(Personality & Duty)
နေ့စဉ်နဲ့အမျှ
လူသားတွေဟာ လုပ်ငန်းတာဝန်ကိုယ်စီနဲ့ ဘဝအတွက် လုပ်ရှားရုန်းကန် နေကြရတယ်။ ကိုယ့်ရဲ့
နေ့စဉ်တိုင်းမှာ လုပ်ငန်းတာဝန်၊ မိသားစုတာဝန်၊ ပတ်ဝန်းကျင် တာဝန် စသည် စသည်ဖြင့် တာဝန်တွေ
ကိုယ်စီကို လုပ်ကိုင်နေကြရပါတယ်။ ထို့အတူပဲ နေ့စဉ်နဲ့ အမျှ ကိုယ့်ရဲ့ လူမှုရေး၊ အချစ်ရေး၊
မိသားစုအရေး စသည်စသည်ဖြင့် ကိုယ်ရေးကိုယ်တာ ကိစ္စများစွာကိုလည်း ကိုင်တွယ် ဖြေရှင်း
နေကြရပါတယ်။ အဲဒီအချက် ၂-ချက် ကို ဟန်ချက်ညီညီ လုပ်ကိုင် ဆောင်ရွက်နိုင်မှသာလျှင် သာယာ
ပျော်ရွှင်တဲ့ အောင်မြင်မှုကို ပိုင်ဆိုင်နိုင်ကြမှာပါ။
ဘဝမှာ
အလုပ်တာဝန်တွေကိုပဲ ဦးစားပေးရင်း ဦးစားပေးရင်း အလုပ်လုပ် ဆိုတာကိုပဲ လုပ်နေရင်း တနည်းအားဖြင့်
ငွေ … ငွေ … နောက်ကိုပဲ လိုက်ရင်း လိုက်ရင်း လုပ်ငန်းအောင်မြင်မှု၊ ငွေရေး ကြေးရေး အောင်မြင်မှုတွေ
တော့ ရရှိနိုင်ပေမယ့် မိသားစုကို အချိန်မပေးနိုင်တဲ့အခါ သာယာမှုမရှိတဲ့၊ နွေးထွေးမှု
မရှိတဲ့ အောင်မြင်မှုပဲ ရရှိပါလိမ့်မယ်။ ထိုအတူ မိသားစုကိုပဲ ဦးစားပေးလွန်း တော့လည်း
စိတ်ပိုင်းဆိုင်ရာ တော့ ပြည့်စုံကုံလုံပြီး နွေးထွေးမှုတော့ ရှိနိုင်ပါတယ်၊ ဒါပေမယ့်
လုပ်ငန်းပိုင်းကို အာရုံစိုက်မှု အားနည်းတဲ့အခါ ရုပ်ပိုင်းဆိုင်ရာမှာ အားနည်းချက်တွေရှိနိုင်ပါတယ်။
နောက်တစ်မျိုးက ကိုယ်ရေးကိုယ်တာ နဲ့ လုပ်ငန်းတာဝန်ကို ရောထွေးပြီး ၂-ဖက်လုံးမှာ မယ်မယ်ရရ
အောင်မြင်မှု မရှိဘဲ ဘဝ ဝဲဂယက်ထဲမှာ တဝဲလည်လည် ဖြစ်နေကြတာမျိုးလည်း တွေ့ရတတ်ပါတယ်။
လူတိုင်းဟာ
ကိုယ်ရေးကိုယ်တာ နဲ့ လုပ်ငန်းတာဝန် ၂-ချက်လုံးကို ရှောင်လွှဲလို့ မရနိုင်ပါဘူး။ အဲဒီ
၂-ခုလုံးကို ရှောင်လွှဲလို့ မရသလို ရောထွေးရင်လည်း အဆင်မပြေပါ။ အဲဒီ ၂-ချက်ကို သူ့အကန့်
နဲ့သူ သတ်သတ်စီ ခွဲခြားနိုင်အောင် လုပ်ကိုင်ဖို့လိုအပ်ပါတယ်။ ဆိုလိုတာက အလုပ်ထဲကို
အိမ်က ကိစ္စတွေ သယ်သွားလို့ အဆင်မပြေသလို အိမ်ကိုလည်း အလုပ်က ကိစ္စတွေ သယ်လာလို့ အဆင်မပြေပါဘူး။
ဒါပေမယ့် များသောအားဖြင့် တော့ ရောထွေးတတ်ကြပါတယ် … ။ လူဆိုတာ အမြဲတမ်း အဆင်မပြေနိုင်
ပါဘူး၊ တစ်ခါတစ်လေ ငွေးရေး ကြေးရေး၊ မိသာစု အရေး စသည်ဖြင့် အဆင်မပြေမှုတွေ ကြုံရတဲ့အခါ
အဲဒီစိတ်တွေကို လုပ်ငန်းခွင်ထဲအထိ ယူသွားတဲ့အခါ လုပ်ငန်းခွင်မှာပါ အဆင်မပြေမှုတွေ ဖြစ်လာတတ်ပါတယ်။
ထို့အတူ လုပ်ငန်းခွင်မှာ လည်းအဆင်မပြမှုတဲ့ ရှိတဲ့အခါ စိတ်ညစ်တာ၊ စိတ်တိုတာ၊ ဒေါသထွက်တာ
မျိုးတွေ ဖြစ်တတ်ပါတယ်၊ ပိုဆိုးချင်တော့ လမ်းမှာ လိုင်းကားစီးတော့ စပယ်ယာနဲ့ပါ ပြဿနာ
ထပ်တက်တဲ့အခါ အိမ်ကိုလည်း ရောက်ရော နိုင်တဲ့လူကို မဲပြီး ဖိဟောက်တာမျိုးတွေ တွေ့ရတတ်
ပါတယ်။
အိမ်ကို
ရောက်လာပြီဆိုတာနဲ့ အလုပ်ထဲက ပြဿနာတွေ၊ အဆင်မပြေမှုတွေ၊ စိတ်တိုတာတွေ၊ ဒေါသတွေ အားလုံးကို
တံခါးဝမှာပဲ ချိတ်ထားလိုက်ပါ၊ အိမ်ထဲကို မသယ်လာပါနဲ့ ကိုယ့်ရဲ့မိသားစုနဲ့ အတူ နွေးနွေးထွေးထွေး
ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်အောင် ကြိုးစားပါ။ ကိုယ့်က ကိုယ့်ကိစ္စနဲ့ ကိုယ် အဆင်မပြေလို့
စိတ်တို ဒေါသထွက်ပြီး မှုန်ကုပ်ကုပ် လုပ်နေရင် … အိမ်က လူတွေက ကိုယ့်အနားကို ကပ်တော့မှာ
မဟုတ်ပါဘူး။ တစ်ခါတစ်လေ ကတော့ သိပ်မသိသာပေမယ့် အကြိမ်အရေအတွက် များလာ တဲ့အခါ မိသားစုက
ကိုယ့်ကို အေးစက်လာပါလိမ့်မယ်။
ကိုယ့်မှာ
မိသားစု ပြဿနာ၊ ငွေရေးကြေးရေး ပြဿနာ စတာတွေရှိရင်လည်း အလုပ်ခန်းတံခါးဝကို ရောက်တာနဲ့
ခဏမေ့ထားလိုက်ပါ။ မမေ့နိုင်ဘဲ သယ်လာခဲ့ရင် အဲဒီစိတ်တွေက ကြီးစိုးနေလို့ လုပ်ငန်းခွင်မှာ
အာရုံမကပ်နိုင်တော့တာမျိုးဖြစ်တတ်ပါတယ်။ အဲဒီတော့ အမှားတွေလုပ်မိဖို့ အခြေအနေမျိုး
ပိုပြီး ဖြစ်နိုင်ချေ များပါတယ်။ နီးစပ်ရာလူကို ဒေါသတွေ ပုံကျသွားတာမျိုးတွေ ဖြစ်လာတဲ့
အခါ လုပ်ငန်းခွင်က၊ လုပ်ဖော်ကိုင်ဖက် ဖြစ်စေ၊ လက်အောက်ငယ်သား ဖြစ်စေ ကိုယ့်ကို အပြစ်မြင်လာ
ပါလိမ့်မယ်။ နောက်တစ်ခုက လုပ်ငန်းကိစ္စဖြစ်စေ၊ မိသားစု ကိစ္စဖြစ်စေ ပင်ပန်းတာတွေ များလာတဲ့အခါ၊
အိပ်ရေးတွေပျက်တဲ့အခါ ဒေါသ ထွက်တတ်ပါတယ် … ။ ကိုယ့်ကိစ္စနဲ့ ကိုယ် အဆင်မပြေတာ ပင်ပန်းတာကို
သူများအပေါ် မသက်ရောက်မိ အောင် ကြိုးစားဖို့ လိုပါတယ်။
ဆိုလိုသည်မှာ
လုပ်ငန်းခွင်မှာ တာဝန်ထမ်းဆောင်တဲ့အခါ လုပ်ငန်းကိစ္စကိုပဲ အပြည့်အဝ အာရုံစိုက်ပြီး
အကောင်းဆုံး လုပ်ဆောင်နိုင်အောင် ကြိုးစားဖို့လိုပါတယ်။ ဘယ်လို အကြောင်းကိစ္စ ကြီးငယ်
ရှိနေသည်ဖြစ်စေ လုပ်ငန်းခွင်နဲ့ လုံးဝ (လုံးဝ) မရောထွေးဖို့ အရေးကြီးပါတယ် … ။ ကိုယ့်ရဲ့
မိသားစုနဲ့ နေတဲ့အခါလည်း လုပ်ငန်းခွင်က ဘယ်လို
ပြဿနာမျိုးတွေပဲ ရှိနေပါစေ မိသားစုကို လုံးဝ (လုံးဝ) မသက်ရောက် ဖို့ အထူးလိုအပ်ပါတယ်။
လုပ်ငန်းကိစ္စ နဲ့ ကိုယ်ရော ကိုယ်တာ ရောထွေးလို့ လုပ်ငန်းခွင်မှာ ဖြစ်စေ၊ မိသားစုနဲ့
ဖြစ်စေ၊ ပတ်ဝန်းကျင်နဲ့ ဖြစ်စေ ပြဿနာတွေ တက်တဲ့အခါ အိမ်မှာ စိတ်တိုလာလို့၊ ဒေါသထွက်လာလို့၊
အလုပ်မှာ အဆင်မပြေလို့ ဖြစ်သွားတယ် ဆိုတာမျိုးက တစ်ခါတစ်လေပဲ ဆင်ခြေ ပေးလို့ ကောင်းပါတယ်။
ခဏခဏ ဖြစ်လာရင်တော့ ကိုယ့်ရဲ့ အောင်မြင်မှုကို ထိခိုက်လာ မှာ သေချာ ပါတယ်။
လူတိုင်းဟာ
လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် ပြဿနာတွေ၊ အခက်အခဲတွေ၊ စိတ်ညစ်စရာတွေ၊
ပင်ပန်းတာတွေ၊ ဒေါသထွက်တာတွေ နဲ့ အမြဲတမ်းမဟုတ်တောင် ခဏခဏတော့ တွေ့ကြုံနေကြရမှာပါ။
ပျော်ရွှင် အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ အတွက် အဲဒီကိစ္စတွေကို ကိုယ်က ဘယ်လိုတုန့်ပြန်လဲ
ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ကိုယ်ရေးကိုယ်တာ နဲ့ လုပ်ငန်းတာဝန်ကို ဘယ်ကိစ္စကို ဦးစားပေးရမယ်
လို့မဆိုလိုပါ။ မိသားစုနဲ့ တွေ့တဲ့အခါ မိသားစုအကြောင်းပဲ ခေါင်းထဲထည့်ပြီး အကောင်းဆုံးလုပ်ဖို့
လိုအပ်သလို လုပ်ငန်းကိစ္စ လုပ်နေတဲ့အခါ လည်း အလုပ်ကိစ္စပဲ ခေါင်းထဲထည့်ပြီး အကောင်းဆုံး
ကြိုးစားဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် သူ့ကဏ္ဍနဲ့ သူ ကိစ္စအဝဝ ပြီးမြောက်အောင်မြင်ပြီး ပျော်ရွှင်တဲ့
အောင်မြင်မှုမျိုးကို ပိုင်ဆိုင်နိုင်ကြမှာ သေချာပါတယ်။
“ရတဲ့အသိကို
လက်တွေ့ အသုံးချနိုင်ပါစေ … ”
အောင်ကိုဦး(UMK)
Be The
Best !
0 comments:
Post a Comment