နားထောင်ခြင်း က သင်ယူခြင်း


(Listening to Learning)

        လူသားတွေဟာ နေ့စဉ်နဲ့ အမျှ စကားတွေ အများကြီးပြောဖြစ်ကြသလို အများကြီးလည်း နားထောင် ကြရပါတယ်။ စကားကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ပြောနေကြသလို၊ နားထောင်တဲ့အခါလည်း ရည်ရွယ်ချက်အမျိုးမျိုးနဲ့ နားထောင်ကြပါတယ်။ ဒါပေမယ့် လူအများစုကတော့ ကိုယ်ကသာ ပြောချင်ကြပြီး တစ်ပါးသူပြောတာကိုတော့ အများကြီးနားထောင်ဖို့တော့ ဝန်လေးတတ်ကြပါတယ်။ လူတစ်ယောက် လုပ်ငန်းခွင်မှာ၊ ပတ်ဝန်းကျင်မှာ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေစေဖို့၊ ဘဝမှာ ကြီးပွားအောင်မြင် တိုးတက်စေဖို့ အတွက် နားထောင်တတ်ခြင်း ဟာလည်း အရေးကြီးတဲ့ စွမ်းရည်တစ်ရပ်ပါ။ နားထောင်ခြင်း ဟာ တနည်းအားဖြင့်ပြောရင် သင်ယူခြင်းတစ်မျိုးပါ။
          လူတွေမှာ ပါးစပ်က တစ်ပေါက်သာပါပြီးတော့ နားနှစ်ဖက်ပါတဲ့အတွက် များများနားထောင်ပြီး နည်းနည်းပဲ ပြောရမယ် လို့ ဆိုပါတယ်။ ဒါဟာလည်း တကယ်ကို မှန်ပါတယ်။ စကားစကား ပြောပါများက စကားထဲက ဇာတိပြဆိုတဲ့ အတိုင်း ပြောပါများအရင် သတိလက်လွတ်ပြောရင် အမှားတွေများ တတ်ပါတယ်။ တကယ်တော့ နားထောင်တတ်ဖို့ ဆိုတာ စိတ်ရှည်ဖို့လည်း လိုပါတယ်။ နားထောင်တိုင်း လည်း ဗဟုသုတရတာတော့ မဟုတ်ပါဘူး။ တခါတစ်လေ အရည်မရအဖတ်မရတွေ နားထောင်ရ ပြန်ရင်လည်း အကျိုးမဲ့တတ်ပါတယ်။ ဒါပေမယ့် နားထောင်နေလိုက်ရုံနဲ့ တော့ဘာမှ မဖြစ်နိုင်ပါဘူး။ ထားလိုက်ပါတော့ နားထောင်ခြင်းက ဘယ်လိုသင်ယူနိုင်လဲ …? ဆိုတာကို အဓိက ပြောချင်တာပါ။
          ကိုယ်ကလေ့လာနေတဲ့ ပညာရပ်တစ်ခုခုနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေမှာ သွားရောက်ကာ နားထောင်ခြင်းဟာ တနည်းအားဖြင့် သင်ယူခြင်း တစ်မျိုးပါ။ ဟောပြောဆွေးနွေးသူတွေရဲ့ အနှစ်နှစ်အလလ ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေကို နားထောင်ခြင်းက တစ်ထိုင်တည်း ရနိုင်ပါတယ်။ အသိပညာဗဟုသုတတွေ၊ ပြဿနာဖြေရှင်းနည်း စတာတွေကို သူတို့အတွေ့အကြုံတွေကို နားထောင်လိုက်ခြင်းဖြင့် ရရှိနိုင်ပါတယ်။ တစ်ခါတစ်လေ နားထောင်ဖို့အတွက် ပြောဖို့လူမရှိရင် ကိုယ်က မေးဖို့လိုပါတယ်။ ဥပမာ - စာရေးသူဆိုရင် တစ်ခုခုသွားတယ့်အခါ Taxi ငှားစီးရင် ကားသမားကို အစ်ကို ဒီကားက ဘာအမျိုးအစားလဲ မော်ဒယ်ဘယ်လောက်လဲ စသည်ဖြင့် စကားစရှာပြီး ကားအကြောင်းကို မေးပါတယ်။ အဲဒီတော့ သိပ်မသိတဲ့သူကတော့ ဘာမှ ရေရေရာရာ ပြန်မဖြေပေမယ့် ကားအကြောင်း ကောင်းကောင်းသိတဲ့ ကားသမားဆို ဝေဝေဆာဆာ ရှင်းပြပါတယ်။ ကားက Honda fit ၊ မော်ဒယ်က ၂၀၀၇၊ Honda ဆိုတာက ကားထုတ်လုပ်တဲ့ ကုမ္ပဏီ၊ fit ဆိုတာက ကားရဲ့ နာမည်၊ အင်ဂျင်ပါဝါက ၁.၃ စသည်ဖြင့် သူ့ကားအကြောင်းကို စိတ်ပါလက်ပါ ရှင်းပြတတ်ပါတယ်။ ဒါလေးတွေကို မှတ်သားထားပါတယ်။ နောက်တစ်ခါ ကားငှားစီးလို့ အဲဒီကားအမျိုးအစားနဲ့ ကြုံတဲ့အခါ အစ်ကို ဒီကားက Honda fit နော်၊ မော်ဒယ်ဘယ်လောက်လဲ ကျွန်တော်တွေ့ဘူးတဲ့ Honda fit နဲ့ သိပ်မတူဘူး စသည်ဖြင့် အရင်တုန်းက ရခဲ့တဲ့ဗဟုသုတကို အခြေခံပြီးတော့ ထပ်ပြီးမေးပါတယ်။ ဒါဆိုသူကလည်း ညီလေး အဲဒါက ၂၀၀၇ မော်ဒယ်၊ အစ်ကို့ကားက ၂၀၀၈၊ ဒါကြောင့်မတူတာ၊ မီးလုံးက ဘယ်လိုကွဲတယ်၊ Air-corn ကဘယ်လို စသည်ဖြင့် ဆက်ပြောပြန်ပါတယ်။ အဲဒီလိုနဲ့ ကားစီးတိုင်းမေးရင်းမေးရင်းနဲ့ စာရေးသူက ကားအကြောင်းကို စာအုပ်တွေဝယ်မဖတ်ဘဲနဲ့ Honda fit က ဘယ်မော်ဒယ်က ဘယ်လို၊ ဘယ်ဈေး၊ Honda civic ကဘယ်လို၊ Hybrid ကားဖြစ်တဲ့ inside က ဘယ်လိုကွာတယ်၊ သူ့ဘတ္တရီတင်ဘယ်လောက်တန်တယ်၊ အင်ဂျင်ပါဝါက ဘယ်လောက်၊ Toyota ကားကို တော့ မြန်မာပြည်မှာ အပိုပစ္စည်းပေါလို့ကြိုက်ကြတယ်၊ Probox နဲ့ Succeed က ဘယ်လိုကွာတယ်၊ Caldenia မှာ စက်ရုပ်က ဘယ်လို၊ ကြက်တူရွေးက ဘယ်လို၊ Nissan မှာ နွားကြီးနဲ့ နွားလေး ဘယ်လိုကွာတယ်၊ Tida က ဘယ်အုပ်စုနဲ့ တူတယ် Hondyi၊ KIA စတဲ့ ကိုရီးယားကားတွေက ဘယ်လိုအားသာချက်၊ အားနည်းချက်တွေ ရှိတယ် စသည် စသည်ဖြင့် ကားနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ အထိုက်အလျောက် နားလည်သွားပါတယ်။ ဒါဟာ နားထောင်ခြင်းက သင်ယူခြင်း တစ်မျိုးပါ။
           စာရေးသူက နည်းနည်းတော့ စပ်စပ်စုစုနိုင်ပါတယ်၊ သိချင်ရင် မရှက်မကြောက်မေးလေ့ရှိပါတယ်။ တစ်ခါတစ်လေ အလှပြင်ပစ္စည်ရောင်းတဲ့ ကောင်တာတွေမှာ Promotion Girl တွေကိုလည်း မိတ်ကပ်တွေ အကြောင်း၊ Body Lotion အကြောင်း၊ တိုနာ၊ နို့ရည် တွေအကြောင်း၊ foundation cream အကြောင်း စတာတွေ ကိုလည်း စိတ်ကူးပေါက်ရင်မေးပါတယ်။ ဘယ်လိုအသားအရည်ဆိုရင် ဘယ်လို foundation cream သုံးရတယ်၊  မိတ်ကပ်က ဘယ်လိုမျိုးကို သုံးသင့်တယ်၊ Day Cream, Night Craem တွေကို နေ့တိုင်းသုံးဖို့လိုလား၊ တိုနာကဘာလုပ်တာလဲ၊ နို့ရည်ကို ဘယ်လို အချိန်တွေမှာ သုံးရတယ်၊ Body Lotion မှာပါတဲ့ UV က နေရောင်ဒဏ် ဘယ်လောက်အထိ ကာကွယ်ပေးနိုင်လဲ၊ moisturizer တွေက အစိုဓါတ်ကို ဘယ်နှစ်နာရီလောက် အထိ ထိန်းပေးနိုင်လဲ၊ Brand တွေအပေါ်မူတည်ပြီး series တွေဘယ်လို ခွဲထားလဲ စသည်စသည်ဖြင့် စပ်စပ်စုစုမေးတဲ့အခါ အလှအပရေးရာ ကိစ္စတွေကိုလည်း အတိုင်းအတာတစ်ခု အထိ ဗဟုသုတရပါတယ်။ တစ်ခါတည်းတော့ သွားမေးနဲ့ပေါ့ဗျာ၊ အဲဒီလောက်မေးပြီးရင်လည်း အနည်ဆုံးတော့ Body Lotion တစ်ဘူးလောက်တော့ ဝယ်ခဲ့ပေါ့ဗျာ။ ဒါလည်း Listening to Learning ပါ။
လူငယ်တွေတော်တော်များများဟာ “လျှာမရှည်နဲ့၊ ငါပြောတဲ့အတိုင်းလုပ်” စတဲ့ မေးခွန်းမရှိသော စနစ်မှာ ကြီးပြင်းလာကြရတော့ မေးခွန်းမေးရမှာကို အင်မတန် ဝန်လေးပါတယ်။ စာရေးသူ နယ်တွေမှာ ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ ပြောတဲ့အခါ မေးခွန်းမေးဖို့၊ အပြန်အလှန် ဆွေးနွေးဖို့ အချိန်ပေးပါတယ်။ တော်တော်များများက ချက်ချင်း မမေးကြတာကို တွေ့ရပါတယ်။ တစ်ချို့တစ်ချို့တွေက ဘာမေးရမှန်း မသိဘူး၊ တစ်ချို့တွေက မေးစရာလေးတွေတော့ ရှိတယ်၊ ဘယ်လိုမေးရမှန်းမသိဘူး၊ တစ်ချို့တွေက မေးစရာလည်း ရှိတယ်၊ ဘယ်လိုမေးရမလဲ သိတယ်၊ ဒါပေမယ့် အလေ့အကျင့်မရှိတော့ မေးရမှာ ဝန်လေး နေတာမျိုးတွေ ကြုံတွေ့ရပါတယ်။
မောင်ပေါက်ကျိုင်းရာဇဝင်ထဲက ထင်ရှားတဲ့စကားကြီးသုံးခွန်းထဲမှာ “မေးပါများ စကားရ” ဆိုတာပါ ပါတယ်။ ကိုယ်သိချင်တာကို ပြောမယ့်သူရှိရင် နားထောင်ပါ၊ ပြောမယ့်သူမရှိရင် ပြောနိုင်မယ့်သူကို မေးပါ။ ဒါဆိုရင် သက်ဆိုင်ရာ အကြောင်းအရာတွေကို အားလုံးမသိရင်တောင်မှာ အခြေခံဗဟုသုတလောက်တော့ ရနိုင်ပါတယ်။ နေရာတိုင်းမှာ ယူတတ်ရင် ပညာရနိုင်ပါတယ်၊ ဗဟုသုတရနိုင်ပါတယ်၊ ဒါကြောင့် လူငယ်တွေ သင်ယူဖို့အတွက် မေးပါ၊ နားထောင်ပါ၊ ပြီးတော့ မှတ်သားပါ၊ လိုအပ်တဲ့အခါ အသုံးချပါလို့ တိုက်တွန်း လိုက်ပါတယ်။

“လူငယ်တိုင်း တာဝန်ယူတတ်တဲ့သူတွေ ဖြစ်ကြပါစေ …”

အောင်ကိုဦး(UMK)
Be the Best !



Share on Google Plus

About Aung Ko Oo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment