ပြီးခဲ့တဲ့ ရက်ပိုင်း က ခေါင်းဆောင်တစ်ချို့ရဲ့ စီမံခန့်ခွဲမှု
အလွဲများ အကြောင်းကို “ငါမရှိလည်း ဖြစ်ဖို့လိုတယ် …” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါတယ်။ အဲဒီဆောင်းပါးနဲ့
ဆက်စပ်နေတဲ့ တစ်ချို့သော အကြောင်းအရာတွေကို တခါတည်းရေးလိုက်ရင် ဆောင်းပါးက ရှည်ပြီးတော့
စာဖတ်သူတွေအတွက် လေးသွားနိုင်တာကြောင့် ချန်ထားခဲ့တာတွေကို ဆက်ရေးလိုက်ပါတယ်။ အဲဒီဆောင်းပါးမှာ
အဖွဲ့အစည်းမှာ ပါဝင်တဲ့ တစ်ဦးတစ်ယောက်ခြင်း စီရဲ့ အရည်အသွေးတွေကို တိုးတက် စေဖို့၊
သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍ အလိုက် တာဝန်တွေ ခွဲဝေပေးဖို့၊ လေ့ကျင့်ပေးဖို့ စတဲ့ ခေါင်းဆောင်
ရဲ့ ကဏ္ဍကို အဓိက ပြောခဲ့တာပါ။ ဒီဆောင်းပါးမှာတော့ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ကြရမယ့်
သူတွေ အကြောင်းကို နည်းနည်း ပြောချင်ပါတယ်။
အဖွဲ့အစည်း တစ်ခုဟာ အားလုံးကိုယ်စီ အရည်အချင်းရှိပါမှ၊
တာဝန်ကျေပါမှ တိုးတက် အောင်မြင်ပြီး ရေရှည် တည်တံ့မှာ ဖြစ်ပါတယ်။ ခေါင်းဆောင်တစ်ယောက်တည်းကို
မှီခိုလွန်းတဲ့၊ အားကိုး လွန်းတဲ့ စနစ်ကနေ အားလုံးပါဝင်တဲ့ စနစ်ကို ကျင့်သုံးဖို့ဆိုတာ
ခေါင်းဆောင်ရော၊ နောက်လိုက်ပါ နှစ်ဦး နှစ်ဖက် အပြန်အလှန်နားလည်မှု ရှိကြဖို့ အထူးအရေးကြီးပါတယ်။
ခေါင်းဆောင်ကလည်း အားလုံးကို ချုပ်ကိုင်မထားပဲ တာဝန်ခွဲဝေပေးဖို့ လိုအပ်သလို နောက်လိုက်များကလည်း
တာဝန်ယူချင်တဲ့စိတ်၊ တာဝန်ယူနိုင်တဲ့ စိတ်ရှိဖို့ လိုပါတယ်။ ခေါင်းဆောင်ကလည်း အားလုံးကို
ချုပ်ကိုင်ထားချင်တယ်၊ နောက်လိုက်ကလည်း အရာအားလုံးကို ခေါင်းဆောင်ကို လွှဲချမယ် ဆိုရင်တော့
အဲဒီအဖွဲ့အစည်းရဲ့ ရှေ့ရေး တွေးသာကြည့်ကြပါတော့ဗျာ … ။ တာဝန်လို့ ပြောတဲ့အခါ တာဝန်နဲ့
အတူ တွဲပြီးရှိနေတာက နေရာပါ။ လူတွေဟာ တာဝန်နဲ့ နေရာ မှာ နေရာကို လိုချင်တဲ့သူက ပိုများပါလိမ့်မယ်၊
ဒါကလည်း ပုထုဇဉ်လူသား တွေရဲ့ သဘာဝတရားပါ။ ဒါပေမယ့် နေရာကို လိုချင်ရင် တာဝန်ကို ယူနိုင်ရပါမယ်။
ခေါင်းဆောင်းတွေက တာဝန်ခွဲမပေးတာဟာ သူတို့ရဲ့လုပ်ပိုင်ခွင့်၊
ရပိုင်ခွင့်တွေကို သူများကို မပေး ချင်တာနဲ့လည်း သက်ဆိုင်ပါတယ်။ အဲဒီတော့ နောက်လိုက်တွေဟာ
ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်နဲ့ပဲ သက်ဆိုင်တဲ့လို့ မြင်လာတတ်ကြပါတယ်။ လုပ်စရာတစ်ခုခု မျက်စီရှေ့မှာ
တွေရင်လည်း ခေါင်းဆောင် ဖြစ်တဲ့သူ လုပ်လိမ့်မယ် ဆိုတဲ့အတွေးနဲ့ ငါနဲ့မဆိုင်ပါဘူး ဆိုပြီး
မသိချင်ယောင် နေတတ်ကြပါတယ်။ ခေါင်းဆောင်ကလည်း သူ့တာဝန်ကို သူအကောင်းဆုံး ထမ်းဆောင်ဖို့၊
နောက်လိုက်ကိုလည်း သင်တော်တဲ့ တာဝန်ကို ခွဲဝေပေးဖို့ ဆိုတဲ့နေရာမှာ အပြန်အလှန် နားလည်မှု
(mutual understanding)၊ အပြန်အလှန် ယုံကြည်မှု (mutual trust) တွေဟာ မရှိမဖြစ် အရေးကြီးလှပါတယ်။
ခေါင်းဆောင်က တာဝန်ခွဲဝေပေးတဲ့ နေရာမှာ အစွန်းလွတ်ဖို့၊ ဘက်လိုက်မှုကင်းဖို့ အထူးအရေးကြီးပါတယ်။
ဒါအပြင် တစ်ဦးတစ်ယောက်ခြင်းစီ ရဲ့ အားနည်းချက်၊ အားသာချက်တွေကို သိပြီး သင့်တော်တဲ့
တာဝန်ကို ခွဲဝေပေးနိုင်ဖို့ လိုပါတယ်။ ဆိုလိုတာက တစ်ဦးခြင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေး
နဲ့ ကိုက်ညီတဲ့ လုပ်ငန်းတာဝန်မျိုးကို ခွဲဝေပေးဖို့ လိုပါတယ်။ ထို့အတူ နောက်လိုက်များကလည်း
ခေါင်းဆောင်က ပေးအပ်တဲ့ တာဝန်ဟာ ကိုယ့်နဲ့ သင့်တော်လို့ ကိုယ်လုပ်ဖို့လိုအပ်လို့ ပေးတာဖြစ်တယ်
လို့ ယုံကြည်ဖို့လိုပါတယ်။ ခေါင်းဆောင်းကလည်း ဘက်လိုက်မှုမကင်းဘူး၊ နောက်လိုက်ကလည်း
ခေါင်းဆောင်ကို ယုံကြည်မှု မရှိဘူးဆိုရင် ငါ့ကျတော့ ဒါကိုခိုင်းတယ်။ သူ့ကျတော့ ဒါကို
မခိုင်းဘူး ဆိုတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။
ခေါင်းဆောင်ဖြစ်စေ၊ နောက်လိုက်ဖြစ်စေ၊ ကိုယ့်နေရာနဲ့
ကိုယ့်တာဝန်ကို ယူတတ်ဖို့ လိုပါတယ်။ ဆရာတော် ဦးသုမင်္ဂလ စကားနဲ့ ပြောရရင် “တာဝန်သိမှ
တာဝန်ရှိပါတယ်”။ ကိုယ့်နေရာနဲ့ကိုယ် ရှိနေတဲ့ တာဝန်ကို မြင်တတ်ဖို့ လိုပါတယ်။ ခေါင်းဆောင်က
ပေးအပ်တဲ့တာဝန်ကို လိုလိုလားလား ဆောင်ရွက်ချင် စိတ်ရှိရမှာ ဖြစ်သလို၊ ကိုယ်နဲ့ထိုက်သင့်တဲ့တာဝန်ကိုလည်း
လိုအပ်သလို တာဝန်ယူတတ်ဖို့လိုပါတယ်။ ဒီနေရာမှာ စကားစပ်လို့ ပြောချင်တာက ကိုယ့်တာဝန်ကို
ကိုယ်က မခိုင်းခင်ကတည်းက လုပ်ထားနိုင်ရင် အကောင်းဆုံးပါ။ အဖွဲ့အစည်းမှာရှိတဲ့ သူတိုင်းက
ကိုယ့်တာဝန်ကို ကိုယ်က ကျေပွန်အောင် လုပ်ဆောင် ကြမယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် တွက်ကပ်တာမျိုးကို
ရှောင်လွှဲနိုင်ကြပြီး အားလုံးကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ကြပါလိမ့်မယ်။ ဒါကလည်း
အပြောလွယ်သလောက် အလုပ်ခက်တဲ့ ကိစ္စပါ၊ ဘာကြောင့်လဲဆိုတော့ နေရာတိုင်းမှာ ရာနှုန်းပြည့်ရဖို့
ဆိုတာ သိပ်တော့ မလွယ်လှပါဘူး၊ ဘယ်လောက် ကောင်းတဲ့ အဖွဲ့အစည်းဖြစ်ပါစေ စုန်းပြူးတွေ
ရှိတတ်တာ သဘာဝပါ။ ဒါကြောင့် ၇၅ - ၈၀ % လောက်ဆိုရင်ကို တော်တော် အဆင်ပြေပါတယ်။
တာဝန်ယူတတ်ဖို့ အတွက် မိသားစုမှာကတည်းက လေ့ကျင့်ထားဖို့
လိုပါတယ်။ အရွယ်ရောက်လို့ ကိုယ့်ကိုယ်ကို လုပ်နိုင်ကိုင်နိုင်ပြီဆိုရင် ကိုယ့်ရဲ့ တစ်ကိုယ်ရေတစ်ကာယ
အလုပ်တွေကို ကိုယ်ကိုယ်တိုင် လုပ်ကိုင်ဖို့ လိုပါတယ်။ ဥပမာ အိပ်ရာသိမ်းတာ၊ အဝတ်လျှော်တာ
မျိုးပေါ့။ မိဘရဲ့ အိပ်ရာကို သိမ်းပေးတာ၊ မိဘရဲ့ အဝတ်အစားလျှော်ပေးတာကို ခဏထားလို့
ကိုယ့်အိပ်ရာကို ပုံမှန်သိမ်းဖြစ်လား၊ ကိုယ့်အဝတ်အစား ကို ပုံမှန်လျှော်ဖြစ်လား ဒါဟာ
လူတစ်ယောက်အတွက် အခြေခံအကျဆုံး ကိုယ့်ရဲ့ တာဝန်ပါ။ ဒါကို အသေးအဖွဲ့ ကိစ္စလေးတွေလို့
ထင်နိုင်ပါတယ်၊ ဒီအသေးအဖွဲ့ ကိစ္စလေးကိုတောင်မှ တာဝန်မယူချင်ဘူး ဆိုရင်၊ ခိုလို့ရသလောက်
ခိုနေမယ်ဆိုရင် အဲဒီအကျင့်တွေဟာ လူမှုအဖွဲ့အစည်းမှာ၊ လုပ်ငန်းခွင်မှာ အနှောင့် အယှက်ဖြစ်စေမှာပါ။
အိမ်ရာသိမ်းတာလောက်၊ အဝတ်လျှော်တာလောက် စတဲ့အခြေခံလုပ်ငန်းတွေကို ပုံမှန်လုပ်ဖြစ်တယ်ဆိုရင်
နောက်ထပ် အိမ်ကလုပ်ငန်းကိစ္စတွေကို တာဝန်ခွဲဝေယူနိုင်အောင် ကြိုးစားရပါ မယ်။ ဥပမာ ရေဖြည့်တာ၊
အိမ်သန့်ရှင်းရေးလုပ်တာ၊ ခြံရှင်းတာ၊ မီတာဘေ(လ်)ဆောင်တာ၊ ဧည့်စာရင်းတိုင် တာ စသည်ဖြင့်
ကိုယ်လုပ်နိုင်မယ့် ကိစ္စတွေကို တာဝန်ယူပြီး အတတ်နိုင်ဆုံး အကြောင်းမဲ့ မပျက်ကွက် အောင်
ကြိုးစားဆောင်ရွက်ကြည့်ပါ။ တာဝန်ယူတတ်တဲ့ အလေ့အထလေ့ စွဲမြဲလာရင် ပတ်ဝန်းကျင်နဲ့ ဆက်ဆံရတဲ့အခါ၊
လူမှုအဖွဲ့အစည်းထဲ ရောက်တဲ့အခါ များစွာအကူအညီပေးပါလိမ့်မယ်။
တစ်ချို့ချို့တွေက ကိုယ့်အိမ်မှာကြောင့်မလုပ်တာပါ၊
လုပ်ငန်းခွင်ထဲရောက်ရင် လုပ်မှာပေါ့၊ လူမှုအဖွဲ့အစည်းနဲ့ ဆက်ဆံတဲ့အခါ လုပ်မှာပေါ့ လို့
ဆင်ခြေပေးကောင်းပေးနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ လုပ်မယ် ပြောပြော၊ စိတ်ထဲမှာရှိတယ်ပြောပြော
တကယ်လုပ်ခဲ့တဲ့ အလေ့အကျင့်မရှိရင် လုပ်ချင်စိတ် တကယ်ဖြစ်ဖို့ ခဲယဉ်းပါတယ်။ ဒါကြောင့်မို့
မိသားစု ကိစ္စများမှသည် လုပ်ငန်းကိစ္စများအထိ ကိုယ့်တာဝန်ကို ကိုယ်သိနိုင်အောင်ကြိုးစားပါ။
တာဝန်ယူတတ်အောင် ကြိုးစားပါ၊ တာဝန်ယူပြီးရင်လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားကြည့်ကြပါ။
ဒါဆိုရင် တစ်ယောက်စီတိုင်းရဲ့ တာဝန်ကျေပွန်မှု၊ အကောင်းဆုံး စွမ်းဆောင်မှု တွေနဲ့အတူ
အစစအရာရာ အဆင်ပြေချောမွေ့တဲ့၊ ပြည့်စုံကောင်းမွန် အောင်မြင် တဲ့ လူမှုအဖွဲ့အစည်း ကို
တည်ဆောက် နိုင်ကြမှာ ဖြစ်ပါတယ်။
“လူငယ်တိုင်း တာဝန်ယူတတ်တဲ့သူတွေ
ဖြစ်ကြပါစေ …”
အောင်ကိုဦး(UMK)
Be the Best !

0 comments:
Post a Comment