တာဝန်ကိုယ်စီ ရှိပါသည် …



        ရန်ကုန်မြို့ကြီး အပါအဝင် မြန်မာနိုင်ငံရဲ့ မြို့ရွာ တော်တော်များများဟာ အမှိုက်တွေနဲ့ ပြည့်နှက် နေပါတယ်။ ရန်ကုန်မြို့မှာ တိုက်ခန်းတွေပေါ်က အမှိုက်ထုတ်တွေ ပစ်ချတဲ့သတင်းတွေလည်း သတင်းစာ၊ ဂျာနယ်တွေ မှာ ဖတ်နေရပါတယ်။ ဘာကြောင့် အမှိုက်တွေများနေရတာလဲ ? အမှိုက်ပစ်တဲ့သူများလို့ များနေတာလား ? မသိမ်းလို့များနေတာလား ?  စည်းကမ်းမဲ့အမှိုက်ပစ်လို့ များနေတာလား ? နည်းနည်း လောက် ဝိုင်းစဉ်းစားကြည့်ရအောင် …
          ရန်ကုန်မြို့မှာ လူဦးရေ ၆-သန်းကျော်ရှိပါတယ်၊ ဒါပေမယ့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ အမှိုက်သိမ်းဝန်ထမ်း ဦးရေ ဘယ်လောက်ရှိမလဲ ? စာရေးသူအထင်တော့ သောင်းဂဏန်း လောက်တော့ ရှိမယ် မထင်ပါဘူး။ ထောင်ဂဏန်းလောက်ပဲ ရှိပါလိမ့်မယ်။ ဥပမာ - တစ်သောင်းရှိတယ်ပဲ ဆိုကြပါစို့၊ ပစ်သူ ၆-သန်းနဲ့ သိမ်းသူ ၁-သောင်းကို အချိုးချကြည့်လိုက်ပါ။ ဘယ်လိုနည်းနဲ့မှ အလျင်မီ နိုင်မယ် မထင်ပါ။ နောက်တစ်ခုက ရပ်ကွက်တစ်ခုကို အမှိုက်ကန် ဘယ်နှစ်ကန်လောက် ရှိမလဲ … ? တစ်ကန်ကို အမှိုက် ဘယ်လောက်အထိ ဆန့်မလဲ … ? ရပ်ကွက်အလိုက် လူဦးရေနဲ့ အမှိုက်ကန် အချိုး ဘယ်လောက်ရှိမလဲ … ? ဒီအချက်အလက်တွေ တိတိကျကျ သိမှသာ ကောင်းမွန်စနစ်ကျတဲ့ အမှိုက်သိမ်း စနစ်တစ်ခုကို အကောင်အထည်ဖော်နိုင်မှာပါ။
           အမှိုက်သိမ်းတဲ့သူနဲ့ အမှိုက်ပစ်တဲ့လူ အချိုးက အလွန်ကွာနေတဲ့အတွက် ပုံမှန်သိမ်းရင်တောင်မှ တော်တော် သိမ်းယူရပါလိမ့်မယ်၊ ဒီကြားထဲ အမှိုက်ကားက ပုံမှန်မလာရင်တော့ အခြေအနေက ပိုဆိုးသွား ပါပြီ။ ဒါကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အနေနဲ့ အထက်မှာပြောခဲ့တဲ့ ရပ်ကွက်လူဦးရေနဲ့ အမှိုက်ကန် အရေအတွက် အချိုး၊ အမှိုက်ကန်ရဲ့ပမာဏ စတာတွေကို တွက်ချက်ပြီး လုံလောက်အောင် ထားပေးဖို့လိုအပ်ပါတယ်။ ဒါ့အပြင် လမ်းဘေးဝဲယာတွေမှာ လမ်းသွားလမ်းလာတွေ၊  ပြည်သူတွေ လွယ်လွယ်ကူကူ အမှိုက်ပစ်လို့ ရမယ့် အမှိုက်ပုံးတွေ လုံလုံလောက်လောက် ထားရှိဖို့ လိုအပ်ပါတယ်။ အမှိုက်ကန်ထဲက အမှိုက်တွေကိုလည်း အမှိုက်သိမ်းကားတွေက အချိန်မှန်မှန် လာပြီးသိမ်းဖို့ အရေးကြီးပါတယ်။ နောက်တစ်ခုက အမှိုက်ပုံးတွေ လုံလုံလောက်လောက် ထားရှိနိုင်ပြီဆိုရင်၊ အမှိုက်ကန်တွေ စနစ်တကျ ရှိပြီဆိုရင် ပြည်သူတွေကို စနစ်တကျအမှိုက်ပစ်ဖို့ အသိပညာပေးဖို့ လိုအပ်ပါတယ်၊ ဒဏ်ငွေတပ်မယ်ဆိုရင်လည်း တကယ် ထိထိရောက်ရောက် ဖြစ်အောင်လုပ်ဖို့ လိုအပ် ပါတယ်။ “အမှိုက်မပစ်ရ ဒဏ်ငွေ …..” ဆိုတဲ့ ဆိုင်းပုဒ်အောက်မှာ အမှိုက်တွေပုံနေတာကိုလည်း တော်တော်များများ တွေ့ဘူးကြမှာပါ။
          အခုအချိန်မှာ တစ်ချို့ချို့သော သူတွေဟာ အမှိုက်တွေကို အမှိုက်ပုံးထဲ သွားထည့်ရမှာကို စိတ်ထဲမှာ တစ်မျိုးဖြစ်နေကြပါတယ်။ အမှိုက်ထုပ်ကလေးကိုင်ထားပြီး အမှိုက်ပုံးတွေမှ တကူးတက သွားထည့်သူကိုလည်း ထူးဆန်းတဲ့သူတစ်ယောက် လို ကြည့်တတ်ကြပါတယ်။  စာရေးသူက ကိစ္စတစ်ခုနဲ့ ဧရာဝတီတိုင်းဘက်ကို သွားတဲ့အခါ ရန်ကုန်-ပုသိမ် လမ်းမကြီးဘေးက တစ်နေရာမှာ ကားရပ်နားပါတယ်။ အဲဒီအချိန်မှာ နိုင်ငံခြားသားတစ်ယောက်က ရေသန်ဘူး ဝယ်ပါတယ်၊ ရေသန့်ဘူးကို ဖောက်ပြီးတော့ အဖုံးမှာ ပတ်ထားတဲ့ ပလစ်စတစ်ကို ပစ်ဖို့ အမှိုက်ပုံးလိုက်ရှာတဲ့အခါ မတွေ့တဲ့အတွက် သူရဲ့ ကျောပိုးအိတ် က အပြင်ဘက်ဆုံး အိတ်ထဲမှာ ထည့်သွားတာကို တွေ့ခဲ့ရဘူးတယ်။
အဲဒီအချိန်က စပြီး စာရေးသူ မှတ်သွားတယ်။ အပြင်ထွက်လို့ အမှိုက်ပစ်စရာ နေရာမတွေ့ရင် ကိုယ့်ရဲ့ လက်ဆွဲအိတ်က အိတ်တစ်အိတ် ကို အမှိုက်ထည့်ဖို့ သပ်သပ်ထားပြီး အဲဒီအထဲပဲ ထည့်ထားလိုက်တယ်။ နိုင်ငံခြားသားကို အထင်ကြီးလို့ ဒီအကြောင်းကို ပြောခြင်းမဟုတ်ပါ၊ နိုင်ငံခြားသားတိုင်းလည်းမကောင်းနိုင်ပါ၊ ဒါပေမယ့် ကောင်းတာတွေ့လို့ ယူသင့်ရင် ယူရမှာပါ။ အဲဒီလို တကူးတက မထည့်သိမ်းနိုင်ရင်နေပါ၊ နီးနီးနားနား အမှိုက်ပုံးတွေရှိရဲ့သားနဲ့ ကြုံသလို ပစ်လိုက်တာတော့ ဆိုးပါတယ်။
          အများပြည်သူ အပန်းဖြေလမ်းလျှောက်ကြတဲ့ အင်းလျားကန်ဘောင်မှာ အခုဆိုရင် အမှိုက်ပုံးတွေ လုံလုံလောက်လောက် ထားရှိတာကို တွေ့ရပါတယ်၊ သို့ပေမယ့်လည်း အင်းလျားကန်ဘောင်မှာ အမှိုက်တွေ တွေ့နေရဆဲပါ၊ အမှိုက်ပုံးမရှိလို့ အမှိုက်ပုံးထဲ မပစ်ဘဲ ကြုံသလို ပစ်လိုက်တယ်ဆိုရင် အမှိုက်ပုံး လုံလုံလောက်လောက် မထားရှိတဲ့ မြို့တော်စည်ပင်ကို လက်ညိုးထိုးပြီး အပစ်တင်နိုင်ပါတယ်။ ဒါပေမယ့် အမှိုက်ပုံးရှိတာကို တွေ့ရဲ့သားနဲ့ ကြုံသလို ပစ်လိုက်တယ်ဆိုရင်တော့ ဘယ်သူ့ကို လက်ညိုးထိုးပြီး အပြစ် တင်ကြမလဲ။ ကိုယ်ကစပြီး အားလုံးမှာ တာဝန်ကိုယ်စီရှိပါတယ်။ တိုက်ခန်းတွေပေါ်က အမှိုက်ထုပ်တွေ ပစ်ချတယ်ဆိုတဲ့ကိစ္စကလည်း တော်တော်ဆိုးပါတယ်၊ ဘာဖြစ်လို့များ အဲဒီလိုပစ်ချလိုက်တာပါလဲ …? ကိုယ့်ရပ်ကွက်ထဲမှာ အမှိုက်ကန်မရှိလို့လား၊ အမှိုက်ကားမလာလို့ အမှိုက်ကန် မဆန့်တော့လောက်အောင် ပြည့်နေလို့လား၊ အမှိုက်ကန်မှာ မဆန့်တော့တဲ့အတွက် ပစ်လို့မရဘဲ အိမ်ပေါ်မှာ မဆန့်တော့ပဲ အမှိုက်ထုပ်တွေ များနေလို့လား၊ ဒီလိုအကြောင်းပြချက် ခိုင်ခိုင်မာမာ မရှိဘဲ၊ ကျိုးကြောင်းဆီလျော်တဲ့ အဖြေမရှိဘဲ အလွယ်လိုက်ပြီး ပစ်ချလိုက်တယ် ဆိုရင်တော့ ဒါဟာ ကိုယ့်တာဝန်ကို ကိုယ်မယူချင်တာကို ပြနေပါတယ်။
          အခြေခံပညာကျောင်းတွေမှာ “တစ်စမြင် တစ်စကောက်” ဆိုတဲ့ အမှိုက်နဲ့ ပတ်သက်တဲ့ ဆောင်ပုဒ်လေးတွေ ကို တွေ့ရပါတယ်၊ အောက်မှာကျနေတဲ့ အမှိုက်ကို လိုက်ကောက်တာကလည်း လိုအပ် ပါတယ်။ ဒါပေမယ့် မပစ်ခင်ကတည်း ကိုယ့်အမှိုက်ကို ကိုယ်က အမှိုက်ပုံးထဲရောက်အောင် ပစ်ဖို့ လေ့ကျင့် ပေးထား စေချင်ပါတယ်။ ရန်ကုန်မြို့ရဲ့တစ်ခုသော နာမည်ကြီး International School မှာ ကလေးတွေဟာ ခဲတံချွန်တာကအစ ခုံပေါ်ကနေ အောက်ကို အစတွေကျသွားအောင် ဖြစ်သလိုမချွန်ဘဲ ခုံပေါ်မှာ သေသေချာချာချွန်၊ အဲဒီကထွက်လာတဲ့ အစတွေကို ပြန်စုပြီး ကိုယ်တိုင်ကိုယ်ကျ အမှိုက်ပုံးထဲ သွားရောက် ထည့်တာကိုလည်း တွေ့ဘူးပါတယ်။ ဒါဟာ စာရေးသူတို့ အခြေခံပညာကျောင်းတွေမှာ တွေ့ရတဲ့ “အမျိုးသားစည်းကမ်းအစ၊ စာသင်ကျောင်းက” ဆိုတဲ့ ဆောင်ပုဒ်ကို လက်တွေ့ အကောင်အထည် ဖော် ဆောင်ရွက်လိုက်တာပါပဲ။
          မြို့တော်စည်ပင်ကလည်း အမှိုက်ကန်တွေ၊ အမှိုက်ပုံးတွေ လုံလုံလောက်လောက်ထားဖို့လိုသလို၊ သန့်ရှင်းရေးဝန်ထမ်းတွေကလည်း ပုံမှန်သိမ်းဖို့လိုသလို၊ ပစ်တဲ့သူကလည်း  စည်းကမ်းနဲ့ ပစ်ဖို့လိုပါတယ်။ အားလုံးကိုယ်စီ တာဝန်ရှိပါတယ်၊ မြို့တော်တခွင်၊ ပြည်ရွာတစ်ခွင် အမှိုက်ကင်းစင် နေတာကို တွေ့မြင် ကြရမှာပါ။

“ကိုယ့်တာဝန်ကို ကိုယ်တိုင်ယူနိုင်ကြပါစေ …”

အောင်ကိုဦး(UMK)
   Be the Best !

(ဒီဆောင်းပါးကို ရေးနေတုန်းမှာပဲ မြို့တော်စည်ပင်က အမှိုက်သိမ်းလုပ်ငန်းကို ပုဂ္ဂိလက ကို လွှဲပြောင်း တော့မယ်လို့ သတင်းမှာ ဖတ်လိုက်ရပါတယ်၊ ပုဂ္ဂလိက လုပ်ငန်းက ဆောင်ရွက်မယ်ဆိုရင် ထိုက်တန်တဲ့ အခကြေးငွေ နဲ့ ဝန်ဆောင်မှု ပေးကြမှာ ဖြစ်တဲ့အတွက် ထိုက်တန်တဲ့ ဝန်ဆောင်မှု ပေးနိုင်ဖို့လည်း အရေးကြီး ပါတယ်။)




Share on Google Plus

About Aung Ko Oo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment