လူတိုင်းဟာ နေ့စဉ်နဲ့အမျှ သက်ဆိုင်ရာ
လုပ်ငန်းကိစ္စတွေ ကို ဆောင်ရွက်နေကြရပါတယ်။ နိုင်ငံတစ်ခုမှာ သက်ဆိုင်ရာ ကဏ္ဍအသီးသီးက လူတွေဟာ
ကိုယ့်တာဝန်ကို ကိုယ်က အနည်းဆုံးတော့ ကျေပွန်အောင်၊ အောင်မြင်အောင် ဆောင်ရွက်နိုင်ကြမယ်ဆိုရင်
တစ်ဦးတစ်ယောက်ခြင်း မှ သည် တစ်နိုင်ငံ လုံး အတိုင်းအတာအထိ တိုးတက်အောင်မြင် လာကြမှာဖြစ်ပါတယ်။
ဒါက နည်းနည်း ကြီးကျယ်ပါတယ် … သေချာတာကတော့ ကိုယ့်အလုပ်ကို ကိုယ်က အကောင်းဆုံး ဆောင်ရွက်နိုင်ရင်
အဲဒီအကျိုးကျေးဇူးကို ကိုယ်ကိုတိုင် အရင်ဦးဆုံး ခံစားကြရမှာပါ။ ကျွန်တော်တို့
Physic မှာသင်ခဲ့ရဘူးတဲ့ သီအိုရီတစ်ခုရှိပါတယ်။ အလုပ်ဆိုတာ ပြီးမြောက်မှ အလုပ် ဖြစ်တာပါ။
မပြီးမြောက်သေးသ၍ အားစိုက်ထုတ်မှုပဲ ရှိမှာပါ၊ အလုပ် မဖြစ်ပါဘူး။ ဒါဆိုရင် တစ်နေ့တစ်နေ့
လုပ်နေတဲ့ အလုပ်တွေက အလုပ်ဖြစ်ကြရဲ့လား ပြန်စဉ်းစားကြည့်ကြဖို့ လိုမယ်ထင်ပါတယ်။ အဲဒီလိုမဟုတ်ရင်
နေ့စဉ်စိုက်ထုတ်နေရတဲ့ အားတွေဟာ အလုပ်မဖြစ်ဘူးဆိုရင် အင်အားစိုက်ထုတ်မှုတွေဟာ အလဟသ ဖြစ်သွားနိုင်ပါတယ်။
လုပ်တဲ့အလုပ်တိုင်း အလုပ်ဖြစ်နိုင်ဖို့ အစီအစဉ်တွေကို ခုပဲ လက်တွေ့လုပ်လိုက်ကြရအောင်
… အများကြီးတော့ မဟုတ်ပါဘူး ……
၁။ လုပ်ငန်းအစီအစဉ်ချမှတ်ပါ
ကိုယ့်ရဲ့
လုပ်ရမယ့် လုပ်ငန်းအစီအစဉ်တွေကို တစ်နေ့ခြင်း၊ တစ်လခြင်း၊ တစ်နှစ်ခြင်း ကနေ နောင်လာမယ့်
၃-နှစ်၊ ၅-နှစ်၊ ၁၀-နှစ် တွေအထိ အသေးစိတ်ချမှတ်ဖို့ လိုပါတယ်။ နှစ်အလိုက် လုပ်ဆောင်ရမယ့်
အရာတွေကတော့ ရေရှည်အစီအစဉ်ပေါ့၊ နေ့အလိုက် လုပ်ရမယ့်ကိစ္စတွေကတော့ ရေတိုလို့ပြောရမှာပေါ့။
ပထမဆုံးလုပ်ရမှာကတော့ နေ့အလိုက် အစီအစဉ်တွေပါ။ ပထမဆုံး ညအိပ်ရာမဝင်ခင်မှာ မနက်ဖြန်မှာ
ဆောင်ရွက်ရမယ့် ကိစ္စတွေကို အသေးစိတ် ချရေးလိုက်ပါ။ မနက် ဘယ်နှစ်နာရီ အိပ်ရာထမယ်၊ ဘယ်သင်တန်းတွေတက်မယ်၊
သင်တန်းမှာ ဘယ်လောက်ရအောင် လေ့လာမယ်၊ အလုပ်လုပ်တဲ့သူဆိုရင်လည်း ဘာတွေလုပ်ရမယ်၊ ဘယ်လောက်အတိုင်းအတာ
ပြီးအောင် လုပ်ရမယ်၊ ဘာစာအုပ်ဖတ်မယ် စသည် စသည်ဖြင့်
ကိုယ်လုပ်ရမယ့် အကြောင်းအရာတွေ အားလုံးကို အသေးစိတ် ချရေးလိုက်ပါ။ ဖြစ်နိုင်ရင် လုပ်ငန်းတစ်ခုခြင်းစီအတွက်
အချိန်တွေပါ ထည့်ရေးထားရင် ပိုကောင်းပါတယ်။
၂။ လုပ်ငန်းအစီအစဉ်ကို
ပြန်လည် သုံးသပ်ပါ
ဘယ်အလုပ်ပဲလုပ်လုပ် ပြန်ပြီးတော့ သုံးသပ်တာ
မလုပ်ဘူးဆိုရင် ပြီးစီးဖို့၊ အောင်မြင်ဖို့ဆိုတာ သိပ်တော့ မလွယ်လှပါဘူး။ မနေ့က ချမှတ်ခဲ့တဲ့
အစီအစဉ်တွေကို ဒီနေ့ ညအိပ်ရာမဝင်ခင်မှာ ပြန်လည် သုံးသပ်ပါ။ ကိုယ်ရေးထားခဲ့တဲ့ အစီအစဉ်တွေကို
တစ်ချက်ခြင်း ပြီး/ မပြီး စစ်ဆေးပါ။ တစ်ချို့က လုံးဝ မပြီးတာ၊ တစ်ချို့က အားလုံးမပြီးဘဲ
တစ်ချို့တစ်ဝက်ပဲ ပြီးတာ စတာတွေကို တွေ့လာ ရပါလိမ့်မယ်။ အဲဒီအခါ မပြီးတဲ့ကိစ္စတွေရဲ့
အကြောင်းရင်းကို သိအောင်လုပ်ပါ။ ဥပမာ- ကိုယ်ကိုယ်တိုင်က ပျင်းလို့ ရွေ့လိုက်တာလား၊
ရာသီဥတုကြောင့်လား၊ မီးပြတ်သွားလို့လား စသည်ဖြင့် အလုပ်မပြီးအောင် အဟန့် အတား ဖြစ်စေတဲ့
အကြောင်းအရာဟာ ကျိုးကြောင်းဆီလျော်မှု ရှိ/မရှိ သုံးသပ်ဖို့လိုပါတယ်။ ကိုယ်ရဲ့ အားနည်းချက်ကြောင့်
မပြီးတာဆိုရင် အဲဒါကို ပြင်နိုင်ဖို့ ကြိုးစားရပါမယ်။ အခြား ပတ်ဝန်းကျင် အကြောင်း
အရာ တစ်ခုခုကြောင့်ဆိုရင်လည်း အဲဒါကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်ရပါမယ်။ မနေ့က ကိစ္စတွေ
စစ်ဆေး သုံးသပ်လို့ ပြီးရင်တော့ မနက်ဖြန် အစီအစဉ်ကို ထပ်ပြီးတော့ ချရေးလိုက်ပါ။
အဓိက လုပ်ရမှာကတော့ အဲဒီ ၂-ချက်တည်းပါ။ အဲဒီလုပ်တဲ့
အတွက် ကိုယ့်ရဲ့ အချိန်သုံးစွဲမှုကို ကိုယ်မြင်လာပါလိမ့်မယ်၊ ဘယ်နေရာတွေမှာ ကိုယ်က အချိန်ပေးတာများပြီးတော့၊
ဘယ်နေရာတွေမှာ ကိုယ်က အချိန်ပေးတာတွေ များလဲ၊ ကိုယ့်ရဲ့ လိုအပ်ချက်အပေါ်မှာ မူတည်ပြီးတော့
အချိန်ကိုပါ စီမံခန့်ခွဲ နိုင်လာပါလိမ့်မယ်။ နောက်တစ်ခုက ကိုယ့်ရဲ့ အားနည်းချက် ကိုလည်း
မြင်လာပါလိမ့်မယ်၊ ဆိုလိုတာက ဘယ်လိုအချက်တွေ ရှိနေရင် အလုပ်လုပ်ချင်စိတ်ကို နည်းပါးစေလဲ၊
ဘယ်လိုအခြေအနေမျိုးမှာ အလုပ်မလုပ် ချင်ဘူးလဲ စတဲ့ လုပ်ငန်းခွင်မှာ ကိုယ့်ကို စိတ်ဝင်စားမှုနည်းပါးစေတဲ့
အကြောင်းအရာတွေကို တွေ့လာပါလိမ့်မယ်။
ဒီအချက် ၂-ချက်ကို အကောင်အထည်ဖော်တဲ့အခါ
ချက်ချင်းတော့ ရာနှုန်းပြည့် လုပ်နိုင်ဖို့မလွယ် ပါဘူး၊ ဒါပေမယ့် ၇၅-၈၀ ရာခိုင်နှုန်းလောက်
လုပ်နိုင်တယ်ဆိုရင် တော်တော် အဆင်ပြေပါတယ်။ အဲဒီ ၂-ချက်ကို တစ်နေ့ခြင်း၊ တစ်ရက်ခြင်း
ကနေ တစ်ဘဝလုံး အစီအစဉ်တွေအထိ ချမှတ်ပြီးတော့ ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်မယ်ဆိုရင်
လုပ်ငန်းတွေ ပြီးစီရုံသာမက ဘဝအောင်မြင်မှုကိုပါ ရရှိနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလို
လုပ်တဲ့ အလေ့အကျင့်ရလာတဲ့အခါ စလုပ်တုန်းကလောက်တော့ အသေးစိတ် အစီအစဉ်တွေ နေ့တိုင်း နေ့တိုင်း
ချရေးဖို့မလိုတော့ပါဘူး။ ကိုယ့်အလုပ်ကို ကိုယ်က စီမံခန့်ခွဲ နိုင်လာပါလိမ့်မယ်။ ကိုယ့်အလုပ်ကို
ကိုယ်က စီမ့ခန့်ခွဲနိုင်ပြီဆိုမှတော့ ကိုယ့်ဘဝအောင်မြင်ဖို့လည်း စီစဉ် ဆောင်ရွက် အကောင်အထည်ဖော်နိုင်ပြီပေါ့။
ကိုယ်ကိုယ်တိုင် ချမှတ်ထားတဲ့ အစီအစဉ်တွေကို
ကိုယ်ကိုယ်တိုင်က ပြီးမြောက်အောင် မဆောင်ရွက်နိုင်ဘူးဆိုရင် လုပ်ငန်းခွင်မှာ လုပ်ငန်းခွင်က
ချမှတ်ထားတဲ့ လုပ်ငန်းတာဝန်တွေကို ပြီးမြောက် အောင်မြင်ဖို့ သိပ်တော့မလွယ်လှပါဘူး။
ဘယ်အလုပ်လုပ်ပဲ ဖြစ်ဖြစ် သူများက ခိုင်းရင် မလုပ်ပါနဲ့။ ဒီလိုပြောလို့ လုပ်ငန်းခွင်မှာ
လူကြီးကခိုင်းသမျှကို ငြင်းဖို့ ပြောတာမဟုတ်ပါဘူး။ ဘယ်အလုပ်မဆို ဘယ်သူမှ မခိုင်းခင်ကတည်းက
ကိုယ့်အလုပ်ကို ကိုယ်ပြီးအောင် လုပ်ထားဖို့ ပြောချင်တာပါ။ ဒါဆိုရင် ကိုယ့်တာဝန်ကို
ကိုယ်က ကျေပွန်အောင်၊ ပြီးမြောက်အောင် အမြဲတမ်းလုပ်နိုင်မယ် ဆိုရင် လုပ်ငန်းခွင်မှာ
ပျော်ရွင် အောင်မြင်ပြီတော့ စိတ်ချမ်းသာကြမှာပါ။
“လုပ်ငန်းကိစ္စတိုင်း
ပြီးမြောက် အောင်မြင်ပြီးတော့ ပျော်ရွင်ကြပါစေ … … …”
အောင်ကိုဦး(UMK)
Be the Best !

0 comments:
Post a Comment