ဖြစ်အောင်လုပ်နိုင်ခဲ့တဲ့ဆိုရင် ပြင်းပြတဲ့စိတ်ဆန္ဒ (Burning Desire) ကြောင့်ပဲ Creative Thinking တွေဖြစ်လာပြီး အနီးစပ်ဆုံး နေရာတစ်ခုကို ရောက်အောင်သွားနိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။
ကမ္ဘာကျော်စာရေးဆရာကြီးဖြစ်တဲ့ Napoleon Hill က Think and Grow Rich (အကြံအဉာဏ် ဖြင့် ကြီးပွားရေး အမည်နဲ့ ဆရာကြီး ရွှေဥဒေါင်းက ဘာသာပြန်ထားပါတယ်) စာအုပ်မှာ ပြင်းပြတဲ့စိတ်ဆန္ဒ (Burning Desire) ဖြစ်ပေါ်လာဖို့ Auto Suggestion နည်းနဲ့ မွေးမြူဖို့ အကြံပြုထားပါတယ်။ Auto Suggestion နည်းဆိုတာ ကိုယ်လုပ်ချင်တဲ့ အလုပ်၊ ကိုယ်ဖြစ်ချင်တဲ့ ဘဝကို နေ့စဉ်နေ့တိုင်း အကြိမ်ပေါင်းများစွာ ရာထောင်ချီအောင် ရွက်ဆိုခိုင်တာပါပဲ။ ဥပမာ-နောင်လာမယ့် ၁၀-နှစ်မှာ ငါ သိန်း ၁၀၀ ချမ်းသာရမယ်၊ နောင်လာမယ့် ၁၀-နှစ်မှာ ငါ အောင်မြင်တဲ့ အဆိုတော်  တစ်ယောက်ဖြစ်ရမယ် စသည်ဖြင့် နေ့တိုင်း အကြိမ်ပေါင်းများစွာ ရွက်ဆိုရမယ်၊ ရေချိုးခန်း အိမ်သာ ကြည့်မှန် အလုပ်စားပွဲ စတဲ့ အမြဲတမ်း ကိုယ်မြင်တွေ့နိုင်မယ့် နေရာတွေမှာလည်း အဲဒီစာသားကို ကပ်ထားဖို့ လိုပါတယ်။
လူတစ်ယောက်က ကိုယ်တစ်ကယ်ဖြစ်မယ်လို့ အသွေးထဲ အသားထဲက  ယုံကြည်သွားရင်၊ ရင်ထဲမှာ တကယ်ကိန်းသွားရင် တကယ်ဖြစ်ပါတယ်။ အဲဒီကိစ္စကိုလည်း  (ရုရှားနိုင်ငံမှာလို့ထင်ပါတယ် နိုင်ငံအတိအကျ မမှတ်မိတော့ပါ) သေဒဏ်ကျပြီးသား အကျဉ်းသားတစ်ယောက်ကို အစိုးရထံမှာ ခွင့်ပြုတောင်းယူပြီး စိတ်ပညာရှင်တွေက  စမ်းသပ်မှုတစ်ခု ပြုလုပ်ပါတယ်။ အဲဒါက သေဒဏ်ကျခံရမယ့် အကျဉ်းသားကို ခေါင်းက တစ်ခုခု စွပ်လိုက်ပြီး သူ့ကို သွေးကြောလေးတွေ ဖြတ်ကာ သွေးခန်းအောင် လုပ်ပြီး သတ်မယ်လို ပြောပါတယ်။ ပြီးတော့ သူ့ရဲ့လည်ပင်းကို ဘရိတ်ဓါးနဲ့ သွေးထွက်ရုံလေးပဲ လုပ်လိုက်ပါတယ်။  ပြီးတော့ သွေးတွေသူ့ပေါ်ကို ဖြည်းဖြည်းချင်းလောင်းပေးပါတယ်။ သိပ်မကြာခင်မှာပဲ အဲဒီလူဟာ သေသွားပါတယ်။ တကယ်တော့ ဒဏ်ရာက သေစေလောက်တဲ့ ဒဏ်ရာမဟုတ်ပါဘူး။ ဒါပေမယ့် သူ့စိတ်မှာ သူ့ကိုယ်သူ တကယ်သေမယ်လို့ ယုံကြည်သွားတဲ့အတွက် သေသွားတာပါ၊ စိတ်ကြောင့် သေသွားတာပါ။ သေအံ့မူးမူးသူတွေလည်း တစ်စုံတစ်ယောက်ကို  တွေ့ချင်တာမျိုး၊ တစ်စုံတစ်ခု လုပ်ချင်တာမျိုး စတဲ့  ပြင်းပြတဲ့စိတ်ဆန္ဒ (Burning Desire) ကြောင့် အချိန်အတော်ကြာ မသေဘဲ နေတာတွေကိုလည်း ကြားဖူးပါတယ်။
ဒီနေ့ကစပြီး ဘဝမှာ ဘာဖြစ်ချင်တာလဲ … ? ဘယ်လောက်အထိ ပြင်းထန်လဲ …? လို့ ကိုယ့်ကိုယ် ကို သေသေချာချာ မေးကြည့်လိုက်ပါ၊ အဲဒီ ပြင်းပြတဲ့စိတ်ဆန္ဒ (Burning Desire) ကို တွေ့ပြီဆိုရင် ကိုယ့်ဘဝပန်းတိုင်ကို  သေချာပေါက် အရောက်လှမ်းနိုင်ပါလိမ့်မယ်။


အောင်ကိုဦး(UMK)
Be the Best !
Share on Google Plus

About Aung Ko Oo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment