လုပ်ငန်းအစီအစဉ် အသေးစိတ်သတ်မှတ်ပါ
ယခင်တစ်ပတ် လူငယ်တွေ အောင်မြင်ဖို့ အပိုင်း
(၂) တွင် မိမိအရည်အချင်းကို ဖြည့်ဆည်းထားဖို့
အတွက် ဖြည့်ဆည်းရမဲ့ အမျိုးအစား ၄ မျိုးကို
ပြောခဲ့ပြီးဖြစ်ပါတယ်၊ အဆိုပါ လိုအပ်ချက်များကို ဆောင်ရွက်ရန် အတွက် လုပ်ငန်းအစီအစဉ်များကို
မည်သို့ လုပ်ဆောင်သင့်သည်ကို ဆက်လက် ပြောပြလိုပါတယ်။
ပထမဆုံး နေ့စဉ်လုပ်ငန်းအစီအစဉ်ကို စတင်သတ်မှတ်ရပါမယ်၊
တနေ့ခြင်းအတွက် တစ်ခုစီကို နာရီဘယ်လောက် အချိန်ပေးလုပ်မယ်၊ ဘယ်အတိုင်းအတာအထိ ပြီးစီးအောင်လုပ်မယ်ဆိုတာတွေကို
သတ်မှတ်ရပါမယ်၊ ထိုအတူပဲ တစ်လအတွက် ၊ တစ်နှစ်အတွက်၊ နောက်လာမဲ့ သုံးနှစ် … ငါးနှစ်အတွက်
အထိပါ ကိုယ်လိုချင်တဲ့ အတိုင်းအတာနဲ့ လုပ်ရမဲ့ အစီအစဉ်ကို အသေးစိတ် ချမှတ်ဖို့လိုအပ်ပါတယ်။
ဘဝမှာ အောင်မြင်နေတဲ့သူတိုင်း အစီစဉ်တကျ လုပ်ချင်မှ လုပ်ခဲ့ကြလိမ့်မယ်၊ ဒါပေမဲ့ “အစီအစဉ်ချမှတ်ပြီး
လုပ်ခဲ့ကြသူတိုင်းတော့ အောင်မြင်ကြပါတယ်” ။
ကျွန်တော်တို့ နေ့စဉ်ဘဝမှာ လုပ်ငန်းအစီအစဉ်တွေကို
စနစ်တကျ မသတ်မှတ်ထားတော့ ကိုယ့်ရဲ့ အနာဂတ်ဟာ ဘာမှန်းမရေရာ မသေချာကြပါဘူး၊ တစ်နေ့တစ်နေ့
လုပ်လည်း လုပ်နေပါတယ်၊ ပင်လည်း ပင်ပန်းကြပါတယ်၊ နားလည်း မနားရပါဘူး၊ ဒါပေမဲ့ ၃ နှစ်
… ၅ နှစ် စသည်ဖြင့် အချိန်တွေကြာလာပေမဲ့ ဘဝက ထူးထူးခြားခြား ပြောင်းလဲလာတာ မရှိပါဘူး၊
ဒီလိုပဲ တစ်နေ့နဲ့ တစ်နေ့ လုပ်ရင်း ကိုင်ရင်း ပြေးရင်း လွှားရင်း နဲ့ပဲ ပုံမှန်ဘဝတစ်ခုမှာ
လည်ပတ်နေကြပါတယ်၊ ဘဝကို တစ်နှစ်ထက် တစ်နှစ် မြင့်သထက် မြင့်လာဖို့ဆိုရင် တိကျသေချာတဲ့
ဘဝစီမံကိန်း (Life Plan) ဟာ အသက်တမျှ အရေးကြီးပါတယ်။
နေ့စဉ်လုပ်ငန်း အစီအစဉ်ချမှတ်တဲ့အခါ မနက်မိုးလင်း
အိပ်ရာထကတည်းက အိပ်ရာဝင်မဲ့ အချိန်အထိ ဆောင်ရွက်ရမဲ့ ကိစ္စတွေကို လုပ်ငန်းကဏ္ဍအသီးသီး
အလိုက် ခွဲခြားလိုက်ပါ။ ကဏ္ဍခွဲပြီးတဲ့ အခါ တစ်ခုခြင်းအလိုက် လုပ်ရမဲ့ အကြောင်းအရာ အသေးစိတ်
သတ်မှတ်ပါ၊ အကြောင်းအရာ အလိုက် လိုအပ်တဲ့ အချိန်ကို တွက်ချက်ပါ။ ဆိုလိုတာက ကိုယ့်ရဲ့တစ်နေတာကို
အချိန်ဇယား သတ်မှတ်ပြီး လုပ်ရမဲ့ အချက်အလက်တွေကို စာအုပ်တစ်အုပ်နဲ့ ချရေးပါ။ ကိုယ်သတ်မှတ်ထားတဲ့
အချိန်ဇယားနဲ့ လုပ်ရမဲ့ကိစ္စ တွေကို ကိုယ်ကိုတိုင် ပြီးမြောက်နိုင်အောင် ကြိုးစားပါ။
ကိုယ်ကိုယ်တိုင် သတ်မှတ်ထားတဲ့ အချိန်နဲ့ တာဝန်ကို ကိုယ်ကိုတိုင် မလုပ်နိုင်ခဲ့ရင်
သူများသတ်မှတ်ထားတဲ့ အချိန် နဲ့ လုပ်ငန်းတာဝန်ကို လုပ်ရတဲ့အခါ၊ သူများအတွက် ကိုယ်က
လုပ်ငန်းတာဝန်၊ အချိန်တွေ သတ်မှတ်ပေးရတဲ့ နေရာကို ရောက်တဲ့အခါ အဆင်ပြေနိုင်/ မပြေနိုင်
ကို စဉ်းစားကြည့်ပါ။
ပုံမှန်အားဖြင့် အလုပ်တွေအားလုံးပြီးတဲ့
အချိန်မအိပ်ခင်မှာ မနက်ဖြန် အတွက် တစ်နေ့တာ အစီအစဉ်ကို အသေးစိတ် ချရေးလိုက်ပါ။ နောက်တစ်နေ့
မိုးချူပ်လို့ တစ်နေ့တာ အစီအစဉ်တွေပြီးတဲ့ အခါ နောက်တစ်နေ့ အစီအစဉ်မရေးခင် မနေ့က သတ်မှတ်ခဲ့တဲ့
တစ်နေ့တာ လုပ်ငန်း အစီအစဉ်ကို ဒီနေ့ ဘယ်လောက်ပြီးအောင် လုပ်နိုင်ခဲ့လဲဆိုတာကို ပြန်စစ်ဆေးပါ။
သေချာပါတယ် စစခြင်း လုပ်တဲ့အခါ အားလုံး ပြီးအောင် မလုပ်နိုင်သေးပါဘူး။ အလေ့အကျင့် မရှိသေးတာလည်း
ပါပါတယ်၊ ဒါက ယေဘုယျ ကောက်ချက်ချတာပါ။ ဘာကြောင့်မပြီးမြောက်တာလဲ ? ဆက်ပြီး သုံးသပ်ဖို့လိုပါတယ်။
ကိုယ့်ရဲ့ ဝိရီယ နည်းလို့လား တနည်းပြောရရင် ပျင်းလို့ ရွှေ့လို့ ရလို့ ရွှေ့ထားလိုက်တာလား၊
ရာသီဥတုကြောင့်လား၊ ပြင်ပ သက်ရောက်မှု တစ်ခုခုရှိလို့လား စသည်ဖြင့် မပြီးရသည့် အကြောင်းရင်းကို
သေသေချာချာ သိအောင် လုပ်ရပါမယ်။ ကိုယ် ပျင်းလို့ မပြီးတာလား ? အခြားအကြောင်းတစ်ခုခုကြောင့်
မပြီးတာလား ? သေချာ အောင် သုံးသပ်ရပါမယ်၊ အဲဒီရလဒ် အပေါ်မူတည်ပြီး နောက်တစ်နေ့ အစီအစဉ်ကို
ဆက်ရေးတဲ့အခါ လိုအပ်သလို ဆက်ပြီး ရေးဆွဲပါ၊ ထုံးစံအတိုင်း ပြန်စစ်ဆေးပါ၊ အချိန်ကြာလာတာနဲ့
အမျှ အချိန်နဲ့ လုပ်ငန်း ကို စီမံခန့်ခွဲလာနိုင်ပါလိမ့်မယ်။ နားလည်လွယ်အောင် အတိုချုပ်ပြန်ပြောရရင်
“မနေ့က သတ်မှတ်ခဲ့တဲ့ အစီအစဉ်ကို ဒီနေ့ ဘယ်လောက်လုပ်နိုင်လဲ
စစ်ဆေးသုံးသပ်ပြီး မနက်ဖြန်အစီအစဉ်ကို ဆက်လက် ချမှတ်ပါ။” အဲဒီအတိုင်း နေ့စဉ်လုပ်နိုင်ရင်
ကိုယ်လိုချင်တဲ့ Target တစ်ခုကို သတ်မှတ်ထားတဲ့ အချိန်မှာ ရအောင် လုပ်နိုင်ပါလိမ့်မယ်။
ဒီနေရာမှာ တစ်ခု အရေးကြီးတာက ဇွဲရှိဖို့ပါ၊
အောင်မြင်မှုတစ်ခုကို ရဖို့ဆိုရင် ဇွဲကလည်း အရမ်း အရေးကြီးတဲ့ အချက်တစ်ခုပါ။ အလုပ်တစ်ခုကို
စလုပ်ကြတဲ့အခါ အရမ်းတက်ကြွတတ်ကြပါတယ်။ အချိန်ကြာလာတဲ့အခါ အီလာတတ်ကြပါတယ်၊ အဲဒီအချိန်မှာ
အခက်အခဲတွေ ကြုံလာခဲ့ရင် အခက်အခဲကို ခေါင်းစဉ်တတ်ပြီး လက်လျှော့တတ်ကြပါတယ်၊ နောက်ပြန်
လှည့်တတ်ကြပါတယ်။ ဥပမာ - သင်တန်း တစ်ခုကို စတက်မဲ့အချိန်မှာ မတက်ခင်ကတည်းက တက်ကြွနေတတ်ကြပါတယ်။
သင်တန်းမှာ ကာလကြာလာတဲ့ အခါ အပေါင်းအသင်းတွေရလာမယ် … အပြင်ထွက်မယ် ၊ လျှောက်သွားမယ်
… စသည်ဖြင့် အမျိုးမျိုးသော အကြောင်းအရာတွေကြောင့် သင်တန်းနဲ့ ဝေးလာတတ်တယ်၊ အဲဒီအချိန်မှာ
အလုပ်ကတစ်ဖက်ဆိုရင် ပိုအကြောင်းပြလို့ကောင်းပါတယ်၊ အလုပ်တွေကြောင့် မအားလို့ သင်တန်းအပေါ်
အပြည့်အဝ အာရုံမစိုက်နိုင်လို့ အရေးကြီး အလုပ်ကိစ္စတွေ ပေါ်လာလို့ စသည်စသည်ဖြင့် အကြောင်းပြချက်
အမျိုးမျိုးနဲ့ လမ်းတစ်ဝက်မှာ ရပ်တန့် သွားတတ်ကြပါတယ်။
တကယ်အောင်မြင်ချင်ရင် တကယ်လိုအပ်တဲ့ အရာတွေကို
မဖြစ်မနေ ဖြည့်ဆည်းရပါမယ်၊ လုပ်ရမဲ့ အလုပ်တွေကို အချိန်နဲ့အမျှ သတ်မှတ်ထားတဲ့ အတိုင်း
ပြီးစီးနိုင်ဖို့ တိတိကျကျ သေသေချာချာ လုပ်ကြ ရပါမယ်။ သတ်မှတ်ထားတဲ့ အစီအစဉ်မှာ မပါပေမဲ့
လူမှုရေးကိစ္စတစ်ခုခု အတွက် ဖြစ်ဖြစ်၊ စိတ်အပန်းဖြေ ချင်လို့ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့
ဆုံမိလိုပဲဖြစ်ဖြစ်၊ သက်ဆိုင်သူနဲ့ ကန်တော်ကြီးမှာ … အင်းယား ကန်ဘောင်မှာ အတူတူသွားဖို့ပဲ
ဖြစ်ဖြစ် အကြောင်းတစ်စုံတစ်ရာကို လုပ်ချင်တယ်ဆို လုပ်နိုင်ပါတယ်၊ ဒါပေမဲ့ ဒီနေ့ပေးလိုက်တဲ့
အချိန်နဲ့ မပြီးစီးတဲ့ ကိစ္စကို နောက်နေ့မှာ အစားထိုးကာ ပြီးစီးအောင် လုပ်နိုင်ရပါမယ်။
ဆိုလိုတာက တစ်ရက်ခြင်း အစီအစဉ်တွေမှာ ပျက်ကွက်မှုတွေ ရှိခဲ့ရင်လည်း ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ်
တစ်လတာ အစီအစဉ်ကို တစ်လအတွင်း ပြီးအောင်၊ နောက်ဆုံးအဆင့် တစ်နှစ်တာအတွင်းမှာ သတ်မှတ်ချက်အတိုင်း
၈၀ % လောက်ပြီးမြောက်နိုင်အောင် ကြိုးစားကြရပါမယ်၊ ရာနှုန်းပြည့် ပြီးမြောက်နိုင်ဖို့တော့
သိပ်မလွယ်ကူလှပါ။ ဘာပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင် သတ်မှတ်ထားတဲ့ လုပ်ငန်းအစီအစဉ်ကို
သတ်မှတ်ထားတဲ့ အချိန်မှာ ရောက်အောင် လျှောက်နိုင်ခဲ့ရင် ထိုက်တန်တဲ့ အောင်မြင်မှု တစ်နေရာက
ကိုယ့်ကို စောင့်ကြိုနေပါလိမ့်မယ် …… ။
“
လူငယ်တိုင်း တိကျတဲ့ အစီအစဉ်များကို အကောင်အထည်ဖော်ကာ အောင်မြင်နိုင်ကြပါစေ … ”
အောင်ကိုဦး
(UMK)
Be
the Best !

0 comments:
Post a Comment