ပြီးခဲ့တဲ့လက “လူငယ်တွေ စာဖတ်ဖို့” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ရေးခဲ့
ပါတယ်။ လူငယ်တွေ စာဖတ်ဖို့ ဆိုရင် စာဖတ်ခြင်း အလေ့အထကို ငယ်စဉ်ကတည်း ပျိုးထောင်ပေးဖို့၊
စာဖတ်နိုင်တဲ့ ပတ်ဝန်းကျင် ဖန်တီးဖို့ စတဲ့ အချက် ၂-ချက်ကို အဓိကပြောခဲ့ပါတယ်။ အဲဒီဆောင်းပါးနဲ့
ပတ်သက်ပြီး ဆက်ပြောစရာတွေ ရှိနေသေးလို့ ယခုဆောင်းပါးကို ဆက်လက် ရေးသားလိုက်ပါတယ်။
စာရေးသူတို့
မြန်မာနိုင်ငံမှာ ရှိတဲ့ လူဦးရေ နဲ့ စာအုပ်ထုတ်တဲ့ စာအုပ်အရေအတွက်နဲ့ နှိုင်းယှဉ်လိုက်ရင်
တစ်နိုင်ငံလုံးအတိုင်းအတာအထိ စာဖတ်တဲ့နှုန်း အင်မတန် နည်းတာကို တွေ့နိုင်ပါတယ်။ လူဦးရေ
သန်း ၆၀ ကျော် ရှိတဲ့ စာရေးသူတို့ နိုင်ငံမှာ စာအုပ်တစ်အုပ်ကို အုပ်ရေ - ၁၀၀၀ လောက်ပဲ
ထုတ်ဝေကြပါတယ်။ အတော်ကို အောင်မြင်တဲ့ စာရေးဆရာမှ ဒုတိယအကြိမ်၊ တတိယအကြိမ် ထုတ်ဝေရတာပါ။
အကြိမ်ရေများစွာ ထုတ်ဝေရတဲ့ စာရေးဆရာဆိုတာ လက်ချိုးရေလို့ ရပါတယ်။ စာဖတ်နှုန်း မြင့်တက်လာအောင်
ဘယ်လိုလုပ်သင့်ပါသလဲ ?
ယခင်ဆောင်းပါးမှာ
ပြောခဲ့တဲ့အတိုင်း စာဖတ်ခြင်း အလေ့အထကို ငယ်ရွယ်စဉ်ကတည်းက ပြုစုပျိုးထောင်ပေးဖို့လိုပါတယ်။
ငယ်ရွယ်စဉ်ကတည်းက စာဖတ်ဖို့အတွက် ဆိုရင် အဓိက နံပါတ် ၁ ကတော့ မိဘတွေက စာဖတ်ခြင်း အလေ့အထကို
စတင်ပျိုးထောင်ပေးဖို့လိုပါတယ်။ နောက်တစ်ခုကတော့ စာသင်ကျောင်းတွေပါ၊ စာဖတ်ခြင်းအလေ့အထကို
ပြုစုပျိုးထောင်ပေးဖို့အတွက် မိဘတွေပြီးရင် ဆရာ/ ဆရာမတွေက နံပါတ်-၂ တာဝန်ရှိတယ်လို့
စာရေးသူ ခံယူပါတယ်။ နောက်တစ်ချက်က ကျောင်းစာကြည့်တိုက်တွေဟာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း
ကနေ တက္ကသိုလ်အထိ ကျောင်းစာကြည့်တိုက်တွေ၊ တက္ကသိုလ် စာကြည့်တိုက်တွေ အသက်ဝင်နေဖို့လိုပါတယ်။
နောက်တစ်ခုက ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ နိုင်ငံတော် အဆင့်အထိ စာကြည့်တိုက်တွေ အသက်ဝင်နေဖို့
အရေးကြီးပါတယ်။ အခုအချိန်မှာ ကျောင်းစာကြည့်တိုက်တွေ၊ ရပ်ကွက်/ ကျေးရွာ၊ မြို့နယ် စာကြည့်တိုက်တွေကို
ကြည့်မယ်ဆိုရင် ဖွင့်ထားဆိုပေမယ့် အသက်ဝင်တဲ့ အရေအတွက်ကတော့ နည်းပါးပါတယ်။
နိုင်ငံတကာမှာ
ဆိုရင် စာအုပ် တော်တ်ာများများကို Level အလိုက် ဖတ်နိုင်အောင် ပြန်လည် ရေးသားကြပါတယ်။
ကလေးငယ်တွေဟာ ငယ်စဉ်ကတည်းက အသက်အရွယ်အလိုက် ဂန္တဝင်စာပေ တွေကို ထိတွေ့ခွင့် ရကြပါတယ်။
ဒါ့အပြင် စာအုပ်စာပေ အမျိုးအစား စုံစုံလင်လင်၊ ကဏ္ဍမျိုးစုံကို level အစုံဖတ်နိုင်အောင်
စာအုပ်တွေ ထုတ်ဝေကြပါတယ်။ ဒါကြောင့်မို့ စာရေးသူတွေ အနေနဲ့လည်း စာပေ အမျိုးအစား စုံစုံလင်လင်ကို
အသက်အရွယ်စုံစုံလင်လင် ဖတ်နိုင်အောင် အားထုတ်ဖို့ လိုအပ်တယ် စာရေးသူ မြင်မိပါတယ်။
နောက်တစ်ချက်
စဉ်းစားစရာ ရှိတာက ပြည်သူတွေရဲ့ဘဝ ရပ်တည်မှုပုံစံ နဲ့ ဝင်ငွေအနေ အထားကလည်း စာဖတ်နှုန်းကို
တစ်နည်း တစ်ဖုံ ပတ်သက်နေပါတယ်။ ယနေ့ပြည်သူတွေ အများစုမှာ တစ်နေ့ဝင်ငွေ ၃၀၀၀ - ၅၀၀၀
ဝန်းကျင်မှာရှိပြီး၊ နေ့စဉ်နဲ့အမျှ ၁၂ - ၁၆ နာရီလောက်အထိ လှုပ်ရှားရုန်းကန် နေကြရပါတယ်။
တစ်ဦးချင်း ဝင်ငွေအားဖြင့် နည်းပါးတဲ့အတွက် အပိုငွေနည်းပါးတဲ့အခါ စာဝတ်နေရေးကို ဦးစားပေးနေရတဲ့
အတွက် စာအုပ်စာပေတွေ ဝယ်ယူဖတ်ရှုဖို့အတွက် အခက်ရှိတာလည်း စာဖတ်အား ကျဆင်းရတဲ့ အကြောင်းအရာ
တစ်ခုဖြစ်မယ်လို့ စာရေးသူထင်ပါတယ်။ စာဝတ်နေရေး အတွက် နေ့စဉ်နဲ့ အမျှ မိုးလင်းမိုးချုပ်
လှုပ်ရှားရုန်းကန် နေကြရတဲ့အတွက် အချိန်ပိုရယ်လို့ သိပ်ပြီးတော့ မထွက်လာတာ ကလည်း စာဖတ်အား
ကျဆင်းစေတဲ့ အကြောင်းတစ်ချက်ပါပဲ။ နောက်တစ်ခုက စာအုပ်ဈေးနှုန်းကိစ္စပါ၊ စာအုပ်တစ်အုပ်ကို
၁၅၀၀-၂၀၀၀ ကြားဆိုရင် ဝယ်တဲ့သူ လွယ်လွယ်ကူကူ ဝယ်နိုင်ပေမယ့် ၂၅၀၀ ကနေ ၄၀၀၀-၅၀၀၀ ကြားလောက်
စာအုပ်တွေဆိုရင်တော့ တော်ရုံတန်ရုံ ဝါသနာနဲ့ ဝယ်ဖတ်ဖို့ မဖြစ်နိုင်ပါဘူး … ။ နောက်တစ်ခုက
စာအုပ်အငှားဈေးကွက် ကလည်း ယိုင်နဲ့နေပါတယ်။ တစ်ချို့သောဆိုင်တွေဆိုရင် ပိတ်သိမ်းပြီး
လုပ်ငန်းပြောင်းသွားကြတာတွေလည်းတွေ့ပါတယ်။ ဗွီဒီယိုအခွေတစ်ခွေကို ၂၀၀ ဆိုရင် တစ်အိမ်လုံး
ကြည့်လို့ရပြီးတော့၊ စာအုပ်တစ်အုပ်ဆိုရင် တစ်ယောက်၊ နှစ်ယောက် လောက်ပဲဖတ်ရတဲ့ အတွက်
တစ်ချို့တွေက စာဖတ်ကြမယ့်အစား ဗွီဒီယိုခွေပဲ ငှားကြည့်ကြတာမျိုးလည်း တွေ့ရပါတယ်။
ယနေ့ခေတ်
လူငယ်တော်တော်များများကလည်း အွန်လိုင်းကို အများစု အသုံးပြုကြတဲ့အတွက် စာရေးသူတွေအနေနဲ့လည်း
ပုံနှိပ်စာမျက်နှာများသာ မက အွန်လိုင်းစာမျက်နှာများ မှာလည်း မျှဝေပေးကြဖို့ လိုအပ်ပါတယ်။
အဲဒီလိုမျိုး အကြောင်းအမျိုးမျိုး ကြောင့် စာဖတ်နှုန်းကျဆင်းနေတာကို စာဖတ်ရှိန် ပြန်လည်
မြင့်တက်လာဖို့ အတွက် နံပါတ်-၁ က ကျောင်းစာကြည့်တိုက်တွေကို အသက်ဝင်နေအောင် နိုင်ငံတော်ပိုင်း
က ပံပိုးကူညီပြီး လုပ်ကိုင်ပေးဖို့ လိုပါတယ်။ စာကြည့်တိုက်ဆိုတာ အဆောက်အဦ နဲ့ စာအုပ်တွေ
ပြည့်စုံနေရုံ နဲ့ မလုံလောက်ပါ။ (တကယ်တော့ အဆောက်အဦ နဲ့ စာအုပ်တွေလည်း မပြည့်စုံသေးပါ)
အဲဒီ စာကြည့်တိုက်ကို ထိန်သိမ်းစောင့်ရှောက် စီမံခန့်ခွဲပေးဖို့ အရည်အချင်းရှိတဲ့၊
စေတနာ ပြည့်ဝတဲ့ စာကြည့်တိုက်မှူး တွေလည်း မရှိမဖြစ်လိုအပ်ပါတယ်။ စာကြည့်တိုက်မှူး
မရှိရင်တော့ အဲဒီစာကြည့်တိုက် ဟာ ရေရှည်တည်တန့်ခိုင်မြဲဖို့ အသက်ဝင်နေဖို့ မလွယ်လှပါဘူး။
ကျောင်းစာကြည့်တိုက်တွေ
အသက်ဝင်ရှင်သန်နေရင် ကလေးဘဝကတည်းက စာဖတ်တဲ့ အလေ့ အကျင့် စွဲမြဲနေမှာ ဖြစ်တဲ့အတွက် စာကို
တစ်စိုက်မတ်မတ် ဖတ်ရှုလာကြမှာပါ။ ကျောင်းစာကြည့်တိုက်တွေ အပြင် တက္ကသိုလ်စာကြည့်တိုက်တွေ၊
ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ပြည်နယ်၊ တိုင်းဒေသကြီး အထိ စာကြည့်တိုက်တွေ အသက်ဝင်ရှင်သန်နေပါမှ
စာဖတ်နှုန်းမြင့်တက်လာမှာဖြစ်ပါတယ်။ ခုအချိန်မှာ စာဖတ်နှုန်း ကျဆင်းနေတဲ့အတွက် စာရေးသူတွေ
နဲ့ ထုတ်ဝေဖြန့်ချီသူတွေရဲ့ အခက်အခဲကလည်း မသေးလှပါဘူး။ သာမန်စာရေးသူ တစ်ယောက်က စာအုပ်တစ်အုပ်
ရိုက်နှိပ်ထုတ်ဝေပြီးရင် အကျိုးအမြတ်ကို ခဏထားလို့ အရင်းရဖို့တောင်မှ သိမ်မသေချာလှပါ။
ဥပမာ-စာရေးသူ တစ်ယောက်က စာအုပ်တစ်အုပ်ရေးဖို့ အတွက် ၆-လတန်သည်၊ ၁-နှစ်တန်သည် ကြာတယ်
ဆိုပါစို့။ အဲဒီစာအုပ်က အကျိုးအမြတ် ၁-သိန်းလောက်ပဲ ရတယ်ဆိုရင် သူ့အတွက် စားဝတ်နေရေးကို
ဘယ်လိုဖန်တီးကြမလဲ။ စာကြည့်တိုက်တွေသာ အသက်ဝင် ရှင်သန်လာရင် စာရေးသူတွေ၊ ထုတ်ဝေသူတွေ
အတွက်လည်း အသက်ရှုချောင်လာပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ မြို့ကြီးတစ်မြို့တိုင်းမှာ
စာကြည့်တိုက်တစ်တိုက် လောက်ပဲ ရှိပြီး၊ အဲဒီစာကြည့်တိုက်တိုင်းက ထွက်ရှိလာတဲ့ စာအုပ်တစ်အုပ်စီလောက်သာ
ဝယ်မယ်ဆိုရင်ကို တော်တော်အဆင်ပြေပါတယ်။ အဲဒီလို အုပ်ရေများများ ရိုက်နှိပ်ရရင် ထုတ်ဝေသူတွေ
ဖက်ကလည်း လူတိုင်းဝယ်နိုင်တဲ့ ဈေးနှုန်းနဲ့ ရောင်းချလာနိုင်မှာဖြစ်ပါတယ်။ ဝယ်လိုအားများပြီး
ရောင်းအားများရင် ဈေးနှုန်းကို လျော့ချလို့ရတာ ရိုးရိုးလေးတွေးကြည့်ရုံနဲ့ မြင်နိုင်ပါတယ်။
စာဖတ်သူတွေ အတွက်လည်း ငွေကုန်ကြေးကျ သက်သက်သာသာနဲ့ လွယ်လွယ်ကူကူ ဖတ်ရှုလာနိုင်ကြမှာ
ဖြစ်ပါတယ်။
ကျွန်တော်တို့
မြန်မာတွေ စာဖတ်ဖို့ဆိုရင် မိသားစု စာအုပ်စင် မှသည် ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ ပြည်နယ်၊ တိုင်းဒေသကြီး၊ နိုင်ငံတော်အဆင့်အထိ စာကြည့်တိုက်များ
အသက်ဝင် ရှင်သန်နိုင်အောင် ဆောင်ရွက်နိုင်ကြစေဖို့ သက်ဆိုင်သူများ တွေးဆနိုင်ကြစေဖို့
ရည်ရွယ် ရေးသားလိုက်ပါတယ်။
အောင်ကိုဦး(UMK)
Be
the Best !

0 comments:
Post a Comment