စွန့်ဦးတီထွင် လူငယ် စီးပွားရေးလုပ်ငန်းရှင် ဖြစ်ဖို့ …


       
၁။ ကိုယ်ချစ်မြတ်နိုးတာကို လုပ်ပါ
အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်း တစ်ခုစတင်ဖို့အတွက် အခြေခံကျတဲ့ အချက်တစ်ခု ကိုယ်စိတ်ဝင်စားတဲ့၊ ကိုယ်တကယ် ချစ်မြတ်နိုးတဲ့ လုပ်ငန်းတစ်ခုဖြစ်ဖို့လိုပါတယ်၊ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာနဲ့ ကိုယ်လုပ်မယ့် စီးပွားရေးလုပ်ငန်း ကိုက်ညီဖို့လိုပါတယ်။

၂။ ကိုယ်လိုချင်တာကို သိပါ
ကျောင်းပညာရေးကို ရပ်တန့်ပြီးတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု စတင်ဖို့ ဆန္ဒရှိတာလား …? ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းကို ပညာသင်ယူရင်းနဲ့ပဲ တွဲပြီးလုပ်ကိုင်ချင်တာလား … ? ကိုယ်က ဦးစားပေးလုပ်ရမယ့် ကိစ္စတွေနဲ့ လိုအပ်တဲ့ အချိန်တွေကို တွက်ချက်နိုင်ဖို့ ဒီမေးခွန်း ၂-ခုကို ကိုယ့်ကိုယ်ကို မေးပြီး ပြန်ဖြေကြည့်ပါ …။

၃။ ပြုပြင် ပြောင်းလဲပါ
ဆယ်ကျော်သက်အရွယ် အနှောင်းပိုင်း အရွယ်နဲ့ ၂၀-ကျော်အရွယ်တွေမှာ အတွေးတွေဟာ လန်းဆန်း နေတယ်၊ ဖြူစင်တယ်၊ အားအင်တွေ ပြည့်နေတယ်။ ဘယ်သူမှ မလုပ်သေးတဲ့ အလုပ်တစ်ခုကြောင့်ဆိုပြီး စတင်ဖို့ မစိုးရိမ်ပါနဲ့၊ ဈေးကွက်ထဲမှာ ရှိပြီးသား လုပ်ငန်းတစ်ခု (ဒါမှမဟုတ်) ကုန်ပစ္စည်းတစ်ခုကို လိုအပ်သလို ပြောင်းလဲပြီး (ဝန်ဆောင်မှု ပုံစံမတူညီတာမျိုး၊ ဖြန့််ချီရေးစနစ် မတူညီတာမျိုး စသည်ဖြင့်ပေါ့) တော့ စတင်တည်ဆောက်လိုက်ပါ။

၎။ … ဒါပေမယ့် ဥပေဒတွေကိုတော့ လိုက်နာပါ
လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ လုပ်ငန်းမှတ်ပုံတင်ကြေး ကင်းလွတ်ချင်တာမျိုး၊ အခွန်ရှောင်တာမျိုးတွေတော့ မလုပ်ပါနဲ့။ ဥပဒေနဲ့ အညီ လုပ်ကိုင်ခြင်းက နောက်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ တရားဥပဒေကြောင်းဆိုင်ရာ ပြဿနာတွေ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ကာကွယ်နိုင်ပါလိမ့်မယ်။

၅။ အချိန်ကို စီမံခန့်ခွဲပါ
ကိုယ်ပိုင်လုပ်ငန်းလုပ်ရင်းနဲ့ ကျောင်းလည်း ဆက်တက်နေတယ်ဆိုတာ တကယ်တော့ စိတ်ဖိစီးမှုတွေ များပြီး အခက်အခဲတွေ အများကြီးရှိပါတယ်။ ကျောင်းသားတစ်ယောက် အနေနဲ့ရော … လူငယ်လုပ်ငန်းရှင် တစ်ယောက် အနေနဲ့ပါ သက်ဆိုင်ရာ ကဏ္ဍအလိုက်ခွဲခြားပြီးတော့ ကိုယ်က ဘာတွေလုပ်ဖို့ လိုအပ်လဲ ဆိုတာကို နားလည်ပါ။ အချိန်တိုတိုနဲ့ လိုအပ်ချက်တွေကို စီစဉ်ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ နည်းပညာတွေ၊ software တွေကို အသုံးပြုပါ။

၆။ ကျောင်းကရတဲ့ သင်ခန်းစာတွေကို လက်တွေ့အသုံးချပါ
ကျောင်းသားတစ်ယောက် ဖြစ်နေတာ စီးပွားရေးလုပ်ငန်းမှာ အနှာက်အယှက်တစ်ခုတော့မဟုတ်ပါဘူး၊ အမှန်တော့ ကျောင်းသားတစ်ယောက်ဖြစ်နေတာကိုက စီးပွားရေးလုပ်ငန်းမှာ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းအတွက် လိုအပ်တဲ့ အဆက်အသွယ်၊ အကြံအဉာဏ်တွေ ကိုယ့်လုပ်ငန်းကို ကူညီပေးနိုင်တဲ့ သူငယ်ချင်း/ အပေါင်းအသင်းတွေ ရရှိနိုင်သလို ကိုယ့်ရဲ့ ဆရာသမားတွေဆီက အတွေ့အကြုံတွေ၊ အတွေးအခေါ်တွေ၊ လမ်းညွှန်မှုတွေလည်း ရနိုင်ပါတယ်။ အဲဒီလို ပတ်ဝန်းကျင်က ရရှိတဲ့ အကြံဉာဏ်၊ အတွေ့အကြုံ၊ အတွေးအခေါ်တွေကို လက်တွေ့ အသုံးချနိုင်ပါစေ။

၇။ ဆရာကောင်းကို ရှာဖွေပါ
ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင် ဒါမှမဟုတ် စီးပွားရေးအရ အောင်မြင်မှုတွေ ရရှိထား တဲ့သူတွေကိုရှာဖွေပြီး ကိုယ့်ရဲ့ အသေးစားလုပ်ငန်းမှာ လမ်းညွှန်မှုပေးနိုင်အောင် ပေါင်းသင်းပြီး ဆရာတင် ပါ။ ဆရာကောင်းတွေက ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ စွန့်စားရမယ့် ကိစ္စတွေ၊ စိန်ခေါ်မှုတွေ အတွက် အကူအညီ၊ လမ်းညွှန်မှုတွေ ပေးနိုင်ပါတယ်။ ဒါတင်မက ကိုယ့်ရဲ့လုပ်ငန်းမှာ ပါဝင် ရင်းနှီးမြှပ်နှံ မယ့်သူတွေ ကို ရှာဖွေပေးနိုင်သလို အကြံဉာဏ်တွေလည်း ပေးနိုင်ပါတယ်။

၈။ အင်တာနက်ကို အသုံးချပါ
ကိုယ့်ရဲ့ ကွန်ပျူတာကနေ အင်တာနက်ကို အသုံးပြုပြီးတော့ ကမ္ဘာအနှံ့အပြားမှာ ရှိနေကြတဲ့ စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်တွေနဲ့ ဆက်သွယ်နိုင်ပါတယ်။ သူတို့ရဲ့ နည်းလမ်းတွေကို အတုယူပါ၊ သူတို့တစ်တွေက စိတ်ဓါတ်ခွန်အားတွေ၊ အတုယူစရာ လမ်းညွှန်ချက်တွေ၊ အလုပ်လုပ်ဖို့ တွန်းအားတွေကို ပေးပါလိမ့်မယ်။

၉။ ကိုယ့်ကိုကိုယ် အကောင်းဆုံးဖြစ်ပါစေ
အလုပ်နဲ့ပတ်သက်တဲ့ စိတ်အားထက်သန်မှုတွေကို အမြဲတမ်းရှိနေအောင် ကျင့်ကြံပါ၊ အလုပ်လုပ်ချင် စိတ်တွေ၊ တီထွင်ဖန်တီးချင်စိတ်တွေ၊ customer တွေကို အကောင်းဆုံးဘယ်လို ဝန်ဆောင်မှု ပေးမယ် ဆိုတာတွေကို နေ့စဉ်နဲ့အမျှ ကိုယ့်ရဲ့စိတ်ထဲမှာ စိမ့်ဝင်နေပါစေ။ လိုအပ်တဲ့အခါ ရှေ့ကိုတစ်လှမ်းတိုးဖို့ အတွက် နောက်တစ်လှမ်းဆုတ်ရတာမျိုးကို မစိုးရိမ်ပါနဲ့၊ လိုအပ်တဲ့အခါ အနားယူပါ။ အလုပ်တွေ အရမ်းများ လို့ ဦးနှောက်တွေရှုပ်လာတဲ့အခါ လေ့ကျင့်ခန်းတစ်ခုခု လုပ်တာမျိုးဖြစ်ဖြစ်၊ သူငယ်ချင်း/ အပေါင်းအသင်း တွေနဲ့ တွေ့ပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပြီး ပေါ့ပါ့ပါးပါး ရီမောလိုက်တာပဲ ဖြစ်ဖြစ်၊ ကမ်းခြေတစ်ခုကို သွားပြီး အနားယူလိုက်တာ ဖြစ်ဖြစ်၊ တရားစခန်းဝင်လိုက်တာမျိုးပဲဖြစ်ဖြစ် ကိုယ့်အဆင်ပြေမယ့် တနည်း နည်း နဲ့ စိတ်ဖိစီးမှုကို ဖြေဖျောက်လိုက်ပါ။ စိတ်ဓါတ်ခွန်အား ဖြည့်ပေးမဲ့ ဟောပြောပွဲတွေ တက်ရောက်တာ၊ စာအုပ်တွေဖတ်တာ စတာတွေကို မကြာခဏလုပ်ပေးပါ။ ကိုယ့်ရဲ့ လုပ်ငန်းတာဝန်တွေနဲ့ အနားယူတာတွေ ကို မျှတအောင် လုပ်ဆောင်ပြီး အမြဲတမ်း တက်တက်ကြွကြွ လန်းလန်းဆန်းဆန်းနဲ့ စွမ်းဆောင်ရည် ကောင်းတွေ ပိုင်ဆိုင်ပါစေ။

၁၀။ ကိုယ့်ရဲ့ စိတ်ကို သုံးသပ်ပါ
စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်တွေမှာ တွေ့ရတတ်တဲ့ ပြဿနာတစ်ခုက သူများတွေနဲ့ ယှဉ်ပြီး စိတ်ညစ် တတ်တာ၊ စိတ်ဓါတ်ကျတတ်တာပါ။ အင်တာနက်မှာ တွေ့ရတဲ့ လူငယ်သန်းကြွယ် သူဋ္ဌေးတွေ၊ ချမ်းသာ ကြွယ်ဝတဲ့ လူငယ်သရုပ်ဆောင်တွေ၊ ပြီးတော့ နေ့ချင်းညချင်း ချမ်းသာသွားကြတဲ့ အောင်မြင်သွားကြတဲ့ လူငယ်တွေ စတာတွေဟာ စိတ်ဓါတ်ခွန်အားပေးနိုင်သလို တခါတလေမှာတော့ အဲဒီလို မြန်မြန်ဆန်ဆန် အောင်မြင်တိုးတက် သွားတဲ့သူတွေကို ကြည့်ရင်း ကိုယ့်ကိုယ်ကိုစိတ်အားငယ်တာတွေ၊ ငါ့က သူတို့လောက် ကံမကောင်းဘူး စတဲ့ အတွေးတွေ ဝင်လာတတ်ပါတယ်။ တစ်ခါတစ်လေမှ အဲဒီလို အဖြစ်အပျက်တွေဟာ လူငယ်တွေကို ယုံကြည်ချက်တွေ နည်ပါးစေပြီး နောက်ထပ်လုပ်ငန်းတစ်ခုကို စတင်ဖို့နောက်တွန့်သွားတာ တွေမျိုး ဖြစ်တတ်ပါတယ်။

ဒါဟာ ကိုယ့်ကိုယ်ကို စိတ်အားငယ်တတ်တဲ့ စိတ်အခြေအနေတစ်မျိုးပါ၊ အဲဒီလိုဖြစ်လာပြီဆိုရင် “ငါ့ကိုယ့်ငါပဲ ပြိုင်ရမယ်၊ တစ်ခြားသူနဲ့ ပြိုင်စရာမလိုဘူး” ကိုယ့်ကိုယ်ကို သတိပေးပါ။ ဒီနေ့လုပ်ရမယ့် ကိစ္စကို ဒီနေ့ပဲ လုပ်လိုက်ပါ။ ဘယ်တော့မှ နောက်နေ့ကို မရွေ့ပါနဲ့။  အရေးကြီးတဲ့ ကိုယ့်ရဲ့လုပ်ငန်းဟာ တစ်နေ့တခြား တိုးတက်အောင်မြင်အောင် လုပ်ဆောင်ဖို့ပါ၊ နေ့ချင်းညချင်း ကမ္ဘာကျော် စီးပွားရေးတစ်ခု ဖြစ်လာဖို့ မဟုတ်သေးပါဘူး။

နောက်ဆုံးအချက်တစ်ခုက ကိုယ့်ရဲ့ ကျောင်းသားဘဝဟာ စွန့်ဦးတီထွင်လူငယ်လုပ်ငန်းရှင် ဖြစ်ဖို့ အခွင့် အလမ်း တွေနဲ့ ကိုယ့်ကိုယ်ကို ရင့်ကျင်လာအောင် ကြိုးစားအားထုတ်ရပါမယ်။ ငယ်ရွယ်စဉ်မှာ ရှိတဲ့ နုပျို၊ လန်းဆန်း တက်ကြွမှုတွေ၊ လုပ်နိုင်ကိုင်နိုင် စွမ်းအားတွေ၊ လုပ်ချင်ကိုင်ချင် စိတ်တွေ၊ လိုအပ်တဲ့ အရင်းအမြစ်တွေ ဘယ်တော့မှ ပြန်မရနိုင်တော့ပါဘူး၊ ဒါကြောင့် ကိုယ်ချစ်မြတ်နိုးတဲ့ လုပ်ငန်းကို ရဲရဲဝံ့ဝံ့ စတင်လိုက်ပါ။

အင်တာနက်မှာ ဖတ်ဖူးတဲ့ အကြောင်းအရာတစ်ခုကို ကိုယ့်ရဲ့ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ကာ ရေးလိုက် ပါတယ် … ။

“အောင်မြင်တဲ့ စွန့်ဦးတီထွင် လူငယ် လုပ်ငန်းရှင်တွေ ဖြစ်ကြပါစေ …”

အောင်ကိုဦး(UMK)
Be the Best !



Share on Google Plus

About Aung Ko Oo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment