နိုင်ငံခြားရင်းနှီး မြှပ်နှံမှု နှင့် အလုပ်သမား ဝန်ကြီးဌာန၏ အခန်းကဏ္ဍ



မြန်မာနိုင်ငံတော်ကြီးရဲ့ ပြုပြင်ပြောင်းလည်းမှုများနဲ့ အတူ နိုင်ငံတကာ အသိုင်းအဝိုင်းက စီးပွားရေး၊ လူမူရေး၊ နိုင်ငံရေး၊ စတဲ့ အခန်းကဏ္ဍအသီးသီးကို ပတ်သက် ဆက်ဆံလာကြတာကို ယခုအချိန်တွင် တွေ့မြင်နေကြရပါပြီ။ စီးပွားရေးကဏ္ဍနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှလွတ်လပ်သော ကုန်သွယ်မှု (Asean Free Trade Area – AFTA /2013)၊ အာရှစီးပွားရေးအသိုက်အဝန်း (Asean Economic Community – AEC)၊ များ နှင့် အတူ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှပ်နှံမှု (Foreign Direct Investment- FDI) များအရ အာဆီယံဒေသတွင်း နိုင်ငံများ၊ အာရှနိုင်ငံများသာမက ဥရောပနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံများ အသီးသီးမှ စီးပွားရေး လုပ်ငန်းရှင်များက တစ်ဦးတစ်ယောက်ချင်း သာမက အစုအဖွဲ့လိုက် ပါ လာရောက်နေကြသည် ကို တွေ့မြင်နေရပါတယ်။
နိုင်ငံခြားက လုပ်ငန်းရှင်တွေ ရင်းနှီးမြှပ်နှံမှုအတွက် မြန်မာနိုင်ငံကို လာရောက်ကြတယ် ဆိုပေမယ့် တကယ်က မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံဖို့ အတွက် မြေဈေးနှုန်းကြီးမြင့်မှု၊ ဥပဒေပိုင်းအရ တည်ငြိမ်ခြင်း မရှိမှု၊ ကျွမ်းကျင် ဝန်ထမ်းရှားပါးမှု၊ လျှပ်စစ်စွမ်းအင်နည်းပါးမှု ဆိုတဲ့ အချက်တွေက လုပ်ငန်းရှင်တွေ အတွက် စိန်ခေါ်မှုတွေ ဖြစ်နေပါတယ်။ အဲဒီတော့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုနဲ့ ပတ်သက်လို့ ကျွမ်းကျင်ဝန်ထမ်း ရှားပါးမှု ပြဿနာအတွက် လူငယ်တွေ ပြင်ဆင်သင့်တာတွေ ပြင်ဆင်နိုင်အောင် “နိုင်ငံခြားရင်းနှီးမြှပ်နှံမှု နှင့် လူငယ်များ၏ အခန်းကဏ္ဍ” ဆောင်းပါးမှာ ရေးခဲ့ပါတယ်။ ဒီဆောင်းပါးမှာတော့ လူငယ်တွေ ပြင်ဆင်သင့် တာတွေ ပြင်ဆင်နိုင်ဖို့ လူယ်တွေအတွက် နိုင်ငံတော်ဖက်က ပံပိုးပေးသင့်တာနဲ့ ပတ်သက်လို့ အဓိက ပြောချင်တာပါ။
နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ ဝင်ရောက်လာရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လန်း လာမယ်လို့ ယေဘုယျ ယူဆနိုင်ပေမယ့် ကျွမ်းကျင်လုပ်သား နည်းပါးရင်တော့ ကိုယ့်ရေ၊ ကိုယ်မြေက အခွင့်အလမ်းတွေဟာ တစ်ခြားသူတွေ အတွက် ဖြစ်သွားနိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ကတော့ သူ့လုပ်ငန်း အဆင်ပြေဖို့အတွက် လုပ်ငန်းခွင်မှာ တကယ်လုပ်ဆောင်နိုင်မယ့် သူတွေကို တာဝန်ပေးပါ လိမ့်မယ်။ အဲဒီတော့ နိုင်ငံတော်ရဲ့ လူသားရင်းမြစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ လူငယ်တွေက  သက်ဆိုင်ရာကဏ္ဍ အလိုက် ကြိုးစားနေကြတဲ့အချိန်မှာ နိုင်ငံတော်ကလည်း ပံ့ပိုးပေးဖို့လိုပါတယ်။
ဒီနေ့ခေတ် မြန်မာလူငယ် အသီးသီးဟာ လုပ်ငန်းခွင် အသီးသီးမှာ ကြိုးစားနေကြပေမယ့်၊ တစ်နေ့ တစ်နေ့ လုပ်ငန်းခွင်မှာ ပေးရတဲ့ အချိန်နဲ့ ရတဲ့ဝင်ငွေကလည်း အချိုးအစား မမျှတလှပါဘူး။ ဝင်ငွေကလည်း မပို၊ အချိန်ကလည်း မပိုတဲ့ကြားထဲက လုပ်ငန်းကျွမ်းကျင်ဖို့ အတွက် သက်ဆိုင်ရာ သင်တန်းတွေကို အပြေးအလွှား တက်ကြရတော့ လူငယ်တွေအတွက် သိပ်တော့မလွယ်လှပါဘူး။ နောက်တစ်ချက်က သက်ဆိုင်ရာ သင်တန်းတွေကလည်း ဈေးနှုန်းတွေက မြင့်မားတာလည်းပါ ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာ နာမည်ကြီး သင်တန်းကျောင်းတစ်ခုမှာ presentation သင်တန်းတစ်ခုကို စုံစမ်းကြည့်တော့ တစ်ပတ်ကို ၂-ရက်၊ တစ်နေ့ ၂-နာရီ သင်တာကို တစ်လကို ၅၀၀၀၀ လို့သိရပါတယ်။ သာမန်ဝန်ထမ်းတစ်ယောက် အနေနဲ့ ရတဲ့လစာက ၈၀၀၀၀ - ၁၀၀၀၀၀ ကျော် ဝန်းကျင်ဆိုတော့ နယ်ကလာရတဲ့ သူတွေဆို ပိုဆိုးပါတယ်။ အဆောင်လခကလည်း ပေးရသေးတယ်။ သူတို့အတွက် အချိန်ရော၊ ငွေပါ ပိုလျံတဲ့သူက နည်းပါးလှ ပါတယ်။
အဲဒီအတွက်ကြောင့် ကျောင်းပြီးစ လူငယ်တွေအတွက်ရော လုပ်ငန်းခွင်မှာ ရုန်းကန်နေတဲ့ သူတွေ အတွက်ပါ လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းတွေ အဆင်ပြေပြေနဲ့ ဈေးနှုန်း သက်သက်သာသာနဲ့ လေ့လာ သင်ယူနိုင်အောင် အလုပ်သမားဝန်ကြီးဌာနက ပံ့ပိုးစီစဉ်ပေးဖို့ လိုပါတယ်။ အလုပ်သမား ဝန်ကြီးဌာန အနေနဲ့ ပြည်တွင်း၊ ပြည်ပက သက်ဆိုင်ရာ ကျွမ်းကျင် အတတ်ပညာရှင်များ၊ လူမှုရေး အသင်းအဖွဲ့များ နဲ့ ပူးပေါင်းကာ စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းများ၊ စာရင်းအင်းဆိုင်ရာသင်တန်းများ၊ ဈေးကွက်မြှင့်တင်ရေး ဆိုင်ရာသင်တန်းများ၊ စီးပွားရေးဆိုင်ရာ သင်တန်းများ၊ လူမှုဆက်ဆံရေးပညာ သင်တန်းများ၊ တင်ဆက်မှုပညာဆိုင်ရာ သင်တန်းများ၊ အင်ဂျင်နီယာဆိုင်ရာ သင်တန်းများ၊ နည်းပညာ ဆိုင်ရာသင်တန်းများ၊ ဘာသာစကားဆိုင်ရာ သင်တန်းများ စတဲ့ အသက်မွေးဝမ်းကြောင်း ကျွမ်းကျင်မှု ဆိုင်ရာသင်တန်းတွေ၊ လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းတွေကို သက်ဆိုင်ရာနယ်ပယ်အလိုက် ဈေးနှုန်းသက်သက်သာသာ နဲ့ ဖွင့်လှစ်ပေးဖို့ လိုအပ်ပါတယ်။ သို့မှသာ ကျောင်းပြီးစ အလုပ်လက်မဲ့ လူငယ်တွေရော၊ လုပ်ငန်းခွင်ထဲက ရုန်းကန်နေကြတဲ့ လူငယ်တွေပါ သက်ဆိုင်ရာ နယ်ပယ် အလိုက် အတတ်ပညာ လုပ်ငန်း ကျွမ်းကျင်မှု စွမ်းရည်တွေ မြင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
 “နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေ အခန်း(၁၁)၊ အပိုဒ် (၂၄)၊ ပုဒ်မခွဲ(က) မှာ ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းများအတွက် နိုင်ငံသားကျွမ်းကျင်သူ အလုပ်သမားများ၊ အတတ်ပညာရှင်များ နှင့် ဝန်ထမ်းများကို ခန့်ထားရာတွင် လုပ်ငန်းစတင်သည့်နှစ်မှ ပထမနှစ်နှစ်အတွင်း၌ နိုင်ငံသား အနည်းဆုံး ၂၅ ရာခိုင်နှုန်း၊ ဒုတိယ နှစ်နှစ်အတွင်း၌ အနည်းဆုံး ၅၀ ရာခိုင်နှုန်း တတိယ နှစ်နှစ်အတွင်း ၇၅ ရာခိုင်နှုန်း ခန့်ထားပြီး ဖြစ်ရမည်။ သို့ရာတွင် အသိပညာကို အခြေခံသော လုပ်ငန်းများအတွက် ကော်မရှင်က သင့်လျော်သော အချိန်ကန့်သတ်ချက်ကို တိုးမြှင့် ပြောင်းလဲနိုင်သည်။ ပုဒ်မခွဲ(ခ)မှာ ပုဒ်မခွဲ(က)အရ ခန့်ထားနိုင်ရန်  နိုင်ငံသား ဝန်ထမ်းများအား လုပ်ငန်းကျွမ်းကျင်မှု တိုးတက်လာစေရေးအတွက် လေ့ကျင့်ပေးခြင်း၊ သင်တန်းပေးခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးရမည်။” လို့ ဖော်ပြပါရှိပါတယ်။
လူငယ်တွေ စွမ်းဆောင်ရည်မြှင့်တင်နိုင်ဖို့အတွက် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်မှာရှိတဲ့ တက္ကသိုလ်များမှာ “CHRD- Center of Human Resources Development” ဆိုပြီးတော့ ဌာနတစ်ခုထားရှိကာ သင်တန်းတွေ ဖွင့်လှစ်နေပါတယ်။ ဒါပေမယ့် ထင်သလောက်တော့ အလုပ်မဖြစ်သေးပါဘူး။ သင်တန်းဆိုတာ သင်တန်းဆင်းလက်မှတ် ပေးရုံနဲ့ မလုံလောက်ပါဘူး။ တကယ်တတ်အောင် သင်ဖို့လို ပါတယ်။ သင်တန်းသားတွေ တကယ်တမ်း တတ်မြောက်ဖို့ဆိုတာ သူတို့ကို စာသင်ရုံတင်မက တကယ်တတ်ချင်တဲ့ စိတ်ဖြစ်အောင်လည်း သင်ဖို့လိုအပ်ပါတယ်။ ဒါက စကားစပ်လို့ ပြောတာပါ။ ပြောချင်တာက သင်တန်းတွေတော့ ဖွင့်ကြပါတယ်၊ ထိရောက်မှုအားနည်းတာကို ဆိုလိုတာပါ။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေထဲမှာ ဖော်ပြထားတဲ့ “နိုင်ငံသား ဝန်ထမ်းများအား လုပ်ငန်းကျွမ်းကျင်မှု တိုးတက်လာစေရေးအတွက် လေ့ကျင့်ပေးခြင်း၊ သင်တန်းပေးခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးရမည်။” ဆိုတဲ့ အချက်အလက်ကို အကောင်အထည်ဖော်ဖို့ အချိန်တန်နေပါပြီ။ သူများနိုင်ငံတွေက ကိုယ့်ထက်အရာရာ သာလွန်နေတဲ့အချိန်မှာ ကိုယ်က သူများထက် အလှမ်းပေါင်းများစွာလှမ်းဖို့ လိုနေပါတယ်။ ကိုယ့်နိုင်ငံက လူငယ်တွေဟာ သူများနိုင်ငံမှာ အလုပ်လုပ်တော့လည်း သူများတစ်ကာတွေထက် အဆင့်နိမ့်တဲ့ နေရာတွေ မှာ လုပ်ကိုင်ကြရပါတယ်။ ခုကိုယ့်နိုင်ငံကို နိုင်ငံတကာက ရင်းနှီးမြှပ်နှံမှုတွေ ရောက်လာတော့လည်း မြန်မာလူငယ်တွေဟာ အတတ်ပညာ ကျွမ်းကျင်မှု အားနည်းတဲ့အတွက် သူများတစ်ကာထက် အဆင့်နိမ့်တဲ့ နေရာမှာလုပ်ကိုင်ကြရမယ်ဆိုရင် အရှုံးကြီး ရှုံးပါလိမ့်မယ်။
မြန်မာလူငယ်တွေ ထိုက်တန်တဲ့ တစ်နေရာကို ရရှိနိုင်ဖို့ အကူအညီပေးနိုင်ရေး အတွက် တာဝန်ရှိ သူများအနေဖြင့် ကြိုတင်ပြင်ဆင်သင့်တာတွေကို အချိန်မီ  ပြင်ဆင်နိုင်ကြပါစေကြောင်း ရည်ရွယ်ရေးသား လိုက်ပါတယ်။


အောင်ကိုဦး(UMK)
Be the Best !



Share on Google Plus

About Aung Ko Oo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment