(Review Yourself)
“မိမိကိုယ်ကို
နှိုင်းယှဉ်ပါ” ဆိုတဲ့ ဆောင်းပါးကို ရေးပြီးတော့ ဆက်ပြောစရာလေးတွေ ရှိနေသေးတဲ့ အတွက်
ဒီဆောင်းပါးကို ဆက်ရေးလိုက်ပါတယ်။ မိမိကိုယ်ကို နှိုင်းယှဉ်မယ် ဆိုရင် မိမိကိုယ်ကို
သုံးသပ်ဖို့ လည်း လိုအပ်ပါတယ်။ မိမိကိုယ်ကို သုံးသပ်နိုင်မှသာလျှင် ဘဝအောင်မြင်ရေးအတွက်
လိုအပ်ချက်တွေကို လိုသလို ဆောင်ရွက်နိုင်ကြမှာပါ။ ဆိုလိုတာက ကိုယ့်ရဲ့အားနည်းချက်၊
အားသာချက်တွေ၊ ကိုယ့်ရဲ့ ကောင်းတဲ့အကျင့်၊ မကောင်းတဲ့အကျင့် စသည်တွေကို အမှန်တိုင်း
မြင်အောင် သုံးသပ်ကြဖို့ လိုပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်၊ အားသားချက်တွေကို အမှန်အတိုင်းမြင် မှာသာ အားနည်းချက်တွေကို ပြုပြင်ပြီး၊
အားသားချက်တွေကို အသုံးချနိုင်ကြမှာ ဖြစ်ပါတယ်။ ဒါဆိုရင် အောင်မြင်မှုလမ်းပေါ်ကို အရောက်သွား
နိုင်ကြမှာပါ။
ကိုယ်ရဲ့
အားနည်းချက်၊ အားသားချက်တွေကို လုပ်ငန်းခွင်အင်တာဗျူးတွေမှာ မေးလေ့ရှိပါတယ်။ စာရေးသူ
လှည်းတန်းမှာ စင်္ကာပူကို အလုပ်သွားလုပ်ကြမယ့် English for Employment Communication
သင်တန်းပို့ချစဉ်က သင်တန်းသား/သူတွေကို What is your strength and weakness? ဆိုတဲ့
မေးခွန်းကို ခဏခဏ မေးဖူးပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်ကို သေသေချာချာ ရေရေရာရာ
ချက်ကျ လက်ကျ ဖြေဆိုနိုင်တဲ့ သင်တန်းသား/သူ ရာခိုင်နှုန်းဟာ နည်းပါးလှပါတယ်။ ကိုယ်ရဲ့
အားနည်းချက်က ဘာလဲ သေသေချာချာ စဉ်းစားကြည့်ပါ၊ စာရေးသူရဲ့ အားနည်းချက်က ဒေါသကြီးတာပါ၊
ဒေါသအင်မတန် ကြီးပါတယ်၊ တစ်ခုခုဆိုရင် အနားမှာရှိတဲ့ပစ္စည်းတွေကို ဖျက်ဆီးတတ်တဲ့ အထိ
ဒေါသကြီးပါတယ်။ ဒါဟာ လူမှုဆက်ဆံရေး နယ်ပယ်မှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်
ပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ ဒါကြောင့် အဲဒီအားနည်းချက်ကို ပြင်ဖို့ကြိုးစားခဲ့ပါတယ်၊
အခုလုံးဝ ပျောက်သွားပြီလား ဆိုရင်တော့ လုံးဝတော့ မပျောက်သေးပါ၊ ဒါပေမယ့် အတိုင်းအတာတစ်ခုအထိ
ထိန်းချုပ်နိုင်တဲ့အဆင့်ကို ရောက်နေပါပြီ။ ချက်ချင်းကြီးပြောင်းသွားတာမျိုးတော့ မဟုတ်ပါဘူး
တဖြည်ဖြည်းခြင်း ပြုပြင်ယူရတာပါ။ စာရေးသူရဲ့ အားသာချက်က အလုပ်တစ်ခုကို သေသေသပ်သပ် လုပ်တတ်တာပါ။
အဲဒါကြောင့်လည်း ဆက်ဆံရတဲ့ ပတ်ဝန်းကျင် တော်တော်များများမှာ အဆင်ပြေပါတယ်။ ဒီအားသာချက်ကို
ကောင်းကောင်း အသုံးချနိုင်တဲ့အတွက်လည်း အကျိုးကျေးဇူးတွေရပါတယ်။ ဒါကြောင့် ဘဝမှာအောင်မြင်ချင်သူ
တစ်ယောက်အနေနဲ့ အားနည်းချက်တွေကို ပြင်နိုင်အောင် ကြိုးစားရမှာ ဖြစ်သလို၊ အားသာချက်တွေကို
အကောင်းဆုံးချနိုင်ဖို့ လိုပါတယ်။
နောက်တစ်ခုက
ကိုယ့်မှာရှိတဲ့ မကောင်းတဲ့ အကျင့် (Bad Habit)၊ ကောင်းတဲ့အကျင့် (Good Habit) တွေကိုလည်း
မြင်အောင် ကြည့်ဖို လိုပါတယ်။ အဲဒီလိုကိုယ့်ကိုယ်ကို ပြန်ကြည့်တဲ့အခါ အရှိကို အရှိအတိုင်း၊
အမှန်ကို အမှန်အတိုင်း မြင်အောင် ကြည့်ဖို့၊ သုံးသပ်ဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ
လူတွေက သဘာဝက ကိုယ့်မှာ မကောင်းတဲ့အကျင့်ရှိရင်လည်း ကိုယ့်ကိုယ်ကို မသိချင်ယောင် ဆောင်တတ်ကြတယ်၊
သိပြန်တော့လည်း ပြင်ဖို့မကြိုးစားဘဲ ဆင်ခြေဆင်လက်တွေ ပေးတတ်ကြတယ်။ ဥပမာ - စာရေးသူဆိုရင်
ကွမ်းစားတယ်၊ ကွမ်းစားတာမကောင်းမှန်းသိတယ်၊ ဒါပေမယ့် ကိုယ့်ကိုယ်ကို ဆင်ခြေပြန်ပေးတယ်၊
ကိုယ်မှ စားတာမဟုတ်ပါဘူး၊ ဆရာကြီးသင်ခင်ကိုယ်တော်မှိုင်းလည်း ကွမ်းစားတာပဲ၊ ပြီးတော့
ကွမ်းဆိုတာ မြန်မာ့ရိုးရာ ရှေးတုန်းကဆိုရင် အိမ်ကို ဧည့်သည်လာရင် ကွမ်းအစ်ကြီးနဲ့ ဧည့်ခံကြတာ
စသည်ဖြင့် ကြံဖန်ပြီးတော့ ဆင်ခြေတွေ ပေးတတ်ပါတယ်။ နောက် လူတွေ တော်တော်များများမှာ
ရှိတတ်တဲ့ မကောင်းတဲ့ အကျင့်တစ်ခုက ဘယ်သူမှမသိပါဘူး ဆိုပြီးတော့ လုပ်တတ် ကြတာပါ။ တကယ်တော့
ကိုယ်လုပ်တဲ့ကိစ္စဟာ မကောင်းဘူးဆိုရင် ဘယ်သူမှမသိလည်း ကိုယ်ကိုယ်တိုင် သိပါတယ်။ သူတစ်ပါးက
ကိုယ့်ကို အထင်ကြီးလေးစားဖို့ထက် ကိုယ့်ကိုယ်ကို အထင်ကြီးလေးစား နိုင်အောင် ကြိုးစားကြရမှာပါ။
လူတွေမှာဆိုက်ရောက်နိုင်တဲ့ ဘေးနှစ်ခု ရှိပါတယ်၊ အဲဒါက အတ္တာနုဝါဒဘေး နဲ့ ပရာနုဝါဒဘေး
ပါ။ အတ္တာနုဝါဒ ဆိုတာက ကိုယ့်ကိုယ်ကို ပြန်ပြီးစွပ်စွဲတာ ကဲ့ရဲ့တာ၊ ပရာနုဝါဒဘေး ဆိုတာက
သူများက ကိုယ့်ကို စွပ်စွဲတာ၊ ကဲ့ရဲ့တာ ကိုပြောတာပါ။ ပရာနုဝါဒဘေးက တော့ အတိတ်ကံ ပါလာရင်
ဘယ်သူမှ မလွတ်ပါဘူး၊ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တိုင် သူများက စွပ်စွဲတာကို ခံခဲ့ရသေးတာပဲ။
အရေးကြီးတာက ကိုယ့်ကိုယ်ကို ပြန်ပြီး အပြစ်တင်ရမယ့် စွပ်စွဲရမယ့် ကဲ့ရဲ့ရမယ့် ကိစ္စမျိုး
တွေနဲ့ ရှောင်လွဲနိုင်ဖို့ ကိုယ့်ကိုယ်ကို အထင်ကြီးလေးစားနိုင်ဖို့ အတွက် ကိုယ့်ကိုယ်ကို
ပြန်မလိမ်ဖို့တော့ လိုပါတယ်။
ကိုယ့်မှာရှိတဲ့
ကောင်းတဲ့အကျင့်တွေကိုလည်း သိဖို့လိုပါတယ်၊ ဒါမှ အဲဒီကောင်းတဲ့ အကျင့်တွေကို ဘဝအောင်မြင်ရေးအတွက်
ဘယ်လို အသုံးချနိုင်မလဲဆိုတာ စဉ်းစားနိုင်ကြမှာပါ။ အကျင့်ဆိုတာ ကောင်းတဲ့အကျင့်ဖြစ်စေ၊
မကောင်းတဲ့အကျင့်ဖြစ်စေ မွေးမြူလို့ တည်ဆောက်လို့ ရပါတယ်။ ဥပမာ - ညနေစောင်းတိုင်း လက်ဘက်ရည်ဆိုင်သွားတယ်ဆိုရင်
တစ်ရက်၊ နှစ်ရက်လောက်နဲ့ အကျင့်မဖြစ်ပေမယ့် လနဲ့ချီပြီးကြာလာရင်တော့ အကျင့်ဖြစ်လာပါတယ်။
ဒီလိုပဲ နေ့တိုင်း နေ့တိုင်း စာဖတ်တယ် ဆိုရင်လည်း ရက်ပေါင်းများစွာ ကြာလာတဲ့အခါ စာဖတ်တဲ့အလေ့အကျင့်
ရလာပါလိမ့်မယ်။ ပညာရှင်တွေရဲ့ အဆိုအရ အလုပ်တစ်ခုကို ၂၇-ရက်ဆက်တိုက် စွဲပြီးလုပ်ရင်
အကျင့်ဖြစ်လာတယ် လို့ ဖတ်ဖူးပါတယ်။ လက်ဘက်ရည်ဆိုင် ထိုင်တာကတော့ ၂၇-ရက်မလိုဘဲ ၂-ရက်/
၃-ရက်ဆိုရင် အကျင့်ဖြစ်တယ် တဲ့၊ ဒါပေမယ့် စာဖတ်တာကတော့ တစ်လလောက်ဖတ်လဲ အကျင့်မဖြစ်ဖူး
လို့ တစ်ချို့သော သင်တန်းသား/ သူတွေက နောက်တယ်။ အဲဒါက တကယ်တော့ နေ့တိုင်းနေ့တိုင်း
အဆက်မပြတ်မလုပ်ဖြစ်လို့ပါ၊ တကယ်လုပ်ကြည့်ရင် အကျင့်ဖြစ်လာတာကို တွေ့ရလိမ့်မယ်။
ဒါကြောင့်
ဘဝမှာ အောင်မြင်ချင်သူတွေ အနေနဲ့ ကိုယ့်ကိုယ်ကို အမှန်အတိုင်း မြင်အောင် သုံးသပ်ကြည့်ပါ၊
ကိုယ့်ရဲ့ အားနည်းချက်၊ မကောင်းတဲ့အကျင့် စတာတွေကို ပြင်ဆင်ပြီး ကိုယ့်ရဲ့ အားသာချက်၊
ကောင်းတဲ့အကျင့်တွေကို အကောင်းဆုံးအသုံးချကာ ကိုယ့်ကိုယ်ကို အထင်ကြီးလေးစား နိုင်တဲ့၊
ပတ်ဝန်းကျင်ကလည်း အထင်ကြီးလေးစားလောက်တဲ့ အောင်မြင်သူတွေဖြစ်အောင် ကြိုးစားကြပါ လို့
အကြံပြု တိုက်တွန်းလိုက်ပါတယ် …. ။
“If
you don’t take time to program yourself or your life, life will program you.”
“ရတဲ့အသိကို
လက်တွေ့ အသုံးချနိုင်ပါစေ … ”
အောင်ကိုဦး(UMK)
Be The
Best !

0 comments:
Post a Comment