ဒီနေ့ခေတ်မြန်မာလူငယ်တွေဟာ နိုင်ငံတကာနဲ့ ယှဉ်လိုက်ရင်
အနိမ့်ဆုံး အာဆီယံအဆင့် နှိုင်းယှဉ် ကြည့်လိုက်ရင် အောင်မြင်မှု အတိုင်းအတာ နည်းပါးနေသေးတာကို
တွေ့ရပါတယ် … ။ ဘာဖြစ်လို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင် အောင်မြင်မှု အတိုင်းအတာ
နိမ့်ကျနေရတာလဲ … ? အကြောင်းရင်းတွေ များစွာထဲက စာရေးသူမြင်တဲ့ အဓိက အချက်တွေကို ပြောကြည့်ချင်ပါတယ်
… ။
မြန်မာလူငယ် အများစုမှာ လွပ်လပ်စွာ ရွေးချယ်ခွင့်နည်းပါးကြတာလဲ
တစ်ချက်ပါဝင်ပါတယ်။ ဥပမာ လူငယ်တစ်ယောက် ဆယ်တန်းအောင်သွားတဲ့ အချိန်မှာ ဘဝအတွက် အသက်မွေးဝမ်းကြောင်း
နယ်ပယ်တစ်ခုကို ရွေးချကြမယ့် နေရာမှာ ကန့်သတ်ချက်တွေ ရှိနေပါတယ်။ ဥပမာ နည်းပညာ တက္ကသိုလ်တက်ပြီး
အင်ဂျင်နီယာ ဘာသာရပ်ကို လေ့လာချင်တဲ့ သူတစ်ယောက်ဟာ တက္ကသိုလ်ဝင်တန်း လို့ခေါ်တဲ့ ၁၀-တန်းမှာ
အမှတ်မမှီခဲ့ရင် နောက်တစ်ကြိမ် ပြန်ဖြေခွင့်မရှိပါဘူး။ အစိုးရတက္ကသိုလ်ကို တက်ခွင့်မရတဲ့အတွက်လည်း
ပုဂ္ဂလိက တက္ကသိုလ် တစ်ခုခုကကကို ရွေးချယ်စရာ အခွင့်အလမ်း မရှိပါဘူး။ နောက်ထပ် ကန့်သတ်ချက်တစ်ခုက
မိဘ ဆွေမျိုး ပတ်ဝန်းကျင် အသိုင်းအဝိုင်းရဲ့ လွှမ်းမိုးမှုပါ။ လူငယ်တွေက သူတို့ စိတ်ဝင်စားတဲ့
နယ်ပယ်ကို ဆုံးဖြတ်နိုင်စွမ်းမရှိသေးတာက တစ်ကြောင်း၊ ခေတ်အရ လူကြိုက်များနေတဲ့ ဘာသာရပ်
တွေကတစ်ကြောင်း (ဥပမာ- ဆေး၊ စက်မှု၊ ရေကြောင်း) နဲ့ မိဘ ဆွေမျိုး ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွေက
တိုက်တွန်းတဲ့ ရွေးချယ်ပေးတဲ့ ဘာသာရပ်တွေကို ရွေးချယ်ကြရ တတ်ပါတယ်။ (ဒီအကြောင်းတွေကို
“လူငယ် နှင့် ရွေးချယ်မှု” ဆောင်းပါးမှာ အသေးစိတ် ရေးခဲ့ပြီး ဖြစ်ပါတယ်။)
နောက်တစ်ချက်က မြန်မာလူငယ်တွေမှာ အိမ်မက်တွေ
ပျောက်ဆုံးနေကြပါတယ်၊ အိမ်မက်တွေကို အကောင်အထည် ဖော်ဖို့အတွက် အခွင့်အလမ်းဟာ ကိုယ့်ရဲ့
ကိုယ်စွမ်းကိုယ်စ၊ ကိုယ်ရည်ကိုယ်သွေး တစ်ခုတည်းနဲ့ မသက်ဆိုင်ဘဲ ကန့်သတ်ချက်တွေရှိနေကြပါတယ်။
ဆိုလိုတာက နောင် ၅-နှစ်မှာ၊ နောင် ၁၀-နှစ်မှာ ဘာဖြစ်ချင်တယ်၊ ဘာဖြစ်အောင်လုပ်မယ် ဆိုတဲ့
တိကျတဲ့ အိမ်မက်တွေ၊ ရည်မှန်းချက် ပန်းတိုင်တွေ ရှိတဲ့ လူငယ်တွေ နည်းပါးပါသေးတယ်။ ပြီးတော့
ကုမ္ပဏီမှာဖြစ်စေ၊ အစိုးရလုပ်ငန်း ဝန်ကြီးဌာန မှာဖြစ်စေ၊ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ လုပ်ကိုင်နေကြတဲ့
လူငယ်တွေမှာ ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်ပေမယ့်၊ ကြိုးစားအားထုတ်ကြပေမယ့် တိုးတက်မှု
အခွင့်အလမ်းဟာ ဆုံးဖြတ်ပိုင်ခွင့် ရှိသူ အပေါ်မှာလည်း မူတည်နေပါတယ်။ ဆိုလိုတာက ဘယ်လိုအရည်အချင်းတွေ၊
ဘယ်လိုကြိုးစားမှုတွေ ရှိရင်တော့ဖြင့် မန်နေဂျာဖြစ်မယ်၊ ဦးစီးမှူးဖြစ်မယ် စသည်ဖြင့်
ရေရေရာရာ၊ သေသေချာချာ မရှိကြပါဘူး။ ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာ
မူတည်နေတော့ ကိုယ်စွမ်းကိုယ်စ တိုးတက် အောင်လုပ်ဖို့ထက် တာဝန်ကျေရုံလောက်ပဲ ကြိုးစားအားထုတ်ကြပါတော့တယ်။
ပြောချင်တာက ဘယ်လောက် ကြိုးစားလုပ်ပေမယ့် ကုမ္ပဏီမှာဖြစ်စေ၊ ဌာနဆိုင်ရာမှာဖြစ်စေ အခွင့်အလမ်း
တိုးတက်ဖို့ဆိုတာ မသေချာပါဘူး၊ သူတို့ ပေးမှရမယ်၊ သူတို့ကြိုက်မှ ရမယ် ဆိုတဲ့ ပုံစံမျိုးတွေက
များနေပါတယ်။ (နေရာ ဌာနတိုင်းကို မဆိုလိုပါ၊ ဒါပေမယ့် အများစုကတော့ အဲဒီအတိုင်းပါ။)
အဲဒီတော့ တာဝန်ကျေပဲ လုပ်ကြပါတော့တယ်၊ စေတနာထားပြီးလုပ်တာတို့၊ ကိုယ့်အလုပ်လိုသဘောထားပြီး
လုပ်တာတို့က စာအုပ်ထဲမှာပဲ ကျန်နေခဲ့ပါတယ်။ နောက်တစ်ခုက ကိုယ်ရည်ကိုယ်သွေး တိုးတက်အောင်
ကြိုးစား အားထုတ်ဖို့ထက် ကိုယ်နေရာရဖို့ အခွင့်အလမ်းတွေ ပိုင်ဆိုင်နိုင်ဖို့ အတွက်
လက်ရှိနေရာထက် တဆင့်မြင့်နိုင်ဖို့အတွက် ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေကို ဖားတဲ့အလုပ်မျိုးတွေပဲ
လုပ်တတ်လာကြပါတယ်။
ကိုယ်ပိုင်လုပ်ငန်း တည်ထောင်နေကြတဲ့ လူငယ်တွေမှာလည်း
အဓိက အခက်အခဲက ကိုယ့်ရဲ့လုပ်ငန်းကံကြမ္မာကို ကိုယ်တိုင် ဖန်တီးခွင့်မရှိတာပါ။ ကိုယ့်ရဲ့လုပ်ငန်း
လည်ပတ်ဖို့အတွက်၊ အောင်မြင်ဖို့ အတွက် ကိုယ့်ရဲ့ ကုန်ပစ္စည်း၊ ကိုယ့်ရဲ့ Brand ကို တည်ဆောက်ရုံနဲ့
မလုံလောက်ဘဲ ကိုယ့်ရဲ့ လုပ်ငန်း အဆင်ပြေချောမွေ့ဖို့အတွက် ဆိုင်ရာ ပိုင်ရာတွေကို လိုအပ်သလို
ပေါင်းသင်းရပါတယ်။ ကိုယ့်ရဲ့ Customer တွေကို ပေးရမယ့် Service တွေအပြင် ဆိုင်ရာ၊ ပိုင်ရာ
တွေကို ပေးရတဲ့ Service က ပိုများနေပါတယ်။
ပထမဆုံးချက်ကိုပြန်ပြီး အနှစ်ချုပ်ပြန်ပြောရရင်
မြန်မာလူငယ်တွေမှာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးခွင့်၊ ကိုယ့်ရဲ့ မျှော်လင့်ချက်ကို
လွပ်လွပ်လပ်လပ်ရှင်သန်ခွင့်၊ ကိုယ့်ရဲ့ အိမ်မက်ကို ကိုယ်တိုင် အကောင်အထည် ဖော်ခွင့်တွေ၊
ကြိုးစားမှုအတွက် အသိအမှတ်ပြုမယ့်၊ အသီးအပွင့်ရမယ့် အခွင့်အလမ်း တွေဟာ ရှိတယ်ဆိုပေမယ့်
နည်းနေပါသေးတယ်။ သူတို့ရဲ့ ကြိုးစားမှုကို အရှိန်တင်ပေးမယ့် အစာ တနည်းပြောရင် အခွင့်အလမ်း၊
နေရာ စတာတွေက မသေချာတော့ ဖြည်းဖြည်းချင်းပဲ ရွေ့နေကြပါတယ်။
ဒုတိယ တစ်ချက်က မြန်မာလူငယ်တွေမှာ အကြီးအကျယ်
အတိဒုက္ခရောက်နိုင်တဲ့ စွန့်စားမှု (risk) တွေမရှိတာလည်းပါဝင်ပါတယ်။ ဆိုလိုတာက မြန်မာလူငယ်တွေ
အပြင်းအထန် မကြိုးစားလို့ ချက်ချင်း ဒုက္ခ ရောက်မသွားနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ အနောက်နိုင်ငံတွေမှာတော့
သူတို့ရဲ့ ဓလေ့ထုံးစံအရ အချိန်တန် အရွယ်ရောက်ပြီဆိုတာနဲ့ ကိုယ့်ဘဝကိုကိုယ်ကိုတိုင်
ကြိုးစားရုန်းကန်ကြရပါတယ်။ ကိုယ်ရဲ့ ကောင်းခြင်း ဆိုးခြင်းတွေကို ကိုယ်ကိုတိုင်က တိုက်ရိုက်
ခံစား စံစားကြရပါတယ်။ ကျွန်တော်တို့ မြန်မာလူငယ်တွေ အတွက်တော့ ကျွန်တော်တို့ ဓလေ့ထုံးစံအရ
အသက်ကြီးသည် ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ မိဘတွေက ကျွန်တော်တို့ရဲ့
နောက်ကွယ်က ကြံ့ကြံ့ခံပေးနေလို့ပါ။ “တောင်းဆိုး၊ ပလုံးဆိုးပဲ ပစ်ရိုးထုံးစံရှိတယ်၊
သားဆိုး၊ သမီးဆိုး ပစ်ရိုးထုံးစံမရှိဘူး” ဆိုတဲ့ စကားအတိုင်း သားသမီးတွေက ဘယ်လောက်ပဲ
ဆိုးနေနေ၊ မိဘတွေက ပစ်မထားကြပါဘူး။ မိဘက ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ရှိတဲ့အတိုင်းအတာလေးနဲ့
သားသမီးတွေကို ထောက်ပံ့ပေးထား ကြပါတယ်။ လူငယ်တစ်ယောက်က ဆိုးနေသည်ဖြစ်စေ၊ အလုပ်မရှိသည်ဖြစ်စေ၊
ဝင်ငွေမရှိသည်ဖြစ်စေ ထမင်းတလုပ်စားရုံ၊ အချိန်တန်ရင် မုန့်ဖိုး ၂၀၀ လောက်ရရုံ ကတော့
မိဘတွေက ထောက်ပံ့ပေးထား ကြပါတယ်။
အဲဒီတော့ မြန်မာလူငယ်တွေအတွက် သူတို့ရဲ့
စွမ်းအားတွေကို အကောင်းဆုံးထုတ်သုံးနိုင်မယ့် မျှော်လင့်ချက်၊ အနာဂတ် စတဲ့ အစာ၊ တနည်းအားဖြင့်
အခွင့်အလမ်းကလည်း ထင်သလောက်မရှိ သလို အနောက်မှာလည်း မကြိုးစားလို့၊ အားထုတ်မှုနည်းလို့
ပြုတ်ကျသွားနိုင်တဲ့ ချောက်၊ တနည်းပြောရင် စွန့်စားမှု (risk) ကလည်း မရှိတော့ မြန်မာလူငယ်တွေက
ဒီအတိုင်းလေးပဲ ပုံမှန်လေးပဲ မျှောလိုက်နေကြ ပါတယ်။ အရှေ့ကိုလည်း အရမ်းမရောက်သလို၊
အနောက်ကိုလည်း ပြုတ်ကျမသွားကြဘဲ ပုံမှန်လေးပဲ လက်ရှိ အခြေအနေလေးအတိုင်း ခရီးဆက်နေကြတာပေါ့။
အချုပ်အနေနဲ့ ပြောရရင် မြန်မာလူငယ်တွေ ကိုယ်စီ
ကိုယ်ငှ အောင်မြင်ကြဖို့ဆိုရင် မြန်မာ လူငယ်တွေမှာ ကြိုးစားရင် ကြိုးစားသလောက် ဖြစ်နိုင်ခွင့်၊
ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးခွင့်ရှိဖို့ လိုအပ်သလို မကြိုးစားရင်လည်း ဒုက္ခရောက်သွားနိုင်တဲ့
risk တွေရှိဖို့ လိုပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ကိုယ်ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးခွင့်
အပြည့်အဝ မရှိသေးပေမယ့် အတိုင်းအတာ တစ်ခုတော့ ရရှိနေပါပြီ။ အရင်အတိုင်း အိပ်ပျော်မနေကြပဲ
အိမ်မက်ဆိုးက နိုးထဖို့လိုအပ်နေပါပြီ …. ကိုယ်ကံကြမ္မာ၊ ကိုယ့်အနာဂတ်၊ ကိုယ့်ရဲ့ အောင်မြင်မှုပန်းတိုင်ကို
ကိုယ်တိုင်ဖန်တီးဖို့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသ၍ ကြိုးစား ကြမယ်ဆိုရင် မြန်မာလူငယ်တွေအတွက်
အောင်မြင်မှု ပန်းတိုင်ကို အရောက်လှမ်းနိုင်ကြမှာ ဖြစ်ပါတယ်။
“သက်ဆိုင်သူတွေ တွေးချင့်ချိန်
နိုင်ကြပါစေ …”
အောင်ကိုဦး(UMK)
Be the Best !
(ပြောမယ်ဆိုရင်တော့
ပြောစရာတွေ အများကြီး ရှိပါသေးတယ်၊ အဓိက ကျတဲ့အချက် ၂-ချက် ကိုပဲ ရေးလိုက်တာပါ။ ဒီကိစ္စနဲ့
ဆက်စပ်ပြီးတော့ နောက်ထပ် အချက်တစ်ချက်ဖြစ်တဲ့ မြန်မာလူငယ်တွေ အလုပ်ကို အလုပ်လို့ မမြင်တတ်ကြသေးတဲ့
အချက်ကို ဆက်ပြီး ရေးပါဦးမယ်။ ဒီဆောင်းပါးဟာ မြန်မာလူငယ် အားလုံးကို ရည်ရွယ်ခြင်းမဟုတ်ပါ၊
ဒါပေမယ့် လက်ရှိဖြစ်နေကြတဲ့ အများစုရဲ့ ပုံစံကို ရည်ရွယ်ပြီး ရေးခြင်းဖြစ်ပါတယ်။ အပျက်သဘောထက်
အပြုသဘော၊ ပြင်သင့်တယ် ထင်တဲ့အချက်တွေကို ဦးတည်ကာ ရေးသားခြင်း ဖြစ်ပါတယ်။ သဘောထားတိုက်ဆိုင်သည်ဖြစ်စေ၊
မတိုက်ဆိုင်သည်ဖြစ်စေ လွပ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ်။ ဝေဖန် အကြံပြု ဆွေးနွေးမှုများ
အားလုံးကို ကြိုဆိုပါတယ်။)
-

0 comments:
Post a Comment