မိမိကိုယ်ကို နှိုင်းယှဉ်ပါ


(Compare Yourself)
စာရေးသူရဲ့ သင်တန်းမှာ အခုသင်နေတဲ့ Do You Have The TIME for SUCCESS? စာအုပ်ထဲမှာ အကြောင်းအရာတစ်ချို့က ဒီဆောင်းပါးကို ရေးဖို့ ဖြစ်လာတယ် … ။ အဲဒီစာအုပ်ထဲမှာ လူတွေ ဟာ ဘဝမှာအောင်မြင်ချင်ရင် ကိုယ့်ကိုယ်ကို သိမ်ငယ်နေတဲ့ စိတ်တွေ၊ အထင်သေးနေတဲ့ စိတ်တွေ၊ ယုံကြည်မှု ကင်းမဲ့နေတာတွေကို ဖယ်ရှားပစ်ဖို့လိုတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ စာရေးသူရဲ့ ကျေးဇူးရှင် ဆရာကြီး ဦးမြကြိုင်ပြောတဲ့ စကားတစ်ခုကို သတိရမိပြန်ပါတယ် …။ “လောကကြီးမှာ အောင်မြင်ချင်တာလဲ ကိုယ့်စိတ်ပဲ … မြောင်းထဲခုန်ဆင်းချင်တာလဲ ကိုယ့်စိတ်ပဲ …၊ ချမ်းသာချင်တာလဲ ကိုယ့်စိတ် … သူတောင်းစား ဖြစ်ချင်တာလဲ ကိုယ့်စိတ် …။” လို့ ဆရာကြီးက ပြောပါတယ်။ ဒါဟာ လုံးဝ(လုံးဝ) အမှန်တတရားပါ။ စာအုပ်ထဲမှာ စာရေးဆရာက သူဟာ ဆင်းရဲတဲ့ မိဘနှစ်ပါးက မွေးဖွားလာတယ်၊ ပညာရေးကလည်း အဆင့်အတန်း အရမ်းမမြင့်ဘူး၊ ဆွေကြီး မျိုးကြီး မျိုးရိုးထဲကလည်း မဟုတ်ဘူး စသည် စသည်ဖြင့် ကိုယ့်ကိုယ်ကို သိမ်ငယ်မယ် … စိတ်ဓါတ်ကျမယ်ဆိုရင် သိမ်ငယ်စရာ … စိတ်ဓါတ်ကျ စရာတွေ ကြီးပါပဲ။ ဒါပေမယ့် သူဟာ အောင်မြင်အောင် ကြိုးစားနိုင်ခဲ့တယ် …။
ဒီအကြောင်းနဲ့ ပတ်သက်လို့ စာရေးသူကိုယ်တိုင် ခံစားလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ စာရေးသူရဲ့ မိဘနှစ်ပါးဟာ ပညာရေးဌာနက သာမန်ဝန်ထမ်းတွေပါ၊ အရမ်းကြီးဆင်းရဲတဲ့ဘဝ မဟုတ်ပေမယ့် ချမ်းသာတဲ့  စာရင်းထဲမဝင်ပါဘူး၊ သာမာန်ဘဝတွေပါ၊ စာရေးသူ ငယ်ငယ်ကဆို အဖေလူပျိုဘဝက နေခဲ့တဲ့ သူများအိမ်နောက်ဖေးမှာ သုံးပင်ဝါးအိမ်လေးနဲ့ နေခဲ့ရတာ၊ ပညာရေးအပိုင်းကို ပြန်ကြည့်ရင်လည်း စာရေးသူဟာ ရန်ကုန်မြို့နယ် မိုင်ပေါင်းများစွာဝေးကွာတဲ့ ရွာငယ်လေးရဲ့ ကျောင်းလေး သေးသေးလေးမှာ တက်ခဲ့ရတာပါ။ စာရေးသူရဲ့ ဘွဲ့ကလည်း ဘယ်နိုင်ငံခြားကမှ ရယူခဲ့တာမဟုတ်ပါဘူး၊ မြန်မာပြည်မှာပဲ ရခဲ့တာပါ၊ တက္ကသိုလ်မှာလည်း အတော်ဆုံးမဟုတ်ခဲ့တဲ့အပြင် ပထမနှစ်၊ ပထမနှစ်ဝက် မှာတင် ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို စာမေးပွဲကျခဲ့ ပါသေးတယ်။ ဒါ့အပြင် ကျောင်းပြီးလို့ လုပ်ငန်းခွင်တစ်ခုထဲမှာ စတင်အခြေချစကာလမှာပဲ ကံကြမ္ပာမုန်တိုင်းရဲ့ တိုက်ခိုက်မှု ထပ်ပြီးခံခဲ့ရပြန်ပါ သေးတယ်။
စာရေးသူရဲ့ ဘဝနောက်ခံ အကြောင်းအရာတွေကို ပြန်ကြည့်လိုက်ရင် အားငယ်တတ်ရင် အားငယ်စရာပါ … စိတ်ဓါတ်ကျတတ်ရင် စိတ်ဓါတ်ကျစရာပါ … ။ အဲဒါတွေကို ခံစားပြီး ကိုယ့်ကိုယ်ကို ရပ်တည်ဖို့ မကြိုးစားခဲ့ဘူးဆိုရင် ဒီအခြေအနေကို ရောက်လာမှာမဟုတ်ပါဘူး။ ဒီစာအုပ်ထဲမှာ ပါတဲ့ အကြောင်းအရာတစ်ခုရှိသေးတယ် … အဲဒါက စာရေးဆရာကို သူ့အမေက သူ ၁၃-နှစ်သားအရွယ်မှာ လက်ဆောင်တစ်ခုပေးခဲ့တယ် … ဘာလဲဆိုတော့ အောင်မြင်ခြင်းရဲ့ လျို့ဝှက်ချက်လို့ရေးထားတဲ့ သေတ္တာလေးတစ်လုံးပါ၊ သေတ္တာထဲမှာ ရေးထားတာက WORK တဲ့ … ။ အဲဒီအချက်ဟာ စာရေးသူနဲ့ သွားတိုက်ဆိုင်တယ်။ စာရေးသူကိုယ်တိုင်လည်း လူတိုင်းကြားဖူးကြတဲ့ စကားတစ်ခုဖြစ်တဲ့ “လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဟာ အလုပ်လုပ်ခြင်း” ဆိုတဲ့ အတိုင်း စဉ်ဆက်မပြတ်ကြိုးစားခဲ့တယ်။ ၂၀၀၉ ခုနှစ်မှာ ဘဝကို သုညမဟုတ်ဘူး အနှုတ်လက္ခဏာ နဲ့ ပြန်စခဲ့ရတယ်။
ခုအချိန်မှာတော့ အင်္ဂလိပ်ဘာသာစကား ဆရာတစ်ယောက်အဖြစ် အသက်မွေးနေပြီ ဖြစ်သလို ကိုယ်ပိုင်သင်တန်းတစ်ခုကို တည်ထောင်နိုင်ခဲ့ပြီ၊ ကိုယ်ကိုယ်တိုင် လုပ်နေသလို လူငယ်တွေအတွက်လည်း တတ်စွမ်းသမျှ လုပ်ပေးနေတယ်၊ သိသမျှ တတ်သမျှ အားလုံးကို မျှဝေပေးနေတယ်။ ဒီမှာ တစ်ခုသတိရမိတယ် မန္တလေးမှာ ကျွန်တော် ခုပြောနေတဲ့ စာအုပ်ရဲ့ ခေါင်းစဉ်နဲ့ ဟောပြောဆွေးနွေးတုန်းက “ဆရာကိုယ်တိုင်ရော အောင်မြင်နေပြီလို့ ယူဆပါသလား” လို့ ပရိတ်သတ်တစ်ယောက်က ထမေးပါတယ်။ “အောင်မြင်နေပြီလို့ မပြောနိုင်သေးပေမယ့် အောင်မြင်မှု လမ်းကြောင်းပေါ်ကိုတော့ ရောက်နေပါပြီ” လို့ ဖြေခဲ့ပါတယ်။ စာရေးသူပြောချင်တဲ့ မိမိကိုယ်ကို နှိုင်းယှဉ်ပါ ဆိုတာ အဲဒါပါ။ လူတွေဟာ လောကနယ်ပယ် ကြီးမှာ တစ်ယောက်နဲ့ တစ်ယောက် နှိုင်းယှဉ်ကြတယ်၊ ယှဉ်ပြိုင်ကြတယ်။ ငယ်ငယ်တုန်းက  အတန်းထဲမှာ အဆင့်(၁) ရအောင် ယှဉ်ပြိုင်ကြတယ်၊ အသက်ကြီးလာတော့ ကိုယ့်လုပ်ငန်းခွင်မှာ မြင့်မားတဲ့နေရာတစ်ခု ရဖို့ သူများနဲ့ ယှဉ်ပြိုင်ကြတယ်။ ဒါဟာ သဘာဝတရားပါ … ဒါပေမယ့် အဓိက နှိုင်းယှဉ်ရမှာ … ယှဉ်ပြိုင်ရမှာက မိမိကိုယ်ကို ပါပဲ။ ရွာစားကြီး စိန်ဗေဒါရဲ့ စကားလို “မနေ့က စိန်ဗေဒါ နဲ့ ဒီနေ့ စိန်ဗေဒါ” ကိုပဲ ယှဉ်ပြိုင်ကြရမှာပါ။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ကုသိုလ်ကံ အကြောင်းတရားတွေ မတူညီကြ ပါဘူး။ တော်တဲ့သူတိုင်းလည်း အောင်မြင်ကျော်ကြားနေကြတာ မဟုတ်သလို အောင်မြင်ကျော်ကြား နေသူတိုင်းလည်း အရမ်းမတော်တဲ့သူတွေ ရှိပါတယ်။
သူများနဲ့ နှိုင်းယှဉ်တဲ့အခါ ကိုယ့်ထက်သာတဲ့လူနဲ့တွေရင် သူတို့က ပိုက်ဆံချမ်းသာလို့၊ ပညာရေးနောက်ခံ ကောင်းလို့၊ မိသားစု အသိုင်းအဝိုင်း ကောင်းလို့ စသည်ဖြင့် တွေးပြီး ကိုယ့်ကိုယ်ကို အားငယ်တတ်တယ်၊ စိတ်ဓါတ်ကျတတ်တယ်။ ကိုယ့်ထက်နိမ့်တဲ့သူကျပြန်တော့လဲ အထင်သေးပြီး ကိုယ့်ကိုယ်ကို ဘဝင်မြင့်တတ်တယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ်ပဲ နှိုင်းယှဉ်ဖို့လိုပါတယ်။ လွန်ခဲ့တဲ့ ၅-နှစ်က ကိုယ်နဲ့ ခုကိုယ်ဟာ ဘာတွေ တိုးတက်လာလဲ၊ ဘာတွေ ပြောင်းလဲလာလဲ၊ ဘာတွေ အောင်မြင်လာလဲ … ဒီလိုပဲ နောက်လာမယ့် ၅-နှစ်မှာ ဘယ်လောက် တိုးတက်အောင်လုပ်မယ်၊ ဘာတွေ ပြောင်းလဲအောင် လုပ်မယ်၊ ဘယ်လောက် အောင်မြင်အောင်လုပ်မယ် … ဆိုတာကိုပဲ နှိုင်းယှဉ်ရမှာပါ။ ကိုယ့်ဘဝကို ဖန်တီးမယ့်သူဟာ ကိုယ်ကိုယ်တိုင်ပါ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားတော်မူတဲ့အတိုင်း “မိမိကိုယ်သာ ကိုးကွယ်ရာ” ဆိုတာ အမြဲတမ်း နှလုံးသွင်းထားဖို့လိုပါတယ်။
သူတို့တွေက ဖြစ်မှာပေါ့ … ဘာလိုကြောင့် … ဘာတွေကြောင့်၊ ငါကတော့ ဖြစ်မှာ မဟုတ်ပါဘူး ဘယ်လိုကြောင့် … ဘာတွေကြောင့် စသည်ဖြင့် စဉ်းစားမနေဘဲ ကိုယ့်ကိုကိုယ် အမြဲတမ်းနှိုင်းယှဉ်ပြီး  ကိုယ့်ဘဝကို ကိုယ်တိုင် ဖန်တီးနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ကိုယ်လိုချင်တဲ့ ဘဝပန်းတိုင်ကို တစ်ဆင့်ပြီးတစ်ဆင့် ရောက်အောင်သွားနိုင်ကြမှာပါ။ ဒီစာအုပ်ထဲက စာတစ်ကြောင်းကို လက်ဆောင်ပေးပြီး ဒီဆောင်းပါးကို နိဂုံးချုပ်ချင်ပါတယ်။

“If you don’t take time to program yourself or your life, life will program you.”

“ရတဲ့အသိကို လက်တွေ့ အသုံးချနိုင်ပါစေ … ”

အောင်ကိုဦး(UMK)

Be The Best !
Share on Google Plus

About Aung Ko Oo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment