facebook ကို ဘာအတွက် သုံးမလဲ ?


        ဒီနေ့ခေတ်အချိန်မှာ နည်းပညာများ ပြောင်းလဲတိုးတက်လာတာနဲ့ အမျှ ကမ္ဘာကြီးကို နေ့စဉ် ဆက်သွယ်နိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာလည်း ဒီနေ့ခေတ် အချိန်မှာ ဖုန်းတစ်လုံးရှိရင် အင်တာနက် သုံးလို့ ရနေပြီဆိုတော့ ရန်ကုန်မြို့ အပါအဝင် မြို့ကြီး၊ မြို့ငယ် တော်တော် များများမှာ အင်တာနက် သုံးတာ ရာခိုင်နှုန်းဟာ တိုးလို့လာနေပါတယ်။ အင်တာနက် သုံးစွဲကြတဲ့သူတွေ တော်တော် များများဟာ အခုချိန်မှာ facebook ကို သုံးစွဲနေကြပါပြီ၊ မာ့ခ်ဇူကာဘတ်ဆိုတဲ့ ဟားဗတ်တက္ကသိုလ် ကျောင်းသားလူငယ်လေး တစ်ယောက်နဲ့ သူ့ရဲ့ သူငယ်ငယ်ချင်း တစ်ယောက်ယောက် က ကျောင်းသား အချင်းအချင်း တစ်ယောက်နဲ့ တစ်ယောက်ကြား မှာ သုံးစွဲနိုင်ဖို့ ဖန်တီးခဲ့ရာက အစပြုပြီး နောက်ပိုင်း မှာတော့ တက္ကသိုလ်ကျောင်းသားများ ကြားတွင် သာမက အခုအချိန်မှာတော့ တစ်ကမ္ဘာလုံးကို လွှမ်းမိုး ထားနိုင်ပါပြီ။ ကမ္ဘာပေါ်မှာ ရှိတဲ့လူ ၁၄ ယောက်မှာ ၁ ယောက်နှုန်းစီ facebook ကို သုံးစွဲနေကြပြီး မိနစ် ၂၀ တိုင်းမှာ Status Update ၁.၈၅၁ သန်းရောက်ရှိ တယ်လို့ facebook စစ်တမ်းက ဆိုပါတယ်။
          တစ်ယောက်နဲ့ တစ်ယောက် အသိအကျွမ်းဖြစ်ကြပြီဆိုရင် facebook account ကိုတောင်းလေ့ရှိ လာကြပါတယ်။ လိပ်စာကဒ်တွေမှာလည်း Email အပြင် facebook address ကိုပါထည့်သွင်းလာ ကြတာကို တွေ့ရမှာပါ။ facebook သုံးစွဲသူတိုင်းဟာ နေ့တိုင်း Status Update မတက်ရင်တောင်မှ ခဏတဖြုတ် လောက်ပဲ ဖြစ်ဖြစ် ဝင်ပြီး check လေ့ရှိတာ အကျင့်တစ်ခုလို ဖြစ်နေပါတယ်။ နေ့စဉ် လူမှုဘဝမှာ facebook က တော်တော်လေး လွှမ်းမိုးနိုင်တဲ့သူ ဖြစ်ပါတယ်။ facebook သုံးစွဲသူတွေဟာ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ သုံးစွဲကြပါတယ်။ facebook ကြောင့် အကျိုးရတဲ့သူတွေ ရှိသလို၊ facebook ကြောင့် ပြဿနာတက် ကြသူတွေလည်း ဒုနဲ့ဒေးပါပဲ၊ facebook ကြောင့် ထင်ရှားအောင်မြင်လာသူတွေ ရှိသလို၊ facebook ကြောင့်ပဲ အပြောအဆိုခံရသူတွေ ရှိပါတယ်။
          နန်းခင်ဇေယျာ က အစပြုပြီး ခင်ဝင့်ဝါ၊ ထားထက်ထက် အထိ Miss Popular, Miss Internet ဆုတွေရခဲ့ကြတာ facebook က တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ အကြော်ရောင်းရတဲ့ နန်းမီမီမိုးစက်၊ သုတ/ရသ အမျိုးမျိုးနဲ့ သမီးဆိုး၊ လဲ … လဲ … လဲ … လဲ … နစ်ကီဘိုမင်းအောင်၊ ရှင်နော် … ရှင်ရယ် ဆိုတဲ့ မေမြတ်မွန်၊ တောင်းရမ်းစားနေရတဲ့ ဘဝက အဆင်ပြေသွားတဲ့ တော်လှန်ရေး ရဲဘော်ဟောင်းကြီး သခင်လှကြိုင် စတဲ့စတဲ့ သူတွေကို facebook က အဓိက အခန်းကဏ္ဍက ပံ့ပိုး ခဲ့ပါတယ်။ Personal Account တွေသာမက လူအများ စိတ်ဝင်စားကြတဲ့ Page တွေလည်း အများကြီးပါ။ facebook ကို အကြောင်းအမျိုးမျိုး နဲ့ သုံးနေကြတဲ့ အထဲမှာ အရည်မရ အဖတ်မရတွေလည်း ရှိသလို၊ တကယ်အသုံး တည့်တဲ့ အသုံးဝင်တဲ့ အကြောင်းအရာတွေကို စေတနာနဲ့ အချိန်ကုန်၊ ငွေကုန်ခံပြီး မျှဝေပေးနေကြတဲ့ Personal Account တွေ၊ Page တွေလည်း အများကြီးရှိပါတယ်။ ကွန်ပြူတာ နည်းပညာ၊ ကျန်းမာရေး၊ အင်ဂျင်နီယာဆိုင်ရာ၊ စာရင်းအင်းဆိုင်ရာ၊ အင်္ဂလိပ်ဘာသာစကားဆိုင်ရာ၊ စာပေရေးရာ အစရှိတဲ့ လေ့လာ ကိုယ်လိုချင်တာကို လေ့လာမှတ်သားနိုင်တဲ့ နေရာတွေလည်း facebook ပေါ်မှာ တော်တော်များလာ နေပါပြီ။
          ဒါကြောင့် facebook သုံးတာ မကောင်းဘူးလို့ ပြောဖို့ မဖြစ်နိုင်ပါ။ နေရာတိုင်းမှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာ လောကဓမ္မတာ ပါ။ သုံးစွဲသူရဲ့ ရည်ရွယ်ချက် အပေါ်မှာပဲ မူတည်ပါတယ်။ ဒါဆိုရင် နေ့တိုင်းလောက်နီးပါ သုံးဖြစ်နေတဲ့ facebook က တစ်ခုခု အကျိုးရအောင် လုပ်သင့်ပါတယ်။ ဘာတွေရနိုင်လဲ … Learning လုပ်ချင်သူတွေ အတွက် သက်ဆိုင်ရာ ပညာရပ်အလိုက် ပုံမှန်တင်ပေးနေတဲ့ Account တွေ၊ Page တွေကနေ လေ့လာ မှတ်သားနိုင်ပါတယ်။ စာပေဝါသနာရှင်တွေ အနေနဲ့လည်း အခမဲ့ တင်ပေးနေတဲ့ စာပေဆိုင်ရာ Page တွေက စာအုပ်တွေဖတ်လို့ရပါတယ်။ ကိုယ့်ရဲ့စာပေ အစွမ်းအစကို facebook ကဆင့် ဖော်ပြနိုင်ကြပါတယ်။ ဂီတကို ဝါသနာပါတဲ့သူတွေ အတွက်လည်း ကိုယ်ရဲ့ ဂီတကို facebook ကနေ ပရိတ်သတ်ကို မိတ်ဆက်နိုင်ပါတယ်။
          facebook သုံးစွဲသူတွေဟာ ကိုယ်ပြောချင်တဲ့ အကြောင်းအရာ အမျိုးမျိုးကို Status တွေတင်ကြ ပါတယ်။ အဲဒီ Status တွေကပဲ ကိုယ့်ရဲ့ Personality ကိုယ့်ရဲ့ Image ကို တည်ဆောက်နိုင်ပါတယ်။ နေ့စဉ်နဲ့ အမျှ ကိုယ်တင်နေတဲ့ ကိုယ့်ရဲ့ Status တွေဟာ ကိုယ့်ရဲ့ စိတ်ဓါတ် တစ်စိတ်တစ်ဒေသကို ဖော်ပြနေပါတယ်။ ကိုယ်ရဲ့ အတွေးအခေါ်ကို အယူအဆတွေရဲ့ တစ်စွန်းတစ်စကို လှစ်ဟ ပြနေပါတယ်။ ကိုယ်ရဲ့ အရည်အချင်းတွေကို ဖော်ပြနေပါတယ်။ အဲဒီ Status တွေကြောင့် မိတ်ဆွေ အပေါင်းအသင်း ကောင်းတွေရနိုင်ပါတယ်။
          အဲဒီအတွက်ကြောင့် facebook သုံးစွဲသူ လူငယ်တွေ အနေနဲ့ facebook ကို Learning area တစ်ခု အဖြစ် သုံးစွဲစေချင်ပါတယ်။ ကိုယ်လုပ်ချင်တဲ့၊ ကိုယ်ဝါသနာပါတဲ့ Career တစ်ခုခု ကို အစပြုနိုင်ဖို့ facebook သုံးရင်း လေ့လာပြီး၊ facebook ကပဲ ကိုယ့်ရဲ့ ကိုယ်စွမ်း ကိုယ်စကို စတင်မိတ်ဆက်ပါ။ ချက်ချင်းတော့ ကိုယ့်ရဲ့ သူငယ်ချင်းတွေက သတိထားမိချင်မှ ထားမိပါလိမ့်မယ်။ ဘာပဲ ဖြစ်ဖြစ် စိတ်ရှည်ဖို့ လိုပါတယ်။ ကိုယ်တင်နေတဲ့ status တွေကို စေတနာထားပြီး စိတ်ရှည် လက်ရှည်နဲ့ တင်ကြည့်ပါ၊ တကယ် အကျိုးရှိတယ်၊ တကယ်ကောင်းတယ်ဆိုရင် တောင်းစရာမလိုဘဲ Like တွေရလာပါမယ်။ အဲဒီကဆင့် Share တွေများလာပြီ ဆိုရင် ကိုယ့်ရဲ့ Personality ကိုယ့်ရဲ့ Image ကို လူတွေက စပြီးတော့ သတိထား မိလာမှာပါ။ အဲဒီ Image ကို ခိုင်မြဲအောင် တည်ဆောက်နိုင်မယ်ဆိုရင် လုပ်ငန်းခွင်ဝင်မယ့် အချိန်မှာ ကိုယ်က Quality ရော Image မှာ ခိုင်မာနေပြီဆိုရင် ကိုယ့်အတွက် အခွင့်အလမ်း ပိုများပါတယ်။ ဒါကြောင့်မို့  facebook ကို နေ့တိုင်းလောက် နီးပါး သုံးဖြစ်နေတဲ့ကြတဲ့ facebook user တွေအနေနဲ့ အကျိုးမရှိ အချိန်ကုန်သွားမယ့် အစား ကိုယ့်အတွက် အကျိုးတစ်ခုခုရရှိအောင် ဘာအတွက် သုံးမှာလဲ ? ဘယ်လို သုံးမှာလဲ ? ဆိုတဲ့ အတွေးလေးတစ်ခု ထားစေချင်ပါတယ်။ အဲဒီအတွေးကနေ အဖြေတစ်ခု ရပြီဆိုရင် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ တိုက်တွန်းချင်ပါတယ်။

ကိုယ့်ကို facebook က သုံးတာမျိုးမဟုတ်ဘဲ facebook ကို ကိုယ်က အသုံးချနိုင်ကြပါစေ ……

အောင်ကိုဦး (UMK)
Be the Best !


Share on Google Plus

About Aung Ko Oo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment