အစကောင်းတိုင်း အနှောင်းမသေချာပါ …


          အလုပ်တစ်ခုလုပ်တယ်ဆိုတာ “အစကောင်းမှ အနှောင်းသေချာတယ်” လို့ ရှေးလူကြီးသူမတွေ ပြောခဲ့ကြပါတယ်။ စာရေးသူတို့ လူငယ်တွေမှာ တစ်ချို့ချို့တွေဟာ၊ တစ်ခါတစ်ခါမှာ အစကောင်းပေမယ့် အနှောင်းမသေချာ တာတွေလည်း ရှိတတ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဇွဲ အားနည်းလို့ပါ၊ ကောက်ရိုးမီး လိုမျိုး ဝုန်းကနည်း ထတောက်ပြီးတော့ ပြန်ငြိမ်းသွားတတ်ကြတာမျိုးတွေလည်း ကြုံရတတ်ပါတယ် … ။ ဒါကြောင့် … အစကောင်းတိုင်း … အနှောင်းမသေချာ တာမျိုးတွေ ရှိတတ်ပါတယ် လို့ ပြောတာပါ။
          ဒီနေ့ခေတ်လူငယ်တွေဟာ ဘာပဲလုပ်လုပ် တက်တက်ကြွကြွရှိကြတာ ဝမ်းသာစရာပါ။ ဘယ်နေရာပဲ ဖြစ်ဖြစ် သူတို့စိတ်ဝင်စားရာ၊ စိတ်ဝင်စားရာ နယ်ပယ် အသီးသီးမှာ လူငယ်တွေကို တွေ့ရပါတယ်။ တစ်ချို့ချို့တွေက ဂိမ်းဆိုင်မှာ၊ တစ်ချို့ချို့တွေက ကန်ဘောင်မှာ၊ တစ်ချို့ချို့တွေက KTV မှာ၊ တစ်ချို့ချို့တွေက ဘောလုံးပွဲမှာ စသည်စသည်ဖြင့် အချိန်ကိုအကျိုးမဲ့စေတဲ့ နေရာတွေမှာပဲ ရှိတာမဟုတ်ပါဘူး၊ ပရဟိတ လုပ်ငန်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ တရားစခန်းတွေ၊ သာရေး/ နာရေး ကိစ္စတွေမှာ လုပ်ကိုင်နေကြတဲ့ လူငယ်တွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် စတဲ့အချိန်မှာ ဝုန်းဝုန်းနဲ့ လူတွေများသလောက် တဖြေးဖြေးနဲ့ လူတွေ ကျဲကျဲလာတာတွေကို တွေ့ရတတ်ပါတယ်။
          ဘဝမှာ ကိုယ်လုပ်တဲ့ အလုပ်ကို တိုးတက်ချင်ရင် … အောင်မြင်ချင်ရင် … အစကောင်းရုံနဲ့ မရပါဘူး … အနှောင်းသေချာဖို့ အတွက် စဉ်ဆက်မပြတ်လုပ်ဖို့ အရေးကြီးပါတယ်။ ခုဆိုရင် နွေရာသီ ကျောင်းပိတ်ရက်ကို ရောက်လာပြီဆိုတော့ ဆယ်တန်းဖြေပြီးစ လူငယ်တွေဟာ ဝါသနာပါရာ သင်တန်းတွေ ဆီ ချီတက်ကြပါတော့မယ်။ စာရေးသူတို့ငယ်စဉ်က ရွာမှာဆိုတော့  ရန်ကုန်မှာလို သင်တန်းမျိုးစုံလည်း မရှိပါဘူး၊ ခုတော့ ဘာသာစကားသင်တန်း၊ ကွန်ပျူတာသင်တန်း၊ ရေးကူး၊ ပန်းချီ၊ အားကစား စသည်ဖြင့် သင်တန်းတွေကို စုံလို့ပါပဲ။ လူငယ်တွေဟာ သင်တန်းတစ်ခုတက်တော့မယ် ဆိုရင် အတွေးနဲ့တင် တက်ကြွနေတတ်ကြပါတယ်။ စာအုပ်၊ ဘောပင်က အစပြုလို့ လိုအပ်တဲ့ ပစ္စည်းပစ္စလေးတွေဝယ်ပြီးတော့ သင်တန်းတက်ရတော့မယ် ဆိုပြီးတော့ ပျော်နေတတ်ကြပါတယ်။  စတက်တဲ့နေ့ဆိုရင်လည်း အစောကြီး ရောက်အောင်သွားကြပါတယ်။ အချိန်တွေ ကြာလာကြာလာတာနဲ့ အမျှ နည်းနည်း ပေါ့လာပါတယ်၊ ပေါ့ရာကနေ လျော့လာပါတယ်၊ လျော့သွားပြီဆိုရင်တော့ ပြေကျဖို့ နီးသွားပါပြီ … ။ ကောက်ရိုးမီးလို ဝုန်းကနဲ ထတောက်ပြီးတာနဲ့ အရှိန်သေသွားတတ်ကြပါတယ်။
          လူငယ်တွေ သင်တန်းတက်ကြတဲ့အခါ အခြေခံကျောင်းသား ၂-မျိုး ကွဲပြားတာကို တွေ့ရပါတယ်၊ ပထမတစ်မျိုးက သင်တန်းတက်ချင်တဲ့သူတွေပါ၊ နောက်တစ်မျိုးက တကယ်တတ်ချင်တဲ့သူတွေပါ။ သင်တန်းတက်ချင်တဲ့ အမျိုးအစားက တတ်ခြင်း/ မတတ်ခြင်းထက် အိမ်ကနေထွက်နေရရင်၊ လွယ်အိပ် ကလေး (ဒါမှမဟုတ်) ကျောပိုးအိတ်လေး လွယ်ပြီး သင်တန်းလာနေရရင်၊ သင်တန်းချိန်ပြီးတာနဲ့ သူငယ်ချင်းတွေနဲ့ လျှောက်လည်နေရရင် ပျော်နေတတ်တဲ့သူပါ။ တစ်နေ့တစ်နေ့ သင်တန်းက ဘာတွေ သင်ပေးလိုက်တယ် ဆိုတာထက် သင်တန်းပြီးရင် ဘယ်သူငယ်ချင်းတွေနဲ့ တွေ့မယ်၊ ဘယ်ကိုသွားမယ်၊ ဘာတွေလုပ်မယ်၊ ဘာတွေစားမယ် စတာတွေပဲ စဉ်းစားနေကြပါတယ်။ သင်တန်းက ပြန်ရောက်ကတည်း က သင်ပေးလိုက်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး စာအုပ်ကိုလေ့လာဖို့ ခဏထားလို့ ကိုင်တောင် မကြည့်တော့ပါဘူး။ ဒါပေမယ့် စာအုပ်လေးတွေကိုတော့ ဖိုင်တစ်ဖိုင်တည်းမှာ သေသေချာချာထည့်ထားပြီး သင်တန်းကပြန်ရောက်တာနဲ့ ဒီအတိုင်းလေးထားလိုက်ပါတယ်၊ သင်တန်းကို လာတော့မယ်ဆိုရင် အဲဒီအထုပ်လေးကို ဆွဲပြီး ပြေးလာပါတယ်။ အဲဒါက သင်တန်းတက်ချင်တဲ့ ကျောင်းသား/သူ အမျိုးအစားပါ။
          နောက်တစ်မျိုးကတော့ တကယ်တတ်ချင်လို့ လာတဲ့သူတွေပါ၊ သူတို့တွေကတော့ အထူးအထွေ ပြောစရာမလိုပါဘူး၊ သင်တန်းမှာလည်း ဆရာ/ ဆရာမတွေနဲ့ တွေ့ဆုံတယ်၊ စာတွေမေးတယ်၊ အိမ်ပြန်ရောက်ရင် စာပုံမှန်လုပ်တယ်၊ မသိတာတွေကို မှတ်ထားတယ်၊ ပြန်မေးတယ်၊ ဆွေးနွေးတယ် စသည်ဖြင့် ပုံမှန်လေ့လာကြပါတယ်။ အစမှာ တက်ကြွသလောက် နောက်ပိုင်းမှာ သွေးအေးသွားတဲ့ သူတွေဟာ တော်တော်များကြပါတယ်။ စာရေးသူတို့ ဆရာကြီးဦးမြကြိုင်ကျောင်းမှာ အတန်းသစ်တစ်တန်း ဖွင့်ပြီဆိုရင် လူ-၆၀၀ လောက်ဆန့်ပေမယ့် ထိုင်စရာနေရာမရှိလို့ မနည်းကို နေရာချပေးရပါတယ်။ ဒါပေမယ့် Level တစ်ခုပြီးခါနီးလာရင် လူက တစ်ဝက်လောက်၊ တစ်ခါတစ်လေ သုံးပုံတစ်ပုံလောက်ပဲ ကျန်နေခဲ့ ပါတယ်။ ဘဝမှာ ပညာတတ်ဖို့ပဲ ဖြစ်ဖြစ်၊ တိုးတက်အောင်မြင်ဖို့ပဲဖြစ်ဖြစ် နည်းလမ်းတွေဟာ အင်မတန် ရိုးရှင်းပါတယ်။ ဘာမှထူးထူးခြားခြား မရှိပါဘူး၊ လွယ်လွန်းလို့ ခက်နေကြတာပါ။ ကိုယ်လေ့လာနေတဲ့ ပညာရပ်၊ ကိုယ်လုပ်နေတဲ့ အလုပ်ကို အားကြိုးမာန်တက် ကြိုးစားလုပ်ကိုင်ဖို့ပါပဲ။ ဒါကလည်း အပြောလွယ်သလောက် အလုပ်ခက်တတ်ကြပါတယ်။
          အောင်မြင်မှုဆိုတာကို လူတိုင်းရနိုင်ပါတယ်၊ ထိပ်ဆုံးကို လူတိုင်းရောက်နိုင်ပါတယ်၊ ဒါပေမယ့် အောင်မြင်နေတဲ့သူတွေ၊ ထိပ်ဆုံးရောက်နေတဲ့သူတွေဟာ လူနည်းစုပဲ ဖြစ်နေပါတယ်။ ဘကြောင့်လဲ ? အဖြေက ရှင်းရှင်းလေးပါ … အဲဒီလူနည်းစုထဲ ပါလောက်အောင် ကိုယ်က မကြိုးစားသေးလို့ပါ၊ အားမထုတ် သေးလို့ပါ၊ ဒီထက်ရှင်းအောင်ပြောရရင် မလုပ်သေးလို့ပါ။ ကျွန်တော်တို့ကဖြင့်၊ ကျွန်မတို့ကဖြင့် အားကြိုး မာန်တက် လုပ်နေတာပဲ ဖြစ်မလာဘူးလို့ တစ်ချို့ချို့တွေက ပြောကောင်းပြောနိုင်ပါတယ်၊ ဒါဆိုရင်တော့ ကိုယ်လျှောက်နေတဲ့ လမ်းဟာ မှန်လား/ မှားလား ဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။ လမ်းမှားနေရင်တော့ အားထုတ်လေလေ … အဝေးရောက်လေလေ ဖြစ်သွားပါလိမ့်မယ်။ ဆိုလိုတာက အင်းစိန်လမ်းမကြီးပေါ်မှာ မြို့ထဲသွားချင်တဲ့သူက အင်းစိန်ဘက်ကိုလျှောက်မိနေရင်၊ အင်းစိန်ကို သွားချင်တဲ့သူက မြို့ထဲဘက်ကို လျှောက်မိနေရင် ကြိုးစားပြီး လျှောက်လေ၊ လျှောက်လေ … ကိုယ့်ရဲ့ ပန်းတိုင်နဲ့ ဝေးလေ … ဝေးလေ ဖြစ်တတ်ပါတယ်။
          လမ်းမှန်ရဲ့သားနဲ့ မရောက်သေးဘူးဆိုရင်တော့ အချိန်မတန်သေးလို့ပါ။ မရောက်မခြင်း ဆက်လျှောက်ဖို့ လိုပါတယ်။ အက်ဒီဆင်ဟာ မီးလုံးကို တီထွင်နိုင်ဖို့အတွက် အကြိမ်ပေါင်းများစွာ လုပ်ခဲ့ရပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ သဗ္ဗုညုတ ရွှေဉာဏ်တော်ကို  ရဖို့အတွက် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဘဝအဆက်ဆက် ပါရမီဖြည့်ကျင့်ခဲ့ရပါတယ်။ ကိုယ်ရဲ့ ပန်းတိုင်ဟာ ဘယ်လောက်ဝေးလဲ …? ကိုယ်က ဘယ်လောက်အားစိုက်ထုတ်လဲ … ? ကိုယ့်ရဲ့ပန်းတိုင်ဟာ ဝေးလေလေ (သို့မဟုတ်) ရည်မှန်းချက်ကြီးလေလေ၊  လျှောက်ရမယ့်အချိန် (ဝါ) လုပ်ရမယ့်အချိန်က ကြာလေလေပါပဲ။ မြန်မြန်ရောက်ချင်ရင် များများ အားစိုက်ထုတ်ရပါမယ်၊ တနည်းပြောရင် များများလုပ်ရပါမယ်။
          ကိုယ်က “သင်တန်းတက်ချင်တာလား? တကယ်တတ်ချင်တာလား?” လို့ ကိုယ့်ကိုကိုယ် ပြန်မေး ကြည့်ပါ၊ တကယ်တတ်ချင်တယ် ဆိုရင်တော့ ကောက်ရိုးမီးလို ဝုန်းကနဲ့ ထတောက်ပြီး အရှိန်သေသွားလို့ မရနိုင်ပါ၊ ဖွဲမီးလို တငွေ့ငွေ့ဆိုရင်လည်း ရောက်တော့ ရောက်ပါလိမ့်မယ်၊ ဒါပေမယ့် အချိန်ကြာနိုင်ပါတယ်။ မြန်မြန်ရောက်ချင်တယ်ဆိုရင်တော့ ထင်းမီးလို တဝုန်းဝုန်းတောက်ပြီး  ပန်းတိုင်ကို အချိန်မီရောက်နိုင်ဖို့ အတွက် အရှိန်မသေအောင် ကြိုးစားအားထုတ်မှုဆိုတဲ့ လောင်စာကို စဉ်ဆက်မပြတ် ဖြည့်တင်းနိုင်ပါမှ အစကောင်းသလို … အနှောင်းလည်း သေချာပါလိမ့်မယ်။ ရည်ရွယ်ရာ ပန်းတိုင်ကို အရောက်လှမ်း နိုင်ပါလိမ့်မယ်။


“လူငယ်တိုင်း အစကောင်းသလို … အနှောင်းသေချာ ကြပါစေ … ပန်းတိုင်ကို ရောက်နိုင်ကြပါစေ … ”

အောင်ကိုဦး(UMK)
  Be the Best ! 
Share on Google Plus

About Aung Ko Oo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment