အလုပ်တစ်ခု
လုပ်တဲ့အခါ လုပ်ချင်တဲ့စိတ်ရှိပေမယ့် စစ်မရောက်ခင် မြှားကုန် ဆိုတဲ့စကားလို အခက်အခဲတွေကိုပဲ
မြင်ပြီး အကောင်အထည်ဖော်ဖို့ တွန့်ဆုတ်နေတာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် တကယ်လုပ်ချင်ရင်
အဟုတ်ဖြစ်နိုင်ပါတယ်။ အတွေ့အကြုံမရှိတဲ့အခါ ဒါကလည်း ဖြစ်တတ်တဲ့ သဘောတရားပါ။ အဓိက ပြောချင်တာက အရေးကြီးတာ
နဲ့ အရေးမကြီးတာ ကို ခွဲခြားပြီး လိုအပ်တာကို အဓိကလုပ်ရင် လုပ်ချင်တဲ့ကိစ္စတွေ ဖြစ်လာနိုင်တဲ့
အကြောင်းကို ပြောချင်တာပါ။ အတော်အတန် ပွင့်လင်းလာတဲ့ ဒီနေ့ခေတ် အချိန်အခါမှာ စာပေဟောပြောပွဲတွေ၊
ဆွေးနွေးပွဲတွေ မြန်မာနိုင်ငံ အနှံ့အပြားမှာ တော်တော်များများ ကျင်းပပြုလုပ် လာကြတာကို
တွေ့ရပါတယ်။ တစ်ချို့ချို့သော လူငယ်လေးတွေက သူတို့ အဲဒီလို ပွဲမျိုးတွေကို လုပ်ဖို့
ဆန္ဒရှိကြပါတယ်၊ ဒါပေမယ့် ငွေရေးကြေးရေး အဆင်မပြေတဲ့ အခက်အခဲတွေရှိတယ် လို့ကျွန်တော့်ကို
ပြောကြပါတယ်။
အဲဒါနဲ့
ပတ်သက်ပြီးတော့ ဒီဆောင်းပါးကို ရေးဖို့ ဖြစ်လာတာပါ၊ ဟောပြောပွဲ တစ်ပွဲလုပ်တယ် ဆိုတာ
ဘာနဲ့ တူလဲဆိုရင် ရှင်ပြုတာနဲ့ အလားသဏ္ဍာန်တူပါတယ်။ ဆိုလိုတာက ရှင်ပြုတယ် ဆိုတာ မောင်ရင်လောင်းကို
ကတုံးတုံး၊ သင်္ကန်းဝတ်၊ သရဏဂုံတည်ပြီး သီလ လုံရင် ရှင်ဖြစ်မြောက် ပါပြီ၊ ဒါပေမယ့် ရှင်ပြုမယ်လို့
စဉ်းစားလိုက်တာနဲ့ အဲဒီအချက်တွေထက် မောင်ရင်လောင်းကို ဆင်နဲ့လှည့်ရမလား၊ မြင်းနဲ့ လှည့်ရမလား၊
ဧည့်ပရိတ်သတ်တွေကို ဘယ်လို ဧည့်ခံကျွေးမွေးမယ်၊ ဗြောသံ စည်သံ တညံညံနဲ့ ဘယ်လို ခမ်းနားအောင်လုပ်မယ်၊
ဘယ်ဆိုင်းကို ငှားမယ်၊ ဘယ်အငြိမ့်ကို ငှားမယ် ဆိုတာတွေကို အရင် စဉ်းစားတတ်ကြပါတယ်။
အဓိက အရေးကြီးတာက ရှင်ဖြစ်ဖို့ပါ၊ ပွဲဖြစ်ဖို့ မဟုတ်ပါဘူး။ သို့ပေမယ့် အများစုကတော့
ရှင်ဖြစ်ဖို့ထက် ပွဲဖြစ်ဖို့ကို ဦးတည်နေကြပါတယ်။ အဲဒီလို ထမင်းရေချောင်းစီး မောင်းတီးပြီးတော့
ခြိမ့်ခြိမ့်သဲလှူဒါန်းနိုင်ရင်တော့ အတိုင်းထက် အလွန်ပါ၊ အဲဒီလိုမျိုး မလုပ်နိုင်လည်း
ရှင်ဖြစ်မြောက်သွားဖို့ကသာ အဓိက အရေးကြီးတာပါ။
ဟောပြောပွဲတစ်ခုဟာလည်း
ဒီသဘောတရားအတိုင်းပါ။ အရေးကြီးတာက ပရိတ်သတ်ကို အသိပညာ စာပေ ဗဟုသုတ ပေးနိုင်မယ့် စာရေးဆရာတွေက
ဟောပြောကြပြီး ပရိတ်သတ်တွေကလည်း အသိပညာ စာပေ ဗဟုသုတ တွေရရှိသွားကြဖို့က အဓိကကျပါတယ်။
ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပနိုင်ရင်တော့ ပိုကောင်းပါတယ်။ ကြီးကြီးကျယ်ကျယ်
ခမ်းခမ်းနားနား မလုပ်နိုင်ပေမယ့် ပရိတ်သတ်၊ စာရေးဆရာ၊ နေရာတစ်နေရာနဲ့တင် လုံလောက်ပါတယ်။
စာရေးဆရာတွေကိုလည်း တန်ဖိုးကြီးတဲ့ လက်ဆောင်ပဏ္ဍာတွေ ပေးနိုင်ရင်တော့ ကောင်းပါတယ်။ မပေးနိုင်ရင်လည်း
စာရေးဆရာတွေက အပြစ်မမြင်ကြပါဘူး၊ “ပုဆိုးတကွင်းနဲ့လည်း မိုးလင်းအောင် ဟောတယ်”လို့ ဆရာလယ်တွင်းသား
စောချစ် ပြောတာ ဟောပြောပွဲ တစ်ခုမှာ နားထောင်ဘူးပါတယ်။ စာရေးဆရာတွေကို ကားအကောင်းစားကြီးနဲ့
ကြိုပြီး အကောင်းစားဟော်တယ်တွေမှာထား၊ အကောင်းဆုံး အစားအသောက်တွေနဲ့ ဧည့်ခံမှ မဟုတ်ပါဘူး၊
သင့်တင့်လျောက်ပတ်တဲ့ အနေအထားလောက် ဆိုရင် လက်ခံကြပါတယ်။ အရေးကြီးတာက လုပ်ဖြစ်ဖို့ပါ။
တစ်ခါမှ
မလုပ်ဖူးသေးတဲ့ နေရာတစ်ခုမှာ အခက်အခဲတွေ အများကြီး ရှိနိုင်ပါတယ်။ အဲဒီ အခက်အခဲတွေဟာ
ဘယ်လောက်အထိ ခက်ခဲနိုင်လဲ စဉ်းစားဖို့ လိုပါတယ်။ ပွဲကျင်းပဖို့ လိုအပ်တဲ့ ရန်ပုံငွေ
မရှိဘူး ဆိုတာဖြစ်နိုင်ပါတယ်။ တကယ်လုပ်ချင်ရင် ဘယ်လို ရနိုင်လဲ စဉ်စားရပါမယ်။ ပထမဦးဆုံး
သင့်တင့်လျောက်ပတ်တဲ့ ပွဲတစ်ခုဖြစ်လာဖို့အတွက် စာရေးဆရာတွေကို ကြိုပို့စရိတ်၊ နေထိုင်စားသောက်
စားရိတ်၊ လက်ဆောင်ပဏ္ဍာတန်ဖိုး၊ ပွဲကျင်းပမယ့် နေရာအတွက် ကုန်ကျစရိတ်၊ ဖိတ်စာ၊ ဗွီနိုင်း
အပါအဝင် ခန့်မှန်းချေ ကုန်ကျစရိတ်ကို အကြမ်းတွက်ကြည့်ပါ။ လိုအပ်တဲ့ ကုန်ကျစရိတ်ကို
အကြမ်းသတ်မှတ်ပါ။ ပွဲဖြစ်မြောက်ရေးအတွက် လိုအပ်တဲ့ ရန်ပုံငွေပမာဏကို ဘယ်လိုရှာမလဲ စဉ်စားရပါမယ်။
အဓိကလိုအပ်တဲ့ စားရိတ်လောက်ကိုပဲ စဉ်းစားပါ၊ ရန်ပုံငွေက သတ်မှတ်ထားတာထက် ပိုရင်လာခဲ့ရင်
ပွဲကို ချဲ့လိုက ချဲ့နိုင်ပါတယ်။ မလုပ်ခင်ကတည်းက အကြီးကြီး စဉ်းစားနေရင် မဖြစ်နိုင်တာတွေကိုပဲ
တွေးမိပြီး လုပ်ဖြစ်ဖို့ မလွယ်တော့ပါ။ ဒီလိုပွဲမျိုးကို လုပ်ဖို့ စိတ်ပါဝင်စားတဲ့ တကယ်လုပ်နိုင်တဲ့
လူငယ်ဖြစ်စေ၊ လူလတ်ဖြစ်စေ၊ လူကြီးဖြစ်စေ ၅-ယောက်/ ၁၀-ယောက် လောက် အရင် စုစည်းပါ။ ကိုယ့်မြို့၊
ကိုယ့်ရွာ မှာ အတော်အတန် တတ်နိုင်တဲ့သူတွေကို စိတ်ပါဝင်စားအောင် စည်းရုံးဖို့လိုပါတယ်။
ဒီပွဲတစ်ပွဲလုပ်လိုက်လို့
ဘယ်လို အကျိုးကျေးဇူးရနိုင်တယ်ဆိုတာကို ကူညီပေးမယ့်သူတွေကိုရော ကိုယ့်ရဲ့ မြို့သူ/
မြို့သား၊ ရပ်ကွက်သူ/ ရပ်ကွက်သား၊ ရွာသူ/ ရွာသား တွေကိုပါ နားလည်လာအောင် စည်းရုံးပေးဖို့
လိုပါတယ်။ ဒါမှသာ သူတို့ သူတို့ တစ်တွေ အားလုံး စိတ်ပါဝင်စား တက်ကြွလှုပ်ရှားလာကြမှာ
ဖြစ်ပါတယ်။ ငွေရေးကြေးရေး အတော်အတန် တတ်နိုင်သူတွေ ကိုယ့်ဘက်ပါလာရင် မတည်ရန်ပုံငွေ
တစ်ခု ရနိုင်ပါတယ်။ အဲဒီ မတည် ရန်ပုံငွေလေးကို တိုးပွားအောင် ကိုယ့်ရပ်၊ ကိုယ့်ရွာ၊
ကိုယ့်မြို့ရဲ့ အခြေအနေ အလိုက် သင့်တင်လျောက်ပတ်တဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်ကြရပါမယ်။
ရန်ပုံငွေ အထိုက်အလျောက် ရလာတဲ့အခါ ရက်သတ်မှတ်ပြီး အခမ်းအနားအစီအစဉ်ကို ကြိုတင် ရေးဆွဲပါ၊
ဖိတ်ကြားမယ့် စာရေးဆရာ အရေအတွက် နဲ့ အမည်နာမ တွေကို သတ်မှတ်ပါ။ ၃-ယောက်လောက် ဖိတ်ကြားမယ်
ရည်ရွယ်ထားရင် ၅-ယောက်လောက် လျာထားပါ။ ဒါမှသာ သတ်မှတ်ထားတဲ့ရက်မှာ ဖိတ်ကြားဖို့ ရည်ရွယ်ထားတဲ့
စာရေးဆရာ များ မအားလပ်တာမျိုးကြုံခဲ့ရင် အဆင်ပြေမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ကိုယ့်အရပ်၊
ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့ အပြောအဟောတွေ၊ အသိပညာ စာပေဗဟုသုတတွေ မျှဝေပေးမယ့် စာရေးဆရာများကို
ဖိတ်ကြားဖို့ကလည်း အရေးကြီးပါတယ်။
အဲဒီကိစ္စတွေ
ပြီးဆုံးပြီဆိုရင်တော့ စာရေးဆရာများကို ဖိတ်ကြားဖို့ ဆက်သွယ် ဆောင်ရွက်ရပါမယ် ၊ ဖိတ်ကြားတဲ့အခါ
ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသရဲ့ အနေအထားကို ပွင့်ပွင့်လင်းလင်း ကြိုတင်ပြောကြား
ထားဖို့လိုပါတယ်၊ ဒါမှသာ အားနည်းချက်၊ အဆင်မပြေမှု စတဲ့ ပြဿနာတွေကို ရှောင်လွှဲနိုင်ကြပါလိမ့်မယ်။
(ဘာကိုဆိုလိုလဲဆိုတာ တစ်ချို့ချို့လည်း သိကြမယ်လို့ထင်ပါတယ်။ အကြောင်းအရာကိုတော့ ပုဂ္ဂိုလ်ရေး
အရ ထိခိုက်မှာစိုးလို့ မပြောတော့ပါ။) ဒီလောက်ဆိုရင်တော့ စာပေဟောပြောပွဲတွေ ပြုလုပ်ချင်တဲ့
နယ်က လူငယ်တွေအတွက် ဘယ်လိုလုပ်ကြရမယ် ဆိုတဲ့ လုပ်ငန်းစဉ်ဟာ အတော်အတန်တော့ ပြည့်စုံပြီလို့
ယူဆပါတယ်၊ တကယ်လုပ်ချင်ရင် စတင်ပြီး လုပ်ကြည့်လိုက်ပါ၊ အဟုတ်ဖြစ်နိုင်ပါတယ်။ တစ်ကြိမ်လုပ်ဖူးသွားပြီဆိုရင်
နောက်တစ်ကြိမ်အတွက် သိပ်ပြီးတော့ မခက်ခဲတော့ပါဘူး၊ စလုပ်ဖြစ်ဖို့ပဲ အရေးကြီးတာပါ။ ပထမဆုံးအကြိမ်မှာ
လွဲချော်များနဲ့လည်း တွေ့ကြုံ နိုင်ပါတယ်။ နောက်တစ်ကြိမ် လုပ်တဲ့အခါ ပထမအကြိမ်ရဲ့ အားနည်းချက်၊
အားသာချက်တွေကို သုံးသပ်ပြီး အားနည်းချက်တွေကို ပြုပြင်၊ အားသာချက်တွေကို အသုံးချပြီး
ဆက်လက် ဆောင်ရွက်ကြရင် အားလုံး အဆင်ပြေကြမှာပါ။
တက်ကြွတဲ့လူငယ်လေးတွေ
လက်တွေ့ အကောင်အထည် ဖော်နိုင်ကြပါစေ …
အေင်ကိုဦး (UMK)
Be the Best !

0 comments:
Post a Comment