ပညာရေးဟူသည် မိဘ၊ ဆရာနှင့် နိုင်ငံတော် အစိုးရတို့
ပူးပေါင်းကာ အနာဂတ်မျိုးဆက်သစ် များအား မျက်မှောက်ခေတ် နှင့် အနာဂတ်၏လိုအပ်ချက်၊ တောင်းဆိုချက်တို့ကို
လေ့ကျင့် သင်ကြား ပြုစု ပျိုးထောင် ပေးခြင်းဖြစ်သည်။ ပညာရေး၏ အဓိကတာဝန်မှာ လူသားတို့အား
လေ့ကျင့်ပေးရန်ဖြစ်သည်။
နိုင်ငံတစ်တစ်နိုင်ငံ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်နေခြင်း
အလို့ငှာ လိုအပ်သောလူတန်းစားမျိုးစုံ ဖြစ်လာစေရန် လေ့ကျင့်ပေးရမည်။ လေ့ကျင့်ရာတွင်
စံစနစ်တကျ လေ့ကျင့်ပေးရန် လိုအပ်သည်။ ဆရာဝန်လောင်းတို့အား ဆေးပညာလေ့လာစေလိုလျှင် လေ့လာမှုကို
လုပ်ဆောင်နိုင်အောင် ထောက်ပံ့အားပေးထားသည့် အသိဉာဏ်များ ဦးစွာမွေးမြူ လေ့ကျင့်ပေးရန်
လိုပါသည်။ အကယ်၍ ဖော်ပြပါအတိုင်း လေ့ကျင့်မပေးဘဲ ဆေးပညာကိုသာ တိုက်ရိုက်လေ့လာစေပါလျှင်
ထိုသူသည် ဆရာဝန်တစ်ယောက် ဖြစ်မလာဘဲ ဆေးပညာကို သိထားသူ တစ်ယောက်သာ ဖြစ်လာပါလိမ့်မည်။
ဆရာဝန်တစ်ယောက်နှင့် ဆေးပညာကို သိထားသူတစ်ယောက် မတူညီပါ။ ဆေးပညာကို သိထားသူ တစ်ယောက်သည်
ဆရာဝန်အဖြစ် ပြဇာတ်က ပါလိမ့်မည်။ ပြဇာတ်ကရာတွင် ဆရာဝန်အဖြစ် တာဝန်ကျသူသည် ဆရာဝန်ကဲ့သို့
ပြုမှုနေသော်လည်း အမှန်တကယ် ဆရာဝန်တစ်ယောက်၏ တာဝန်ကို မထမ်းဆောင်နိုင်ပါ။ ထိုနည်းတူ
အင်ဂျင်နီယာများကို လည်း ပြဇာတ်ကမည့် အင်ဂျင်နီယာများ မဖြစ်အောင် လေ့ကျင့်ပေးရန်လိုသည်။
ပညာရပ်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ပညာရှင်များအားလုံးကိုလည်းပြဇာတ်ကမည့် ပညာရှင်များ မဖြစ်ရန်
အရေးကြီးသလို ဆရာ၊ ဆရာမ တို့သည်လည်း ပြဇာတ်ကမည့်သူများ မဖြစ်ရန် ပို၍ အရေးကြီးပါသည်။
စနစ်တကျ လေ့ကျင့်မှုမရှိ၍ ကဏ္ဍအသီးသီးတွင် ပြဇာတ်ကကြပြီဆိုပါလျှင် ပုံသဏ္ဍာန် အားဖြင့်ပြည့်စုံသော်လည်း
နိုင်ငံတစ်ခု လုံးရှေ့သို့ မရွေ့နိုင်တော့ပါ။
လူမှုအဖွဲ့အစည်း
အလွှာအသီးသီးတွင် မိမိတို့ အလုပ်ချင်ဆုံးလုပ်ငန်းကို လုပ်ကိုင်ရင်း အတူအကွ အေးချမ်းစွာ
နေထိုင်တတ်စေရန်၊ ထိုလူ့အဖွဲ့အစည်းက လက်ခံထားသော စည်းကမ်း ဓလေ့ထုံးစံနှင့် ယဉ်ကျေးမှုဘောင်များ
အတွင်း အပြန်အလှန် အကျိုးပြုနေတတ်စေရန် လေ့ကျင့်ပေးခြင်းသည် ပညာရေး၏ရည်မှန်းချက် ဖြစ်သည်။
အကယ်၍ ဤရည်မှန်းချက်ကို သတိမထား၍ဖြစ်စေ၊ မေ့လျော့သွား၍ ဖြစ်စေ၊ ဘာသာရပ်များကို အသုံးပြု၍
အသိဉာဏ်ကိုရင့်သန်အောင် လေ့ကျင့်သင်ကြားပေးရမည့် အစား၊ လမ်းချော်တိမ်းစောင်းပြီး လေ့ကျင့်ပေးရာတွင်
အသုံးပြုသော အကြောင်းပြုချက် (Subject) များကို အာဂုံဆောင် အလွတ်ကျက်မှတ်ကာ အမှတ်များများရပြီး
ဂုဏ်ထူးဟူသော မှားယွင်းသည့် ဂုဏ်ဒြပ်ကို ဦးတည်လေ့ကျင့်လျှင် စာသင်သားတို့၏ လိုအပ်သော
အသိဉာဏ်များ မဖွံ့ဖြိုးဘဲ အသိဉာဏ်မပါသော ပညာသိပုဂ္ဂိုလ်များ ဖြစ်မှန်းမသိ ဖြစ်လာသည်။
ကျောက်ခေတ်ကာလ ကတည်းကပင် မိဘများက သားသမီးများကို
လောကအလယ်တွင် ရပ်တည်နေနိုင်ရန် လိုအပ်သော အတတ်ပညာ၊ အသိပညာများကို တိုက်ရိုက်သင်ကြား
လေ့ကျင့် ပျိုးထောင်ပေးခြင်းဖြင့် ပညာအမွေ ပေးခဲ့ကြသည်။ ခေတ်အဆက်ဆက်၌လည်း လိုအပ်ချက်နှင့်
တောင်းဆိုချက်များ ပြောင်းလဲခဲ့ကြသော်လည်း မိဘများသည် သားသမီးများအား ပညာအမွေပေးခြင်းကိုမူ
ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။ သို့ရာတွင် ယနေ့ခေတ် အချိန်တွင် အချို့သော မိဘများသည် သားသမီးကို
လေ့ကျင့် သင်ကြား ပျိုးထောင်ပေးရန် မေ့လျော့ ပျက်ကွက် လာသည်ကိုလည်း တွေ့ရ တတ်သည်။ ကျောက်ခေတ်ကာလမှ
စတင်၍ မိဘများသည် မိသားစုတန်ဖိုး(Family Value)၊ မိသားစုယဉ်ကျေးမှု (Family
Calture) များအပြင် ကိုးကွယ်ဆည်းကပ်ရာ ဘာသာရေး အသိအမြင် (Religious Faith) များကို
မျှဝေ သင်ကြား လေ့ကျင့် နာခံယူစေခြင်းများဖြင့် ပညာအမွေကို လက်ဆင့်ကမ်းပေးခဲ့ကြသည်၊
ကလေးငယ်များကို ကျောင်းသို့ ပို့ပေးရုံမျှဖြင့် ဖော်ပြပါ အချက်များကို မတည်ဆောက်နိုင်ပါ။
မိဘများက ကလေးငယ်များကို ကျောင်းသို့ပို့လွှတ်လိုက်သော အခါ ဆရာများ၏ မဏ္ဍိုင်ပြု တာဝန်မှာ
ကျောင်းသား၊ ကျောင်းသူများကို လောကအလယ်တွင် ရပ်တည်ရှင်သန်နိုင်စေရန် လိုအပ်သော ရုပ်လက္ခဏာ
နှင့် စိတ်လက္ခဏာများကို စိတ်နှင့်ရုပ် အသီးသီးတွင် ကိန်းအောင်းသွားအောင် လေ့ကျင့်ပေးရန်ဖြစ်သည်။
ဆရာများသည် ကျောင်းသား၊ ကျောင်းသူများအားလုံး အခြေခံသိထားရမည့် အခြေခံသိမှု (Core
Knowledge) နှင့် အဆင့်မြင့်သိမှု (Advance Knowledge) ကို အကြောင်းပြုပြီး ထပ်ဆင့်ပွားသိမှု
(Extended Knowledge) အတွက် လိုအပ်သည့် ရုပ်လက္ခဏာ နှင့် စိတ်လက္ခဏာများ အားလုံး ကိန်းအောင်းလာစေရန်
အခြေခံအသိဉာဏ်များကို ဖွံဖြိုးအောင်တည်ဆောက်ပေးရသည်၊ ထိုမှတဆင့် လူတိုင်းလူတိုင်း တွင်
Emotional Intelligence များ ဖြစ်ထွန်းလာသည်နှင့် အမျှ ကျောင်းသား၊ ကျောင်းသူများသည်
လောကအလယ်တွင် အောင်မြင်စွာ ရပ်တည်လာနိုင်ကြမည် ဖြစ်သည်။
ပညာရေးသည် ခေတ်များ၏ တောင်းဆိုချက်များအလိုက်
အမျိုးမျိုး ပြောင်းလဲခဲ့သည်ကို တွေ့ရပြီး ယနေ့ခေတ်တွင် မိဘ၊ ဆရာ၊ ကျောင်းသား သုံးဦးသုံဖလှယ်သာမက
မိဘ၊ ဆရာ၊ ကျောင်းသား နှင့် နိုင်ငံတော်အစိုးရ များသည် သီးသန့်ဆောင်ရွက် ရမည့် အခြေအနေတွင်
သီးသန့်ဆောင်ရွက်ရသည်လည်း ရှိသလို အတူတကွထိစပ် ပူးပေါင်း၍လည်း ကလေးငယ်များကို ပညာအမွေ
လက်ဆင့်ကမ်းပေးကြ ရပါမည်။ နိုင်ငံတစ်ခုကို
စုစည်းအုပ်ချုပ်သော နိုင်ငံတော်အစိုးရသည် ၎င်းနိုင်ငံတစ်ခုတွင် မှီတင်းနေထိုင် ကြသော သူများကို
စောင့်ရှောက်ရန် တာဝန်ယူထားသူများ ဖြစ်သည်။ ကျောက်ခေတ်တွင် မိဘများက အခြေအနေအရပ်ရပ်အတွက်
ပညာအမွေကို တိုက်ရိုက် လက်ဆင့်ကမ်းခဲ့ကြသော်လည်း မျက်မှောက်ခေတ် အချိန်တွင် နိုင်ငံအသီးသီး၌
နိုင်ငံတော်အစိုးရက မိဘများကိုယ်စား ဆရာများမှတဆင့် ပညာရေးကို လေ့ကျင့်ပေးပြီး မျိုးဆက်သစ်များကို
ပျိုးထောင်ပေးရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် မျိုးဆက်သစ်များ ကို ပျိုးထောင်လေ့ကျင့်ရာတွင်
-
- လူသားများ၏ မွေးရာပါ ဆန္ဒအလျောက်ဖြစ်လာသည်များကို
လွပ်လပ်စွာဖြစ်လာစေခြင်းအလို့ငှာ လမ်းကြောင်းများဖွင့်လှစ်ပေးရန်လိုအပ်သည်။ သို့မှသာ
ကဏ္ဍမျိုးစုံတွင် ကျွမ်းကျင်သောပုဂ္ဂိုလ်များ ပေါ်ထွန်းလာမည်။
- တိုင်းသူပြည်သားအားလုံးတွင် တူညီသော
မျိုးချစ်စိတ်၊ အမျိုးသားရေးစိတ်ဓါတ်၊ နိုင်ငံရေး အမြင်များ ရှိစေရန် ဆရာ၊ ဆရာမ များမှတဆင့်
လေ့ကျင့်ပေးရန်လိုသည်။ သို့မှသာ စည်းလုံးညီညွှတ်မှု အမှန်ကို ဖော်ဆောင်နိုင်မည်။
-
တိုင်းသူပြည်သားအားလုံး
တူညီသော စည်းကမ်းလိုက်နာမှုရှိစေရန် လေ့ကျင့်ပေးရန်လိုသည်။ သို့မှသာ တရားဥပဒေ စိုးမိုးပြီး
ရာဇဝတ်မှု လျော့နည်းပပျောက်ကာ ဗြဟ္မစိုရ်တရား ထွန်းကားသည့် လူ့ဘောင်တစ်ခု တည်ဆောက်နိုင်မည်။
ဤသို့ အချက်များအပေါ်တွင်
အခြေပြု၍ လက်တွေ့ကျကျ ဖြစ်လာစေရန် လေ့ကျင့်ပျိုးထောင်ပေးနိုင်မည့် နည်းလမ်းများကို
အသုံးပြုလျက် လေ့ကျင့်ပေးနိုင်မည့် အခြေအနေကောင်းများကို နိုင်ငံတော်အစိုးရက ဖန်တီးပေးနိုင်ရမည်။
သင်ကြားလေ့ကျင့်မှုများကို ပုံမှန်စစ်ဆေး သုံးသပ်နေရမည်ဖြစ်ပြီး ဘွဲ့ရ ပညာတတ်များ သိပ္ပံနှင့်
နည်းပညာ၊ ဝန်ဆောင်မှု၊ ကုန်ထုတ်လုပ်မှု၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး၊
ဘာသားရေး အစရှိသည့် သက်ဆိုင်ရာ ကဏ္ဍအသီးသီးသို့ ရာခိုင်နှုန်း မည်မျှစီးဆင်းဝင်ရောက်လာနေသည်
ကိုလည်း စဉ်ဆက်မပြတ် လေ့လာကြည့်ရှု စီစစ်ပြီး ကဏ္ဍမျိုးစုံတွင် အင်အားတောင့်တင်းလာစေရန်
ဖြည့်ဆည်းခြင်းဖြင့် ကဏ္ဍအသီးသီးတွင် အလုပ်လုပ်နိုင်သော အသိဉာဏ် ဖွံ့ဖြိုးသည့် အင်အားများ
တောင့်တင်းလာသောအခါ နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးမည်ဖြစ်သည်။ ဖော်ပြပါ ကဏ္ဍများအားလုံး
ဟန်ချက်ညီညီ တောင့်တင်းခိုင်မာနေစေရန် နိုင်ငံတော် အစိုးရက အခါမလပ် စောင့်ကြည့်ပြီး
အခြေခံပညာ၊ အထက်တန်းပညာ နှင့် အဆင့်မြင့်ပညာ ကဏ္ဍများတွင် အဆင့်အလိုက် လိုအပ်ချက်များကို
ဖြည့်ဆည်း ညှိနှိုင်း ပြုပြင်မှုများ ဆောင်ရွက်ရမည်။ တိုင်းပြည်၏ ပညာတတ် လိုအပ်ချက်ရှိနေသည့်
အားနည်းနေသော ကဏ္ဍများကို ထပ်မံအားဖြည့်ခြင်းဖြင့် ကဏ္ဍမျိုးစုံ ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်နေစေရန်
နိုင်ငံတော် အစိုးက ဆောင်ရွက်ရမည်။ မိဘများက လက်ဆင့်ကမ်းပေးလိုက်သော မိသားစုတန်ဖိုး
နှင့် ယဉ်ကျေးမှုများအပါအဝင် ပညာအမွေအားလုံးတို့အပြင် ဆရာများက လေ့ကျင့် ဖော်ထုတ် မွေးဖွားပေးလိုက်သော
အသိဉာဏ်ဖွံ့ဖြိုးမှုများနှင့် စိတ်ဓါတ်ရေးရာ အရည်အသွေးများ၊ စံများ၊ ကျင့်ဝတ်နှင့် ကျင့်စဉ်များ
သာမက ခေတ်အဆက်ဆက် ရာသက်ပန် အသိဉာဏ်ရှိသော နိုင်ငံသားများ စဉ်ဆက်မပြတ် ဆက်လက် မွေးထုတ်ပေးနိုင်စေရန်
အရေးအကြီး ဆုံးသော ဆရာများ မွေးထုတ်ပေးရေးကိုလည်း ရုပ်ဝတ္ထုရော ငွေကြေးပါ အရင်းပြု၍
ပုံမှန်ယန္တရား ရေရှည်ရပ်တည် လည်ပတ်နိုင်ရန် အတွက် နိုင်ငံတော်အစိုးရက တည်ဆောက်ပေးရမည်။
အမှန်တကယ် မှန်ကန်သော လေ့ကျင့်သင်ကြားမှု မှသာ
အမှန်တကယ် အသိဉာဏ်ဖွံ့ဖြိုးသော နိုင်ငံသားများ ပေါ်ထွန်းလာမည် ဖြစ်ပါသည်။
ပညာရေးတိုးတက်မြင့်မားမှု မှသည် ကျောင်းသား၊
ကျောင်းသူများအားလုံး အသိဉာဏ်အဆင့်ဆင့် ဖွံ့ဖြိုးပြီး နိုင်ငံတော်အား အကျိုးပြုနိုင်သည့်
စိတ်နှင့် ရုပ်လက္ခဏာများ ဖြစ်တည်လာကာ လူတိုင်းလူတိုင်း ခံစားမှုအသိဉာဏ်များ
(Emotional Intelligence) အားကောင်းလာပါလျှင် နိုင်ငံသားများအားလုံး အယောက်စီတိုင်း၊
အယောက်စီတိုင်း အလုပ်လုပ်နိုင်သော စွမ်းရည်ကြောင့် ကဏ္ဍအသီးသီးတွင် တိုးတက် မြင့်မားလာပါမည်။
တိုင်းပြည်၏ GDP သည်လည်း ပိုမိုတိုးတက်လာမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရ၏ ဝါယမအား နိုင်ငံသားတို့၏
စွမ်းအား ပေါင်းစည်းလျှင် နိုင်ငံတော်သည် အရှိန်အဟုန်ဖြင့် ရှေ့သို့ ရွေ့လျားတိုးတက်မည်မှာ
မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပါသည်။
(Ref: "Modern Education Outlook &
Character Education" by ILBC)
အောင်ကိုဦး(UMK)
Be the Best !

0 comments:
Post a Comment