လူငယ် နှင့် အခွင့်အလမ်း

        ဒီခေါင်းစဉ်ကို မန္တလေးမှာ စာအုပ်သစ်မိတ်ဆက်ပွဲ နေ့က ဟောပြောခဲ့ဖူးပါတယ်၊ ဆောင်းပါးအဖြစ် ရေးမယ်လို့ စိတ်ကူးထားတာတော့ မန္တလေးပွဲပြီးကတည်းကပါ၊ ဒါပေမယ့် မန္တလေးက ပြန်လာကတည်းက သင်တန်းသစ်ဖွင့်တဲ့ ကိစ္စတွေနဲ့ အလုပ်များနေလို့ မရေးဖြစ်ခဲ့ဘူး။ ဟိုတစ်နေ့က Channel 7 က လာနေတဲ့ the Model Academy အစီအစဉ်ကို ကြည့်နေရင်း Judge တစ်ယောက်ဖြစ်တဲ့ ဦးပီတာက model တစ်ယောက်ကို ပြောတဲ့  comment ကို ကြားလိုက်တော့ ဒီအကြောင်းအရာကို ပြန်သတိရလာပြီး ရေးဖြစ်သွားတာပါ။ ဦးပီတာက “ရလာတဲ့ အခွင့်အလမ်း ဆိုတဲ့ ကြိုးတစ်ချောင်းကို မိမိရရ ဖမ်းဆုပ်ပြီး ဆက်တက်နိုင်မှ အောင်မြင်မှုကို ရမယ်လို့” ပြောပါတယ်။ စကားလုံး အသုံးအနှုန်းခြင်းမတူပေမယ့် ကျွန်တော်ပြောခဲ့တဲ့ အကြောင်းအရာတွေနဲ့ သဘောတရားခြင်းတော့ အတူတူပါ။
          ဒီနေရာမှာ အခွင့်အရေး (Chance) နဲ့ အခွင့်အလမ်း (Opportunity) ဆိုတဲ့စကား နှစ်လုံးဟာ တူသလိုလိုနဲ့ အတိအကျတော့ မတူဘူးလို့ ယူဆပါတယ်။ အခွင့်အရေး ဆိုတာ သူများပေးမှ ရတာဖြစ်ပြီး၊ အခွင့်အလမ်းကတော့ ကိုယ်တိုင်ဖန်တီးယူလို့ ရတယ်လို့ မှတ်ယူနိုင်ပါတယ်။ လောကကြီးမှာ ရှိတဲ့လူသားတွေ အားလုံး ဘယ်လောက်ပဲ ကံမကောင်းတဲ့သူဖြစ်ပါစေ အခွင့်အရေး တစ်ကြိမ်လောက်တော့ ရနိုင်ပါတယ်။ တစ်ကြိမ်ထက်ပိုရင်လည်း ပိုမယ်၊ လူတိုင်းဟာ ဘဝတစ်လျှောက်လုံးမှာ အနည်းဆုံးတော့ တစ်ကြိမ်လောက် ရနိုင်ပါတယ်။ အဲဒီတစ်ကြိမ်ကို အမိအရ ဖမ်းဆုတ်နိုင်ဖို့ လိုပါတယ်။ အဲဒီလို ဖမ်းဆုပ်နိုင်ဖို့ ဆိုရင် ကိုယ့်က အဆင်သင့်ဖြစ်နေဖို့လိုပါတယ်။ အခွင့်အရေးက ဘယ်အချိန်မှာ ရောက်လာမယ်ဆိုတာ တော့ မသိနိုင်ပေမယ့် ကိုယ့်ဘက်က အမြဲတမ်း ပြင်ဆင်နေဖို့လိုပါတယ်။ အားကစားသမားများလိုပဲ ကစားပွဲရောက်မှ ထပြီးကစားလို့ မရပါဘူး၊ အမြဲတမ်းလေ့ကျင့်နေဖို့ လိုပါတယ်။
          အခွင့်အလမ်းကို ကို ဘယ်လိုဖန်တီးမလဲ ? ဒါကလည်း တကယ်လုပ်နိုင်ရင် တကယ်ဖြစ်ပါတယ်။ ကိုယ်ဘာလုပ်ချင်လဲ သိဖို့လိုပါတယ်။ ကိုယ်လုပ်ချင်တဲ့အလုပ် တနည်းပြောရရင် ကိုယ့်ရပ်တည်ချင်တဲ့ Professional Career ကို လုပ်ငန်းခွင်မဝင်ခင်ကတည်းက ကြိုတင်ရွေးချယ်ထားသင့်ပါတယ်။ ကိုယ့်အနာဂတ်အတွက် မျှော်လင့်ချက်အိမ်မက်ကို တစိုက်တမတ်မတ် ဆက်မက်နေဖို့ လိုပါတယ်။ လေထဲမှာ တိုက်အိမ်ဆောက်လို့ မရဘူးလို့ ပြောကြပေမယ့် ကမ္ဘာပေါ်မှာ ဖြစ်ပေါ်လာတဲ့ တီထွင်ဖန်တီးမှု များအားလုံးဟာ စိတ်ကူးကမှ အစပြုကြတာပါ။ စိတ်ကူးတွင် ပုံဖော် တတ်သော အသိဉာဏ် လို့ ခေါ်နိုင်တဲ့ Spatial Visual Intelligence ကို အခြေခံပညာကျောင်းများ ကတည်းက ပုံဖော် လေ့ကျင့်ပေးဖို့လည်း လိုအပ်ပါတယ်။ စိတ်ကူးတွင် ပုံဖော် တတ်သော အသိဉာဏ် (Spatial Visual Intelligence) အားကောင်းတဲ့ သူတွေက ကြီးကျယ်တဲ့ တီထွင်မှုတွေကို ကမ္ဘာကြီးအတွက် လက်ဆောင်ပေးခဲ့ ကြပါတယ်။
          ကိုယ်ရှင်သန်ရှင်တဲ့ Professional Career ကိုသေသေချာချာ ရင်ထဲမှာ ကိန်းနေပြီဆိုရင် အဲဒီ မျှော်လင့်ချက် အိမ်မက် တကယ် အကောင်အထည် ပေါ်လာဖို့ အတွက် အဲဒီ Career နဲ့ ပတ်သက်တာကိုပဲ လေ့လာဆည်းပူးဖို့လိုပါတယ်။ လုပ်ငန်းခွင်ကို မရောက်ခင်ကတည်းက သေသေချာချာ လေ့လာ ဆည်းပူး လေ့ကျင့်နေဖို့လိုအပ်ပါတယ်။ “ပွဲမဝင်ခင် အပြင်ကကျင်းပ” စကားလိုပဲ လုပ်ငန်းခွင်ရောက်မှ လေ့လာမယ်ဆိုတာထက် လုပ်ငန်းခွင်မရောက်ခင် ကတည်းက ကိုယ်လုပ်ချင်တဲ့ အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင် ဖြစ်အောင်လေ့ကျင့် ထားဖို့လိုပါတယ်။ ဆိုလိုသည်မှာ ဂီတကို စိတ်ဝင်စားတယ် ဆိုရင်လည်း ဂီတနဲ့ ပတ်သက်တဲ့ ကိုယ့်ကြိုက်တဲ့ … ကိုယ့်မှာလည်း Talent ရှိတဲ့ Music Trand ကို သေသေချာချာ ဆက်တိုက် လေ့လာပြီး အမြဲတမ်း လေ့ကျင့်နေဖို့လိုပါတယ်။ ဒီနေ့ခေတ်မှာ အခွင့်အလမ်းတွေ အများကြီးရှိနေပါတယ်။ ဂီတနဲ့ ပတ်သက်တဲ့ လမ်းကြောင်းဆိုရင် အရင်တုန်းက ဆိုကြမယ်၊ ပျော်ကြမယ် တစ်ခုတည်းမှာပဲ ကိုယ့်ရဲ့ Talent ကိုထုတ်ဖော်ခွင့် ရနိုင်ပေမယ့် ခုအချိန်မှာ သံစဉ်များနဲ့ ကမ္ဘာ (Melody World)၊ ဂီတ တံခါးလေးဖွင့်ပါဦး၊ ဆိုလိုက်ကြစို့၊ အိမ်မက်ဆုံရာ စတဲ့ Platform တွေ ပိုများလာနေပါပြီ။
          ကျန်တဲ့ နယ်ပယ်တွေမှာလည်း ဒီအတိုင်းပါပဲ၊ ဆယ်တန်းအောင်ပြီ … ကျောင်းပြီးပြီဆိုတာနဲ့ ခေတ်ကာလ အလိုက် Demand များတဲ့၊ လူပြောများတဲ့ အကြောင်းအရာတွေမှာ အာရုံမများဘဲ ကိုယ်လုပ်ချင်တာကို တစ်စိုက်မတ်မတ် လေ့လာပြီး အဲဒီအလုပ်နဲ့ ပတ်သက်တဲ့ အခွင့်အလမ်းကိုပဲ အမိအရ ဖမ်းဆုတ်နိုင်အောင် ကြိုးစားဖို့လိုပါတယ်။ အရင်တုန်းက ဆယ်တန်းအောင်ပြီဆိုတာနဲ့ R.I.T ကိုပဲ မိဘတွေ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်း၊ ဆွေမျိုးတွေက တက်စေချင်ကြပါတယ်။ ဆေးတက္ကသိုလ် ဆိုလည်း အားလုံးက ဝိုင်းဆေးချင်ကြပါတယ်၊ ဒီလိုပဲ ရေကြောင်း ဆိုတော့လည်း အားလုံးက ရေကြောင်း၊ LCCI ဆိုလည်း အားလုံးက ဝိုင်းပြီး LCCI ချင်ကြပြန်ပါတယ်၊ HR .. MBA … BEST … EPS(TOPIK) … Hotel …  ဆေးဝါးကျွမ်းကျင် စသည် စသည်ဖြင့် ခေတ်ရဲ့ လွှမ်းမိုးမှု၊ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုတွေ ကြောင့် သင်တန်းမျိုးစုံတွေ တက်ပြီး ဘွဲ့တွေ၊ ဒီပလိုမာတွေ၊ Certificate တွေစုဆောင်းရင်းနဲ့ ဟိုဟာလုပ်ရင် ကောင်းနိုးနိုး၊ ဒီဟာလုပ်ရင် ကောင်းနိုးနိုး၊ ဟိုဟာလည်း တတ်သလိုလို၊ ဒီဟာလည်း တတ်သလိုလို၊ နောက်ဆုံးတော့ ဘာမှ သေသေချာချာ ရေရေရာရာ မတတ်ဘဲ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်တတ် ကြပါတယ်။
          ဒီနေရာမှာ ပုံပြင်လေးတစ်ပုဒ်ကို ဥပမာ ပေးချင်ပါတယ်။ တစ်ခါက မြင်းရယ်၊ ငှက်ရယ်၊ ငါးရယ်၊ ဘဲ တစ်ကောင်ရယ် တောအုပ်တစ်အုပ်ထဲမှာ ရှိကြပါတယ်။ အဲဒီအထဲမှာ ဘဲက သူဟာ ပြေးလည်း ပြေးတတ်တယ်၊ ပျံလည်း ပျံနိုင်တယ်၊ ရေးလည်း ကူးနိုင်တယ် ဆိုပြီး ဘက်စုံတတ်တဲ့သူတစ်ယောက် အဖြစ် သူ့ကိုယ်သူ အထင်တွေကြီးနေပါတယ်။ ဒါပေမယ့် ပြေးတော့လည်း မြင်းလောက် မပြေးနိုင်၊ ပျံတော့လည်း ငှက်လောက် မပျံနိုင်၊ ရေးကူးတော့လည်း ငါးလောက် မကျွမ်းကျင် ဘူးလို့ သူ့ကို သူ့သူငယ်ချင်းတွေက ပြောကြတယ်။ ဘက်စုံသိတယ်ဆိုတာ ကောင်းပါတယ်၊ ဒါပေမယ့် တစ်ခုခုကိုတော့ ကျွမ်းကျင်ဖို့ လိုပါတယ်။ ဗဟုသုတ အတွက် အရာရာကို သိအောင် လေ့လာရမှာ မှန်ပါတယ်၊ အသုံးချဖို့ အတွက်တော့ တစ်ခုခုကို သေသေချာချာ တတ်ကျွမ်းကျင်အောင် ပြင်ဆင်ထားရပါမယ်။ အဲဒါဆိုရင် ကိုယ်ကျွမ်းကျင်တဲ့ အချိန်မှာ ကိုယ့်တတ်ကျွမ်းကျင်တဲ့ ပညာရပ်အတွက် အခွင့်အလမ်းဆိုတာ သေချာပေါက် ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာပါလိမ့်မယ် …။ အခွင့်အလမ်းကို အမိအရ ဖမ်းဆုပ်နိုင်ဖို့ ဆိုရင် အဆင်သင့် ဖြစ်နေဖို့လိုပါတယ်။
“လူငယ်တိုင်း အခွင့်အလမ်းကို ကိုယ်တိုင် ဖန်တီးနိုင်ကြပါစေ …”
အောင်ကိုဦး (UMK)

Be the Best !
Share on Google Plus

About Aung Ko Oo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

1 comments: