ပညာသင်တာ မှားပြီလား ?

        
  ဒီဆောင်းပါး ခေါင်းစဉ်ကို ကြည့်လိုက်တာနဲ့ နောင်တရတဲ့ အသံတစ်ခုလို့ ထင်ကောင်း ထင်နိုင် ပါတယ်။ နောင်တရခြင်းမဟုတ်ပါ … ဒီနေ့ခေတ်အချိန်မှာ လမ်းလျှောက်ရင်း လမ်းပျောက်နေကြတဲ့ တစ်ချို့ချို့သော လူငယ်တွေရဲ့ ခံစားချက် အတွေးတစ်ခုပါ။ ဘာကြောင့် တချို့တွေက ဒီလို တွေးမိကြလဲ … ? အကြောင်းမဲ့ တွေးခြင်း သက်သက်တော့ မဟုတ်ပါ။
          စာရေးသူတို့ ကျေးရွာဟာ ပညာရေးကို အားပေးတဲ့ ကျေးရွာတစ်ခုလို့ ပြောနိုင်ပါတယ်။ တစ်ရွာလုံး အိမ်တိုင်းလောက်နီးပါး သား/သမီးတွေကို ပညာသင်ပေးကြပါတယ်၊ ရွာဦးကျောင်း ဆရာတော်ကလည်း ပညာရေးမှာ အားတတ်သရော ကူညီပေးပါတယ်၊ ကိုယ့်ရွာမှာရှိတဲ့ အခြေခံပညာအဆင့် ကျောင်းသား/သူတွေ ကနေ တရပ်တကျေးမှာ တက္ကသိုလ်တက်နေကြတဲ့ ကျောင်းသား/သူတွေ အထိ အားလုံးကို ရွာဦးကျောင်းဆရာတော်က တတ်နိုင်သလောက် ကူညီထောက်ပံ့ပေး ပါတယ်။  ကျောင်းသား သမဂ္ဂအဖွဲ့က ဦးဆောင်ပြီးတော့ ပညာရည်ချွန်ဆုပေးပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ပါတယ်၊ ဆယ်တန်းမှာ ဂုဏ်ထူးနဲ့ အောင်မြင်တဲ့ ကျောင်းသား/သူတိုင်းကို ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ ဆုတံဆိပ်ကို ချီးမြှင့်ခဲ့ပါတယ်။ စာရေးသူတို့ငယ်စဉ်က စာရေးသူတို့ရွာမှာ အလယ်တန်းကျောင်းမရှိပါဘူး၊ တွဲဖက်အဆင့် ပဲရှိပါတယ်၊ အဲဒီတွဲဖက်ကျောင်း အဆင့်မှာပဲ ပတ်ဝန်းကျင်ရွာက လာတက်ကြတဲ့ ကျောင်းသား/သူတွေကို စာရေးသူတို့ ရွာက နေရေးသာမက၊ စာသောက်ရေးပါ စီစဉ်ပေးပါတယ်။ နယ်ဝေးက တာဝန်ကျ နေကြတဲ့ ဆရာ/ဆရာမတွေ အတွက်လည်း ဝန်ထမ်းအိမ်ရာ မဆောက်ပေးနိုင်ပေမယ့် ရွာလယ်မှာ အိမ်တစ်အိမ်ကို စီစဉ်ပေးထား ပါတယ်။ အဲဒီလို အားလုံးပါဝင်ပြီးတော့ ညီညီညွတ်ညွတ် နဲ့ တစ်ရွာလုံးမှာ အိမ်တိုင်းလောက် နီးပါး ကျောင်းတက်နေကြတဲ့သူတွေနဲ့ ပြည့်နေပါတယ်။
          အဲဒီလို သားသမီးတွေကို ပညာသင်ရင်းသင်ရင်းနဲ့ စာရေးသူတို့ရွာက မိဘတွေဟာ ကြီးမြင့်လှတဲ့ ကျောင်းစရိတ်တွေကို ထမ်းရင်းထမ်းရင်းနဲ့ နွမ်းပါးလာကြပါတယ်၊ ဒါဟာ တကယ်ပါ။ ဒါပေမယ့် စာရေးသူတို့ရွာနဲ့ ကပ်နေတဲ့ရွာကတော့ ပညာရေးထက် စီးပွားရေးကို ဦးစားပေးကြပြီး တော်တော်များများ ဟာ စီးပွားရေးပြေလည် ကြပါတယ်။ အဲဒီရွာမှာ သား/သမီး တွေကို ဆယ်တန်းအောင်၊ ဘွဲ့ရတဲ့အထိ ပညာသင်ပေးတဲ့ မိသားစုတွေ ရှိကြပေမယ့် စာရေးသူတို့ ရွာနဲ့ယှဉ်ရင်တော့ တော်တော်ကို နည်းပါတယ်။ ပညာသင်တဲ့ မိသားစုတွေမှာ သား/သမီးတွေက ကျောင်းပြီးသွားပေမယ့် ဘဝရပ်တည်ရေး က မရေရာ၊ မသေချာသေးတော့ နောက်ထပ်သင်တန်းတွေ ဆက်တက်ဖို့ အနည်းဆုံး ၃-နှစ်လောက် ဆက်လက် ထောက်ပံ့ပေးကြ ရပြန်ပါတယ်၊ အလုပ်တစ်ခု ရလာပြန်တော့လည်း လစာက လောက်လောက် လားလား မရတော့၊ ရတဲ့လစာလေး ၁-သိန်းလောက်နဲ့ အိမ်ကိုပြန်ပေးဖို့နေပါဦး ကိုယ့်စားရိတ်တောင် ကိုယ်အလျင်မီ အောင် မနည်းသုံးနေကြ ရပါတယ်။ အဲဒီအချိန်မှာ ဘေးရွာက ပညာရေးထက် စီးပွားရေးကို ဦးစားပေးတဲ့သူတွေက မင်းတို့ပညာသင်တာ ဘာဖြစ်လာလဲ …? ငါတို့ကတော့ ဘယ်လို သုံးနိုင်တယ်၊ ဘယ်လိုလှူနိုင်တယ်၊ မင်းတို့ပညာသင်ပြီး အလုပ်လုပ်တာ ဘယ်လောက်များ ရလို့လဲ …? စသည်ဖြင့် ပြောတဲ့သူကပြောကြသလို၊ ကြည့်တဲ့သူကလည်း ကြည့်ကြပါတယ်။ ဒီဆောင်းပါးရဲ့ ခေါင်းစဉ်လို တွေးတဲ့သူ တွေ တွေးလာကြပါတယ် …။ ဘကြောင့် ဒီလိုဖြစ်နေတာလဲ … ?
          မြန်မာပြည်ရဲ့ ပညာရေးစနစ်ဟာ လူတစ်ယောက်ကို လောက်လောက်လားလား ရပ်တည်နိုင်ဖို့ အတွက် အကူအညီမပေး နိုင်သေးတာတော့ အမှန်ပါ။ နိုင်ငံတကာမှာတော့ တက္ကသိုလ်တွေဟာ သူရဲ့ အဆင့်အတန်းအလိုက် ပညာသင်ယူသူတွေအတွက် အာမခံချက်ပေးနိုင်ပါတယ်။ ဥပမာ- Massachusetts Institute of Technology (MIT) က အင်ဂျင်နီယာတွေဟာ အင်တာဗျူးမလိုဘဲ ဘယ်နေရာဆို အလုပ်ဝင်လို့ ရတယ်၊ ဟားဗတ်တက္ကသိုလ်က MBA ဘွဲ့ရတွေဆိုရင်လည်း ထိုနည်းတူ နေရာတိုင်းမှာ လွယ်လွယ်ကူကူ အလုပ်ရတယ် စသည်ဖြင့် ဆရာရဲမြင့်(စွန့်ဦးတီထွင်)ရဲ့ ဟောပြောပွဲတစ်ခုမှာ နားထောင်ဘူးပါတယ်။ နိုင်ငံတကာမှာ တက္ကသိုလ်တွေ အပေါ်မူတည်ပြီတော့ ဘွဲ့အဆင့်အတန်း (Graduation Grade) တွေကွာခြားကြပါတယ်။ စာရေးသူတို့ မြန်မာပြည်မှာတော့ မြန်မာပြည်ရဲ့ ဘယ်တက္ကသိုလ်ကပဲ ရတဲ့ဘွဲ့ဖြစ်စေ ကွဲပြားခြားနားမှု မရှိပါဘူး၊ ပြည်နယ်/ ပြည်မ၊ တောင်ပေါ်/ မြေပြန့်မခွဲခြားပဲ တန်းတူညီမျှ အခွင့်အရေးရထားတာပါ။ ဘယ်တက္ကသိုလ်ကပဲ ဘွဲ့ရတာဖြစ်ဖြစ် ဘွဲ့ရပြီးတာနဲ့ လောက်လောက်လားလား မတတ်ကြတာ အားလုံးနီးပါးလောက် အတူတူပါပဲ။ ဒါဆိုရင် ပညာသင်ကြတဲ့ လူငယ်တွေ “မင်းတို့ ပညာသင်တာ ဘာများဖြစ်လာလဲ” ဆိုတဲ့ မေးခွန်းကို ခေါင်းငုံ့ပြီး ငြိမ်နားထောင် နေကြမှာလား … ? “ပညာသင်တာ မှားပြီလား ?” လို့ တွေးနေကြမှာလား … ?
          အဲဒီအပြောတွေ၊ အဲဒီအကြည့်တွေကို မှားကြောင်းသက်သေပြဖို့ တိုက်ဆိုင်သူတိုင်း၊ ခံစားချက်ရှိသူတိုင်း ကိုယ်စီကိုယ်ငှ တာဝန်ရှိပါတယ်။ စာရေးကိုယ်တိုင် အဲဒီအကြည့်တွေ၊ အဲဒီလိုပြော တာတွေကို ခံခဲ့ရပါတယ်။ အဲဒီစကားတွေကို ချေဖျက်နိုင်ဖို့ ဆိုရင် စာရေးသူတို့ ဆရာကြီးဦးမြကြိုင် စကားနဲ့ ပြောရရင် “အမြီးမြှောက်လိုက်၊ အီးပေါက်လိုက်” နဲ့တော့ မဖြစ်နိုင်ပါဘူး။ ခေတ်၊ စနစ်ကို လက်ညိုးထိုး နေရင်လည်း လက်ညောင်းတာပဲ အဖတ်တင်ပါလိမ့်မယ်၊ ကိုယ်တိုင်က လုပ်မှ ရမှာဖြစ်ပါတယ်။ အိမ်ကိုပြန်တိုင်း စီးပွားရေးလုပ်ပြီး အဆင်ပြေနေကြတဲ့သူတွေက ကြည့်တဲ့အကြည့်တွေ၊ ပြောတဲ့ အပြောတွေကို ကိုယ့်ဘဝတိုးတက်ဖို့၊ အောင်မြင်ဖို့အတွက် တွန်းအားတွေ ပြောင်းနိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ စာရေးသူကိုယ်တိုင် အဲဒီအကြည့်တွေ၊ အဲဒီအပြောတွေကို မမြင်ချင်ယောင်ဆောင်၊ မကြားချင်ယောင် ဆောင်ပြီး ကိုယ့်ဘဝကို အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ အတိုင်းအတာတစ်ခုအထိ အဆင်ပြေလာတဲ့အခါ ကိုယ်က ငါဘာကောင်လဲ ဆိုတာ သွားပြောဖို့လည်း မလိုပါဘူး၊ သူ့အလိုလို သိသွားကြမှာပါ။
          စာရေးသူပြောချင်တာက သူသာတယ်၊ ကိုယ်သာတယ် ကို ပြိုင်ငြင်းနေကြဖို့အတွက် မဟုတ်ပါဘူး။ အဲဒီလိုကြုံရတယ် ဆိုရင်၊ အဲဒီကိစ္စတွေကို ကိုယ့်ဘဝတိုးတက်ရေးမှာ အားအဖြစ် ပြောင်းလဲလိုက်ဖို့ ပြောတာပါ။ ခေတ်စနစ်ကို အပြစ်တင်ပြီး ရေစုန်မှာ မျှောလိုက်နေရင်၊ ကိုယ့်ရဲ့ ကိုယ်စွမ်းကိုယ်စကို ပေါ်ထွက်လာအောင် မကြိုးစားဘူးဆိုရင် ဘယ်သူတွေ ဘာတွေပြောတာက ခဏထားလို့ ကိုယ့်ဘဝမှာ ကိုယ်ကိုယ်တိုင်ပဲ အခက်အခဲတွေ့ကြမှာပါ။ ဒါကြောင့် “ပညာသင်တာ မှားပြီလား” လို့ တွေးမယ့်အစား ပညာသင်တာ မမှားကြောင်း သက်သေပြနိုင်ဖို့ ကိုယ့်ရဲ့ ကိုယ်စွမ်းကိုယ်စ၊ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး ကို အသုံးချပြီး ဘဝတိုးတက်အောင်မြင်ရေးအတွက် အများတကာတွေရဲ့ ဝေဖန်စကားတွေကို အားဖြစ် ပြောင်းလဲပြီး ဒီနေ့ပဲ စတင်ကြိုးစားလိုက်ပါ … ။

         
အောင်ကိုဦး(UMK)
Be the Best ! 
Share on Google Plus

About Aung Ko Oo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment