လူငယ်တွေ အောင်မြင်ဖို့ (၁)



တိကျသော ရည်မှန်းချက်ပန်းတိုင်

          လူသားတိုင်းသည် အောင်မြင်မှုကို လိုချင်ကြမည်မှာ မလွဲပါ၊ အောင်မြင်မှုဟူသည် နေ့ချင်း ညချင်း ဥုံဖွ မန်းမှုတ်ယူ၍ မရသည့် အရာဖြစ်ပါသည်။ ထို့အတူ အောင်မြင်မှုကို တိုင်းတာသည့် နေရာတွင်လည်း သက်ဆိုင်ရာ နယ်ပယ်အလိုက် တူညီနိုင်မည် မဟုတ်ပါ။ မည်သို့ပင်ဆိုစေ မိမိလိုချင်သော၊ လိုလားသော အောင်မြင်မှုကို ရရှိရန် စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ပါသည်။ ကမ္ဘာပေါ်တွင် စာပေ၊ ဂီတ၊ အနုပညာ၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ အောင်မြင်နေသူ များသည် စနစ်တကျ ဆောင်ရွက်မှုများဖြင့်သာ အောင်မြင်လာကြခြင်း ဖြစ်ပါသည်။ ထိုသို့ စနစ်တကျ ဆောင်ရွက်ရန်အတွက် လိုအပ်သော မဟာဗျူဟာ (Strategy)၊ နည်းဗျူဟာ (Tip tap) များကို အောင်မြင်မှု လိုလားသူ လူငယ်တိုင်းအတွက် မျှဝေလိုပါသည်။
          ခေါင်းစဉ်တွင်ဖော်ပြထားသည့်အတိုင်း ဘဝတွင် အောင်မြင်မှုအတွက် ခြေလှမ်းများစွာ လျှောက်လှမ်း ကြရပါမည်။ အောင်မြင်မှုအတွက် ပထမဦးဆုံးခြေလှမ်းကား “တိကျသော ရည်မှန်းချက် ပန်းတိုင်” ရှိရန်ဖြစ်ပါသည်။ ဤအကြောင်းအရာနှင့် ပတ်သက်၍ စာရေးသူရေးသားခဲ့ပြီး ဖြစ်သော “လူငယ်နှင့် ရွေးချယ်မှု၊ အဓိကနှင့် သာမည” ဆောင်းပါးများတွင်လည်း တော်တော်များများ ပါရှိပြီးဖြစ်ပါသည်။ လူတိုင်းတွင် ရည်မှန်းချက် ရှိကြရပါမည်။ ထိုရည်မှန်းချက်သည်လည်း တိကျသေချာရန် လိုအပ်ပါသည်။ ဥပမာ (၁ဝ)တန်း အောင်မြင်ပြီးစ လူငယ်တစ်ယောက်က အဆိုတော် ဖြစ်ချင်သည်။ ၎င်းသည် သူ၏ ရည်မှန်းချက် ဖြစ်ပါသည်။ သို့သော် တိကျမှု မရှိသေးပါ။ မည်သည့်အချိန်တွင် အဆိုတော်ဖြစ်ချင်သည် ကိုပါ တိတိကျကျ သတ်မှတ်ထားရန်လိုအပ်ပါသည်။ ဥပမာ - နောင် ၅ နှစ်အကြာတွင် အဆိုတော် ဖြစ်ရမည် ဟု ဆိုလျှင် တိကျသော ရည်မှန်းချက် ဖြစ်ပါသည်။ ယနေ့ခေတ် လူငယ်တော်တော် များများသည် တိုးတက်ပြောင်းလဲလာသော အခြေအနေများအရာ ဘဝရပ်တည်မှုပုံစံ အမျိုးမျိုးကို ရွေးချယ်ခွင့်ရှိကြပါသည်။ မိမိဘဝကို မိမိ လွတ်လွတ်လပ်လပ် စိတ်ကြိုက်ရွေးချယ်ပါ။ ထိုသို့ရွေးချယ်ရာတွင် ယခင်က ပြောခဲ့ဘူးသည့်အတိုင်း မိမိဝါသနာပါသည်ကို ရွေးချယ်ပါ။ ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကို ကျော်လွန်နိုင်ရန် မိမိကိုယ်ကို မြင်အောင်ကြည့်ပါ။ လူငယ်များသည် ပတ်ဝန်းကျင်တွင် အတွေ့ရများသော အကြောင်းအရာများကို စိတ်ဝင်စားတတ်ကြပါသည်။ ဆိုလိုသည်မှာ ဥပမာအားဖြင့် ကွန်ပြူတာ၊ နည်းပညာအသိုင်းအဝိုင်း တွင် အနေများသူက ကွန်ပြူတာကို စိတ်ဝင်စားတတ်ကြပါသည်။ ထို့အတူ ဂီတ၊ အနုပညာ စသည့် ပတ်ဝန်းကျင်တွင် အနေများသူက ဂီတ၊ အနုပညာ၏ လွှမ်းမိုးမှုကို မိမိဝါသနာပါသည်ဟု အထင်မှားတတ်ပါသည်။ အမှန်တကယ် စိတ်ဝင်စားသည်လည်း ဖြစ်နိုင်ပါသည်။ အမှန်တကယ် စိတ်ဝင်စားခြင်း ဟုတ်/မဟုတ် မိမိကိုယ်ကို မြင်အောင် သုံးသပ်ပါ။
          လူတိုင်းတွင် မွေးရာပါ ဗီဇ၊ အားသားချက်၊ စိတ်ဝင်စားသည်များ ကိုယ်စီရှိကြပါသည်။ ဘဝတွင် အောင်မြင်ရေး အတွက် ထိုအချက်များကို မိမိကိုယ်ကို သိရှိရန်ကာ အသုံးချနိုင်ရန် အရေးကြီးပါသည်။ မိမိလုပ်ချင်သော အလုပ်ကို အချိန်နှင့်တကွ တိတိကျကျ သေသေချာချာ သတ်မှတ်ပါ။  ဤနေရာတွင် ဆယ်တန်းအောင်ပြီးစ လူငယ်လေးများက အခွင့်အရေး ပိုရသည်ဟု ထင်နိုင်သော်လည်း ကျောင်းပြီးကာ လုပ်ငန်းခွင် ဝင်ရောက်နေကြ သူများအတွက်လည်း အခွင့်အရေးရှိပါသေးသည်။  
          လက်ရှိအချိန်တွင် အခြေအနေအမျိုးမျိုးကြောင့်၊ ဘဝရပ်တည်ရေးအတွက် လုပ်ငန်းခွင်တစ်ခုခုတွင် လုပ်နေရသော်လည်း မိမိ အမှန်တကယ်လုပ်ချင်သော၊ ဖြစ်ချင်သော အနာဂတ်ရည်မှန်းချက်ကို အချိန်နှင့် တကွ တိတိကျကျ သတ်မှတ်ထားရပါမည်။ ထိုလုပ်ငန်းနှင့် သက်ဆိုင်သော လိုအပ်ချက်များကို အမြဲမပြတ် လေ့လာ သင်ယူ မှတ်သားနေသင့်ပါသည်။ ဤနေရာတွင် စာရေးသူ၏ ကျေးဇူးရှင် ဆရာကြီးဦးမြကြိုင်ကို သာဓက ပြလိုပါသည်။ ဆရာကြီးသည် ဆယ်တန်းအောင်စဉ်ကတည်းက အင်္ဂလိပ်ဘာသာစကားဖြင့် အသက်မွေးလိုသော ပြင်းပြသည့် ရည်မှန်းချက်ရှိပါသည်။ သို့ရာတွင် ဆယ်တန်းအောင်မြင်ချိန်တွင် ဘဝအခြေအနေအရ တပ်မတော်တွင် ဝင်ရောက်ကာ သာမာန်စစ်သားဘဝဖြင့် တာဝန်ထမ်း ဆောင်ခဲ့ရပါသည်။ အခြေအနေအရ တပ်မတော်တွင် တာဝန်ထမ်းဆောင်နေရသော်လည်း မိမိ၏ ရည်မှန်းချက်ကို ပျောက်ပျက်မခံဘဲ သွားလေရာမှာ အင်္ဂလိပ်စာအုပ်များဆောင်ကာ လေ့လာမှတ် သားခဲ့ပါသည်။ ရှေ့တန်းစစ်မြေပြင်အထိပင် အင်္ဂလိပ်စာအုပ်များ ထည့်ယူခဲ့ပါသည်။ ထိုကဲ့သို့ လေ့လာမှတ်သားခဲ့သည့် ကျေးဇူးကြောင့်ပင် အန္ဒိယနိုင်ငံတွင် စစ်ဘက်ဆိုင်ရာ သံမှူး အဖြစ်တာဝန် ထမ်းဆောင်နိုင်ခဲ့သည်။ အန္ဒိယနိုင်ငံတွင် တာဝန်ထမ်းဆောင်စဉ်တွင်လည်း အလုပ်တစ်ဖက်ဖြင့် Shimla University နှင့် British School of Language တွင် အင်္ဂလိပ်ဘာသာစကားနှင့် စာပေ များကို ဆက်လက် လေ့လာသင်ယူခဲ့ပါသည်။ တိကျသေချာသော ရည်မှန်းချက်ကို စဉ်ဆက်မပြတ် ကြိုးစားအားထုတ် ခဲ့သောကြောင့် ယခုအချိန်တွင် ရန်ကုန်မြို့တွင်သာ မက မြန်မာပြည်တနံတလျားအထိ ထင်ရှား အောင်မြင်သော အင်္ဂလိပ်ဘာသာစကား ဆရာကြီး တစ်ယောက် အဖြစ်ရပ်တည် နေပြီဖြစ်သည်။
          အခြေအနေအရ မည်သည့်နေရာတွင် လုပ်နေရသည်ဖြစ်စေ၊ မိမိလုပ်ချင်သော ရည်မှန်းချက်ကို အရောက်သွားနိုင်ရန် အမြဲမပြတ်ကြိုးစားအားထုတ်နေရန်သာ အရေးကြီးပါသည်။ မိမိသွားလိုသော ရည်မှန်းချက် ပန်းတိုင်ကို သတ်မှတ်ပြီးလျှင် မည်သည့်အချိန်တွင် အရောက်သွားမည်ကို သတ်မှတ် ရပါမည်။ မည်သို့ရောက်အောင်သွားမည် ဟူသည့်အချက်အလက်၊ လိုအပ်ချက်များကို နေ့အလိုက်၊ လအလိုက်၊ နှစ်အလိုက် ဆောင်ရွက်ရမည်များကို စနစ်တကျသတ်မှတ်ကာ အကောင်အထည်ဖော် ရပါမည်။ နောက်တစ်ပတ်တွင် ဒုတိယခြေလှမ်းအဖြစ် ဘဝအောင်မြင်ရေး စီမံကိန်းအတွက်၊ အဆင့်ဆင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မည်သို့ချမှတ်သင့်သည်၊ မည်သို့ဆောင်ရွက်သင့်သည် များကို ဆက်လက် မျှဝေသွားပါမည်။ ယခုတစ်ပတ်တွင် ရေးသားလိုက်သော အနာဂတ် အောင်မြင်မှုအတွက် ပထမဆုံး ခြေလှမ်းဖြစ်သည့် “တိကျသေချာသော ရည်မှန်းချက်ပန်းတိုင်” ကို သတ်မှတ်ကာ လူငယ်တိုင်း ဆန္ဒနှင့် ဘဝ တစ်ထပ်တည်းကျအောင် ကြိုးစားပြီး မိမိရည်သန်ရာ အောင်မြင်မှုပန်းတိုင် ဆီသို့ အရောက်လှမ်းနိုင်ကြပါစေ ………


အောင်ကိုဦး(UMK)

Be the Best !
Share on Google Plus

About Aung Ko Oo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment