(finish & complete)
နေ့စဉ်နဲ့အမျှ လူသားတွေဟာ လုပ်ငန်းတာဝန်များစွာကို ကိုယ်စီ
ကိုယ်စီ ဆောင်ရွက်နေကြရ ပါတယ်။ လုပ်ငန်းတစ်ခု ပြီးဆုံးသွားတိုင်း ပြီးဆုံးသွားတိုင်း
ပြီးမြောက်အောင်မြင်သွားတာ ဟုတ်ပါရဲ့လား? ဒါကို နည်းနည်းတော့ စဉ်းစားသုံးသပ်ကြဖို့လိုပါတယ်၊
အဲဒါကို မသုံးသပ်မိဘူးဆိုရင်၊ ရည်ရွယ်ချက်ကို မထိရောက်ဘူးဆိုရင် လုပ်လိုက်တဲ့ လုပ်ငန်းစဉ်
တွေဟာ ဟန်ရေးပြသက်သက် ဖြစ်နေမှာပါ။ ဥပမာအားဖြင့် သင်တန်း တစ်ခုခုကို လိုအပ်လို့ တက်တယ်
ဆိုကြပါစို့၊ အဲဒီသင်တန်းရဲ့ သတ်မှတ်ထားတဲ့ ကာလ ပြီးဆုံးတဲ့အခါ အဲဒီသင်တန်းကို ပြီးဆုံးပါတယ်၊
ဒါပေမယ့် အဲဒီသင်တန်းက ပေးတဲ့ အသိပညာဖြစ်စေ၊ နည်းပညာဖြစ်စေ မရလိုက်ဘူး ဆိုရင်တော့ ပြီးဆုံးရုံသာရှိပါမယ်၊
ပြီးမြောက်အောင်မြင်တာ လို့ မခေါ်နိုင်ဘူးလို့ စာရေးသူ ယူဆပါတယ်။
ထို့အတူ အလှူတစ်ခုလုပ်တယ်ဆိုရင်လည်း ထမင်းရေချောင်းစီး
မောင်းတီးပြီးတော့၊ ဗျောသံ စည်သံ တညံညံနဲ့ ဆိုင်းဝိုင်းကြီးတွေ၊ အငြိမ့်တွေနဲ့ စည်စည်ကားကား
သိုက်သိုက်မြိုက်မြိုက် ပြုလုပ်တယ် ဆိုကြပါစို့၊ အလှူပွဲကြီး ရေစက်ချတဲ့အခါ ဝမ်းမြောက်ဝမ်းသာ
သာဓုခေါ်ကြ၊ ချီးမွမ်းကြနဲ့ ခမ်းနားတဲ့ အလှူပွဲကြီး တစ်ခု ပြီးဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့်
အလှူရှင်တွေဖြစ်တဲ့၊ အလှူဒါယကာ/ အလှူဒါယိကာမ တွေဟာ ဒီအလှူကြီးကို စေတနာ သုံးတန်ပြတ်သားစွာနဲ့
နိဗ္ဗာန်ကို အထောက်အပံ့ပြုစေခြင်းအတွက် လှူဒါန်းနိုင်ခဲ့တာ ဟုတ်ပါရဲ့လား ဆိုတာကို ပြန်သုံးသပ်ဖို့
လိုပါတယ်။ အဲဒီလိုမျိုးလှူဒါန်းတာ မဟုတ်ဘဲနဲ့ ဂုဏ် ဒြပ်တွေလိုချင်လို့၊ ဒီအလှူကြီး
လှူလိုက်လို့ လုပ်ငန်းတစ်ခုခုရဖို့၊ ခွင်တစ်ခု ရဖို့ မျှော်တွေးပြီး လုပ်လိုက်တယ် ဆိုရင်တော့
စည်စည်ကားကား ပြီးဆုံးသွားတယ်ဆိုပေမယ့် ပြီးမြောက်အောင်မြင်တယ် လို့ ပြောဖို့ခက်ပါတယ်၊
တနည်းအားဖြင့် မူလရည်ရွယ်ချက်ကို မရောက်တာကို၊ အကျိုးကျေးဇူးမရှိတာကို ဆိုလိုတာပါ။
(ခွင်ရဖို့ ရည်ရွယ်ပြီး အလှူလုပ်တာမျိုးကို စာရေးသူတို့ ၉/၁၀ တန်းလောက်က တွေ့ကြုံဖူးပါတယ်၊
မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ ကုမ္ပဏီကြီးတစ်ခုက စာရေးသူတို့ မြို့ငယ်လေးမှာ ရှင်အပါး
၁၀၀၀ နဲ့ ရဟန်းကတော့ အတိအကျ မမှတ်မိတော့ပါ ကို ရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာကြီး ခြိမ့်ခြိမ့်သဲ
ပြုလုပ်ခဲ့ပါတယ်၊ အဲဒီနောက်မှာတော့ စာရေးသူတို့မြို့ငယ်လေးက လေယာဉ်ကွင်းကို ပြည်နယ်မှာ
အကြီးဆုံး လေယာဉ်ကွင်းအဖြစ်တည်ဆောက်ခွင့် ပါမစ်ကို အဲဒီကုမ္ပဏီကြီးက ရှရှိသွားပါတယ်။
အဲဒီလိုမျိုး ကိစ္စတွေ မြန်မာပြည်မှာ အစုနဲ့အဝေး ဒုနဲ့ဒေး ရှိနေပါတယ်။)
ဒီနေ့ခေတ်ချိန်မှာ နေရာဒေသတော်တော်များများမှာ
စာပေဟောပြောပွဲ အပါအဝင်၊ အသိပညာပေး ဟောပြောပွဲတွေ၊ နည်းပညာဆိုင်ရာ/ အတတ်ပညာဆိုင်ရာ
ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေကို ပြုလုပ်
လာကြတာကိုလည်း တွေ့နေ့ရပါတယ်။ အဲဒီဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေမှာ တက်ရောက်သူတွေ
တော်တော်များများ နဲ့ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီပွဲကို
စီစဉ်သူတွေ အနေနဲ့ အခမ်းအနားတစ်ခု အဆင်ပြေပြေ ပြီးဆုံးသွားရုံလောက်ကို လုပ်နိုင်ခဲ့ပြီဆိုပြီး
လက်မထောင် နေရုံနဲ့ ရပ်မထားသင့်ပါ။ အဲဒီပွဲက နားထောင်သူ ပရိတ်သတ်တွေကို ဘယ်လောက် စာပေဆိုင်ရာ
ဗဟုသုတ၊ အသိပညာဆိုင်ရာ ဗဟုသုတ၊ အတတ်ပညာဆိုင်ရာ ဗဟုသုတ စတဲ့ ပွဲအပေါ်ကိုမူတည်ပြီး ရသင့်ရထိုက်တဲ့
အသိတွေ ရခဲ့ကြပါရဲ့လား? ဒါကို ပွဲစီစဉ်သူများ အနေနဲ့ သုံးသပ်ကြည့်ဖို့ လိုပါတယ်။ တကယ်လိုချင်တဲ့၊
တကယ်စိတ်ဝင်စားတဲ့ ပရိတ်သတ်တွေ ရောက်လာအောင်၊ ဟောပြောသူတွေ ပေးတဲ့အသိတွေကို အမှန်တကယ်
လက်ခံရယူနိုင်အောင် ပွဲစီစဉ်သူတွေက ကြိုတင် စည်းရုံးဖို့ လိုပါလိမ့်မယ်။ ဒါမှသာ စီစဉ်သူတွေရဲ့
ရည်ရွယ်ချက်ကို ထိရောက်တဲ့ ပြီးဆုံးခြင်းသက်သက် မဟုတ်တဲ့ အောင်မြင်ပြီးမြောက်ခြင်းတွေ
ဖြစ်လာပါလိမ့်မယ်။
ဒါအပြင် အစိုးရသစ်လက်ထက်မှာ နှစ်ပေါင်းများစွာ
မမြင်တွေ့ခဲ့ရတဲ့ ဆန္ဒဖော်ထုတ်ပွဲတွေလည်း မြိုသိပ်ခဲ့ရမှုတွေကို အတိုးချပြီး ပြောစရာတွေကလည်း
များလွန်းတော့ ခဏခဏ တွေ့ကြုံကြရပါတယ်။ အဲဒီလို ဆန္ဒဖော်ထုတ်ပွဲတွေမှာလည်း အထက်မှာပြောခဲ့တဲ့အတိုင်းပါ
…။ ဘယ်အကြောင်းအရာ ဘယ်ကိစ္စအတွက် လူဦးရေ ဘယ်လောက်တက်ရောက်ပြီး ဘယ်မှာ ဆန္ဒဖော်ထုတ်ခဲ့တယ်၊
ဘယ်ကနေ ဘယ်အထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့တယ် စသည်ဖြင့် ဓါတ်ပုံများနဲ့တကွ နောက်တစ်နေ့
သတင်း စာမျက်နှာတွေမှာ ပါလာပြီး ဆန္ဒဖော်ထုတ်ပွဲတစ်ခု လူတွေကြိတ်ကြိတ်တိုး စည်ကားပြီး
ပြီးဆုံးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီပွဲမှာ ဒီကိစ္စကို တကယ် တောင်းဆိုချင်တဲ့သူ၊ ရင်ထဲက
တကယ်ကို ဖြစ်စေချင်တဲ့သူတွေ ဘယ်လောက်ပါသလဲ၊ အဲဒီက အကျိုးသက်ရောက်မှု ဘယ်လောက်အထိ ရှိလဲ
စတာတွေကို ဦးဆောင်သူ တွေက စိစစ် သုံးသပ်ကြည့်ကြဖို့ လိုပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ
“အများယောင်လို့ လိုက်ပြီးယောင် အမောင် တောင်မှန်း/မြောက်မှန်းမသိ” ဆိုတဲ့လူတွေသာ များမယ်ဆိုရင်
ပြီးဆုံးသွားတာ မှန်ပေမယ့် အောင်မြင်တဲ့ ပြီးမြောက်ခြင်းဖြစ်မှာ မဆိုနိုင်ပါဘူး။ (ကျွန်တော်သင်တန်းသား
တစ်ယောက်ရဲ့ လုပ်ငန်းအပါအဝင် အဲဒီနေရာမှာ လုပ်ကိုင်နေကြတဲ့ သူတွေအားလုံး က စည်ပင်နဲ့
ပြဿနာဖြစ်တဲ့အတွက် အဲဒီလုပ်ငန်းရှင်တွေ စုပေါင်းပြီး မခံမရပ်နိုင် ဆန္ဒဖော်ထုတ်ကြပါတယ်။
အဲဒီမှာ လူတွေလိုက်ခေါ်ပြီး လူအင်အား တော်တော်များများနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြပေမယ့် ဦးဆောင်သူတွေက
သူတို့ကို ဘာကြောင့်လုပ်တယ်၊ ဘာကိုတောင်းဆိုချင်တယ်၊ ဘယ်လောက် အတိုင်းအတာအထိ ရရင် ကျေနပ်နိုင်မယ်၊
ဘယ်လောက် အတိုင်းအတာ ရတဲ့အထိ ဆက်လုပ်သွားမယ် စတာတွေကို သေသေချာချာ မရှင်းပြဘဲ လုပ်လိုက်တဲ့အခါ
တကယ်နစ်နာတာတွေအတွက် တကယ်ခံစားရလို့ လိုက်ပါ ဆန္ဒဖော်ထုတ် ကြတဲ့သူတွေ ရှိသလို ဘာမှန်းညာမှန်းမသိ
လိုက်ပါလာတဲ့သူတွေလဲ ရှိတာကို တွေ့ကြုံဖူးပါတယ်။)
လုပ်ငန်းတစ်ခု ပြီးဆုံးတိုင်းမှာ ပြီးဆုံးသွားရုံနဲ့
ကျေနပ်နေမယ် ဆိုရင် တကယ် ပြီးမြောက်အောင်မြင် ရဲ့လားဆိုတာ သုံးသပ်ဖို့ မေ့နေကြမယ်ဆိုရင်
ရည်ရွယ်ချက်ကို ထိရောက်တဲ့ လုပ်ငန်းမျိုးဟုတ်လား/ မဟုတ်လား ဇဝေဇဝါ ဖြစ်နိုင်ပါတယ်။
တစ်ခါမှ မလုပ်ဖူးသေးဘဲ လုပ်ငန်းတစ်ခုကို စတင်ပြီး ဆောင်ရွက်ကြတဲ့အခါ ပြီးဆုံးသည်အထိ
လုပ်နိုင်ပြီဆိုရင် ဒါဟာကျေနပ်စရာပါ၊ အသိအမှတ်ပြုစရာပါ၊ ဒါပေမယ့် နောက်တစ်ကြိမ် နောက်တစ်ကြိမ်
စသည်ဖြင့် ဆက်လုပ်လာတဲ့အခါတော့ တကယ်ပြီးမြောက် အောင်မြင်ရဲ့လား ဆိုတဲ့အချက်ကို စဉ်းစားသုံးသပ်ဖို့ လိုပါလိမ့်မယ်။ ဒါမှသာ ရည်ရွယ်ချက်ကို
ထိရောက်တဲ့ ပြီးမြောက်အောင်မြင်ခြင်းတွေ ဖြစ်လာမှာပါ။ စာမေးပွဲတစ်ခုကို ဖြေဆိုပြီးတိုင်း
စာမေးပွဲအောင်မြင်သွားတာ မဟုတ်ပေမယ့်၊ စာမေးပွဲ အောင်မြင်ခဲ့တဲ့သူတိုင်းဟာ စာမေးပွဲကို
ဖြေဆိုပြီးသူ တွေသာ ဖြစ်ပါတယ်။ စာမေးပွဲတစ်ခု ပြီးဆုံးသွားတာကို သာယာနေရုံနဲ့ ရပ်တန့်မထားဘဲ
စာမေးပွဲ အောင်မြင်တဲ့အထိ ကြိုးစားအားထုတ်ကြဖို့ အရေးကြီးပါတယ်။
“ပြီးဆုံးခြင်းတိုင်း
ပြီးမြောက်အောင်မြင်နိုင်ကြပါစေ …”
အောင်ကိုဦး(UMK)
Be the Best !
ဒီဆောင်းပါးဟာ အပြစ်တင်/
အပြစ်မြင်တဲ့၊ မကောင်းမြင်တဲ့ဝါဒနဲ့ အားလုံးကို ဝါးလုံးရှည်နဲ့ ရမ်းပြီးရေးတဲ့ သဘော
မဟုတ်ပါ၊ ကျွန်တော်တို့တစ်တွေ (အားလုံးကို မဆိုလိုပါ) မေ့နေတတ်ကြတဲ့ အချက်တစ်ချက်ကို
သတိထားမိစေဖို့ အပြုသဘောနဲ့ ရေးခြင်းသာဖြစ်ပါတယ်။ လွတ်လပ်စွာ ကွဲလွဲခွင့် ရှိပါတယ်၊
ဝေဖန်အကြံပြု ဆွေးနွေးမှုတွေကိုလည်း ကြိုဆိုပါတယ် … ။
-
နေရာတစ်ကာ
ငါမရှိလို့ မဖြစ်ဘူး … ငါမရှိရင် မင်းတို့ဘာဖြစ်သွားမယ် … ငါမပါရင် ဒီပွဲမဖြစ်ဘူး စသည်
စသည်ဖြင့် ပြောသံတွေ ကြားနေရတဲ့ ကိစ္စတွေအတွက်လည်း စီမံခန့်ခွဲမှု အယူအဆအလွဲ တွေ အကြောင်းကို
“ငါမရှိလည်း ဖြစ်တယ်” ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် ရေးနေပါတယ် …

0 comments:
Post a Comment